ပန်ဒေါင်းကျေးရွာကို ရွာသားတွေ စွန့်ခွာပြေးတာ အခုဆို ၇ နှစ်ရှိပါပြီ

ဓာတ်ပုံ ရင်းမြစ်, Zinghtung Yawng Htang
အစိုးရတပ်မတော်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တို့အကြား တကျော့ပြန် တိုက်ပွဲတွေကြောင့် စွန့်ခွာခဲ့ရတဲ့ ပန်ဒေါင်းကျေးရွာ (Ban Dawng ) မြင်ကွင်းပါ။
ရွာသားတွေ စွန့်ခွာပြေးရတဲ့ ဒီပန်ဒေါင်း ကျေးရွာဟာ ဝိုင်းမော်မြို့နယ်ထဲမှာ တည်ရှိပြီး အိမ်ခြေ (၇၀၀) လောက်ရှိခဲ့တယ်လို့ ပန်ဒေါင်းကျေးရွာရဲ့ နှစ်ခြင်းခရစ်ယာန်ကျောင်း ဆရာတော် Jang Maw Tang Ji က ဘီဘီစီကို ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Zinghtung Yawng Htang
ရွာသားတွေဟာ စစ်ပွဲတွေ ပြန်စတဲ့ ၂၀၁၁ ခုနှစ် သြဂုတ်လလောက်ကတည်းက ထွက်ပြေး တိမ်းရှောင်နေရတာဖြစ်ပြီးတော့ ရွာကို ပြန်မရောက်တာ အခုဆိုရင် ခုနှစ်နှစ်ကျော်ရှိနေပြီဖြစ်တာကြောင့် ပြန်လာချင်ကြတယ်လို့ ဆရာတော်က ပြောပြပါတယ်။
သူက "ကိုယ့်အရပ်ဒေသကို ပြန်လာချင်တာကတော့ ပြောမပြတတ်အောင်ပါပဲ ပြန်ချင်ကြတာပေါ့ ။ ဒီစစ်ရှောင်စခန်းတွေက အခန်းလည်းကျဉ်းတယ် နေရထိုင်ရ စားရသောက်ရတာလည်း အဆင်မပြေဘူး။" လို့ ရင်ဖွင့်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Zinghtung Yawng Htang
ရွာသားတွေဟာ အခုချိန်မှာတော့ KIO ထိန်းချုပ်နယ်မြေ လိုင်ဇာဘက်က စစ်ရှောင်စခန်းတွေမှာ သွားရောက်နေထိုင်နေရပြီး ၊ ရွာနားမှာတော့ အစိုးရတပ်မတော်က တပ်တခု တပ်စွဲထားတာကြောင့် မပြန်ရဲဘူးလို့ ဆရာတော်က ဆိုပါတယ်။
ရွာသားတချို့ကတော့ နန်ဆန်ချောင်းဘေး နှစ်ဖာလုံလောက်မှာ နေထိုင်ရင်း တရုတ်က လာလုပ်တဲ့ ငှက်ပျောခြံတွေမှာ အလုပ်လုပ်ကိုင်နေရတာတွေလည်း ရှိတယ်လို့ သူက ပြောပြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Zinghtung Yawng Htang
၂၀၁၁ ခုနှစ် ဇွန်လ (၉)ရက်နေ့က စတင်ခဲ့တဲ့ တကျော့ပြန် တိုက်ပွဲတွေကြောင့် စစ်ပြေးဒုက္ခသည် ၁၂၀,၀၀၀ ကျော် ၊ စစ်ပွဲအတွင်း ကျေးရွာပေါင်း (၃၆၇)ရွာ၊ လူနေအိမ်ခြေ (၁၅,၀၀၀) နီးပါးနဲ့ ဘာသာရေး အဆောက်အဦးတွေ အပါအ၀င် ခရစ်ယာန် ဘုရားရှိခိုးကျောင်း (၂၇၂) ကျောင်း ပျက်စီးခဲ့ရတယ်လို့ ကချင်နှစ်ခြင်းခရစ်ယာန်အသင်းချုပ် (KBC) ရဲ့ စာရင်းအရ သိရပါတယ်။





