ကချင်စစ်ဘေးရှောင် စခန်းတချို့မှာ ရိက္ခာပြတ်လို့ ဝေငှစားနေရ

ဓာတ်ပုံ ရင်းမြစ်, Zinghtung Yawng Htang
ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တွင်းက စစ်ဖြစ်ပွားရာ နေရာဒေသကနေ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒုက္ခသည် စခန်းတချို့မှာ ဆန်ရိက္ခာတွေ ပြတ်လပ်သွားတာ လနဲ့ချီကြာပြီလို့ ဒုက္ခသည် စခန်းက တာဝန်ခံတွေက ဘီဘီစီကို ပြောပါတယ်။
ဝိုင်းမော်မြို့နယ်ထဲက ဝေကျိုင်ဒုက္ခသည် စခန်းတာဝန်ခံ ကိုခွန်အောင်က "အရင်က တရုတ်ပြည်ဘက်ကနေ လှူတဲ့ ဆန်တွေကို သယ်လေ့ရှိတယ်။ အောက်တိုဘာလက စပြီး မကျော်ခိုင်းတော့ဘူး။ တရုတ်ပြည်ဘက်က အရာရှိတွေကို အရင်က ပြောလို့ရတယ် ခုလုံးဝပိတ်လိုက်တာ။ သယ်လာတဲ့ကား ငါးစီးကို အောက်တိုဘာလတုန်းက ဖမ်းတယ် " လို့ဆိုပါတယ်။
ဝေကျိုင်ဒုက္ခသည် စခန်းမှာ အခုဆိုရင် ဆန်ပြတ်လပ်တာ သုံးလနီးနီးရှိနေပြီဖြစ်ပြီး အလှူရှင်အဖွဲ့အစည်းတွေက လှူတဲ့ ဆန်အိတ်မှာလဲ ခုနှစ်ထောင်မှာ လေးထောင်ကျော်ပဲ ဒုက္ခသည် စခန်းကို ရောက်သေးတယ်လို့ ကိုခွန်အောင်က ပြောပြပါတယ်။
လက်ရှိ အခြေအနေမှာ တစ်အိမ်ထောင်ကို နှစ်ရက်မှာ နို့ဆီဘူး လေးဘူးစာပဲ ထုတ်ပေးကာ ဝေခြမ်းစားသောက်နေရပြီး ရေရှည်မှာတော့ ဆန်ပြတ်လပ်မှာ စိုးရိမ်နေကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Zinghtung Yawng Htang
ဝေကျိုင်ဒုက္ခသည်စခန်းမှာ လူဦးရေ သုံးထောင်ကျော်ရှိပြီး အမျိုးသမီးနဲ့ ကလေးသူငယ်တွေက ပိုများတယ်လို့ ဆိုပါတယ်။
ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းက တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒုက္ခသည်တွေဟာ ဆောင်းရာသီရောက်ပြီဖြစ်တာကြောင့် အနွေးအထည် ဆေးဝါးနဲ့ စားနပ်ရိက္ခာတွေ ပြတ်လပ်မှာ စိုးရိမ်နေကြပါတယ်။
အထူးသဖြင့် ကေအိုင်အိုထိန်းချုပ်ရာနယ်မြေထဲက စစ်ဘေးရှောင်စခန်းတွေဆီကို စစ်ဘေးရှောင်ကူညီရေး အဖွဲ့တွေက ရိက္ခာပေးပို့ရာမှာ ဒီလပိုင်းအတွင်း တရုတ်နိုင်ငံဘက်က စစ်ရေးလေ့ကျင့်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ပိုမိုတင်းကျပ် ပိတ်ပင်လိုက်တာကြောင့် အခုလို ရိက္ခာပြတ်လပ်တာနဲ့ ကြုံနေရတာ ဖြစ်ပါတယ်။
အစိုးရနဲ့နီးစပ်တဲ့စခန်းတွေမှာတော့ အနွေးထည်တွေနဲ့ စောင်တွေ အနည်းငယ်လိုအပ်နေတာကလွဲရင် နိုင်ငံတကာကူညီထောက်ပံ့ရေးတွေရဲ့ အကူအညီတွေရသေးတဲ့အတွက် အဆင်ပြေသေးတယ်လို့ ဒေါက်တာခလမ်ဆမ်ဆွန်က ပြောပါတယ်။
ဒါပေမဲ့ အစိုးရထိန်းချုပ်ရာနယ်မြေမဟုတ်တဲ့ဘက်တွေ အထူးသဖြင့် တရုတ်-မြန်မာနယ်စပ်က စစ်ရှောင်စခန်းတွေကို ကြားခံကုန်သည်တွေကတဆင့် ပေးပို့ရတယ်လို့ စစ်ဘေးရှောင်တွေကို အကူအညီပေးနေတဲ့ဒေါ်ဂျာနူးက ပြောပါတယ်။
သူက "ပိတ်တာကတော့ အမြဲပိတ်နေတာပါ။ တရုတ်ပြည်ဘက်ကလည်း အမြဲတမ်း ပိတ်တယ်။ ကျွန်မတို့ကတော့ အစားအသောက်ပို့မယ်ဆိုရင် ကုန်သည်တွေကိုပဲ အပ်လိုက်တယ်။ ပို့ချင်တဲ့ စခန်းတွေကို ရောက်ဖို့ ၊ အခုနောက်ပိုင်းတော့ KBC က အဓိက ပြန်ဝေနေပါတယ်။ သူတို့လည်း နည်းလမ်းရှာရတာပါပဲ " လို့ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Zinghtung Yawng Htang
မြန်မာနိုင်ငံမှာ ၂၀၁၁ ဇွန်လ (၉) ရက်နေ့က စတင်တဲ့ တစ်ကျော့ပြန်တိုက်ပွဲတွေကြောင့် စစ်ပြေးဒုက္ခသည် (၁၂၀,၀၀၀)ကျော် ၊ စစ်ပွဲအတွင်းကျေးရွာပေါင်း (၃၆၇)ရွာ၊ လူနေအိမ်ခြေပေါင်း (၁၅,၀၀၀)နီးပါး၊ ဘာသာရေးအဆောက်အဦးတွေအနေနဲ့ ခရစ်ယာန်ဘုရားရှိခိုးကျောင်း (၂၇၂) ကျောင်း ပျက်စီးခဲ့တယ်လို့ KBC ရဲ့စာရင်းတွေအရ သိရပါတယ်။








