ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဖားကန့်မှာ ကျောက်စိမ်းတွင်းလုပ်ကွက် လုံခြုံရေးရဲ ပစ်ခတ်မှုကြောင့် ရေမဆေးသမားတစ်ဦးသေဆုံး
ဖားကန့်မြို့နယ်၊ လုံးခင်းအုပ်စု၊ ဆန်ခါကျေးရွာ ငိုးပင်းမှော်ဒေသရှိ ကျောက်စိမ်းတူးဖော်ရေး ကုမ္ပဏီတခုရဲ့ မြေစာပုံမှာ ဒီကနေ့ မနက်ပိုင်းက လုပ်ကွက်လုံခြုံရေး ယူထားတဲ့ ရဲတပ်ဖွဲ့ဝင်တွေရဲ့ ပစ်ခတ်မှုကြောင့် ရေမဆေးကျောက် ရှာဖွေသူတစ်ဦး သေနတ်ထိမှန် သေဆုံးခဲ့ပါတယ်။
ရေမဆေးကျောက် ရှာဖွေသူတွေဟာ အဆိုပါ ကုမ္ပဏီလုပ်ကွက် အတွင်းကို ဝင်ရောက်ပြီး ကျောက် ဝင်ရောက်ရှာဖွေရာမှာ ကုမ္ပဏီပိုင် လုပ်ငန်းခွင်သုံး မော်တော်ယာဉ်တွေနဲ့ လုပ်ကွက်အတွင်း လမ်းကြုံ လိုက်ကြရာကနေ ယာဉ်မောင်းနဲ့ ရေမဆေးကျောက် ရှာသူတွေအကြား စကားများရန်ဖြစ်ရာက ယာဉ်တချို့နဲ့ ဘတ်ဟိုးယာဉ်တွေကိုပါ ရိုက်ခွဲဖျက်ဆီးပြီး ဆိုင်ကယ်ကိုပါ မီးရှို့လို့ လုံခြုံရေး ရဲတပ်ဖွဲ့ တွေကနေ တားဆီး ခြောက်လှန့်ပစ်ခတ်ရာက ရေမဆေးသမား တစ်ဦး သေနတ်ထိမှန် သေဆုံးရတာလို့ အခင်းဖြစ်ရာ နေရာကို ရောက်ရှိနေသူ တစ်ဦးက ပြောပါတယ်။
" အခင်းဖြစ်ချိန်က ရေမဆေးကြောက် ရှာသူတွေက များတယ်။ ရုန်းရင်းဆန်ခတ် ဖြစ်သူတွေရော၊ ရပ်ကြည့်နေသူတွေရောပဲ၊ အခုသေသွားတဲ့ ကောင်လေးက လွန်ခဲ့တဲ့ ၂ လ ကမှ လာလုပ်တာလို့ ကြားတယ်။ ကျည်က သူ့နောက်စေ့ကနေ ဖောက်ဝင်သွားတာ၊ ဆေးရုံကို ပို့ပေမယ့် မရတော့တာ" လို့ သူက ဆိုပါတယ်။
လုံခြုံရေးရဲတပ်ဖွဲ့က ပစ်ခတ်လို့ သေဆုံးသူဟာ ရေမဆေးကျောက်ရှာဖွေသူဟာ အသက် ၂၅ နှစ် အရွယ် မောင်ကျော်ဇင်ဖြိုး ဆိုသူ ဖြစ်ပြီး မိုးကောင်းမြို့နယ် နမ္မနကျေးရွာက လာရောက်လုပ်ကိုင်တာလို့ ဆိုပါတယ်။
အဲဒီဒေသတွေမှာ တရားဝင်တူးဖော်ခွင့်ရထားတဲ့ ကုမ္ပဏီတွေရဲ့ လုပ်ကွက်တွေထဲမှာ ရေမဆေးကျောက် ရှာဖွေသူတွေကို သက်ဆိုင်ရာ ဒေသအာဏာပိုင်တွေနဲ့ ကုမ္ပဏီက တာဝန်ရှိသူတွေက ၂၀၁၅ - ၂၀၁၆ ခုနှစ်ကလောက် စတင်ပြီး အချိန်ပိုင်းနဲ့ ဝင်ရောက်ရှာဖွေခွင့် ပေးခဲ့ပြီး အခုလို ဖြစ်စဉ်မျိုး မကြာမကြာ ဖြစ်လေ့ ရှိတယ်လို့ ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင့်စိုးက ပြောပါတယ်။
" ရေးမဆေးကျောက်ရှာသူတွေက တနိုင်ငံလုံးကရောက်လာကြသူတွေ၊ စရိုက်ပေါင်းစုံလည်းစုံတယ်။ ထစ်ခနဲရှိ ရိုက်တတ်ခွဲတတ်တော့ အင်မတန်မှ ထိန်းရခက်တယ်။ ဒီနေရာကလည်း အမဲရောင်နယ်မြေ၊ လုံခြုံရေးတွေကလည်း ရာဘာကျည် မဟုတ်တဲ့ တကယ့်လက်နက်တွေ ကိုင်ထားကြတာ၊ ရေမဆေးတွေဘက်ကလည်း သူတို့ကျောက်ရတဲ့အခါ ရဲတွေကို အစုပေးရတယ်၊ မဟုတ်ရင် ဖမ်းဆီးတယ် ကြားတယ်။ ကျွန်တော်ဆီလည်း ဒီကိစ္စနဲ့ ပတ်သတ်လို့ တိုင်ထားတာတွေ ရှိတယ်။ ရဲတွေမှာလည်း အကျင့်ပျက် ခြစားတာတွေ ရှိနေတော့ သူတို့တွေ ထိပ်တိုက်တွေ့ရင် နဂိုရှိနေတဲ့ အကျိတ်အခဲတွေကို ဆွသလိုဖြစ်ပြီး ခုလိုအခြေအနေထိ ဖြစ်လာတယ်" လို့ ဦးတင့်စိုးက ပြောပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၄ ရက် က လည်း ဖားကန့်မြို့နယ် ဆိပ်မူရွာအုပ်စု၊ ဝှေခါကျေးရွာ အတွင်းမှာရှိတဲ့ ရတနာကြယ်ကုမ္ပဏီရဲ့ ကျောက်စိမ်း တူး ဖော်ရေး လုပ်ကွက်အတွင်းမှာ လုံခြုံရေးယူထားတဲ့ တပ်မတော်သား တချို့က သေနတ်နဲ့ ပစ်ခတ်ခဲ့လို့ ရေမဆေးရှာသူတွေထဲက တဦး သေနတ်ထိမှန်ပြီး သေဆုံးသွား ခဲ့ပါတယ်။
အခင်းဖြစ်ပွား အပြီးမှာ လူစုကွဲသွားပြီး လက်ရှိအချိန်မှာတော့ ရေးမဆေးကျောက် ဆက်လက်ရှာသူတွေက လုပ်ငန်းခွင် ပြန်ဝင်လုပ်ကြတယ်လို့ ဆိုပါတယ်။
ဖားကန့်ဒေသမှာ အခုလို မကြာခဏ လူသေဆုံးတဲ့အထိ ဖြစ်နေရတာဟာ ကချင်ပြည်နယ် အတွင်းက ဗန်းမော်၊ တနိုင်း စတဲ့ ဒေသအသီးသီးမှာ ရွှေ သတ္တု ၊ ပယင်း တူးဖော်တဲ့ တပိုင်တနိုင် လုပ်ကွက်တွေကို လုံခြုံရေး အခြေအနေအရ ခွင့်ပြုမပေးနိုင်ဘဲ ပိတ်ပင်ထားပြီးနောက်ပိုင်း ဖားကန့်ဒေသမှာ ရေမဆေးသမားတွေ ပြုံဆင်းလာလို့ အရင်ထက် ပဋိပက္ခ ထိပ်တိုက်တွေ့မှုတွေ ပိုမို များပြားလာတယ်လို့ ဖားကန့်ဒေသခံတွေက ပြောပါတယ်။