ရခိုင်ဒုက္ခသည်စခန်းတွေက မွတ်ဆလင်တွေ ဘာကြောင့် လှေစီးပြီး ခိုးထွက်နေကြတာလဲ

နိုဝင်ဘာလထဲမှာ ရခိုင်ပြည်နယ် ဒုက္ခသည် စခန်းတွေကနေ ရေကြောင်းခရီးနဲ့ ထွက်ပြေးခဲ့ကြတဲ့ မွတ်ဆလင်ဒုက္ခသည်တွေကို ဖမ်းမိခဲ့တ ၂ ကြိမ် ရှိလာပြီ ဖြစ်ပါတယ်။

နိုဝင်ဘာ၂၅ ရက်နေ့ညက တနင်္သာရီတိုင်း လောင်းလုံမြို့နယ်ထဲက ကမ်းရိုးတန်းတစ်ခုမှာ မွတ်ဆလင် ဒုက္ခသည် ၉၀ ကျော်ပါတဲ့ လှေတစ်စီးကို မြန်မာ့တပ်မတော်(ရေ)က တွေ့ရှိလို့ ထိန်းသိမ်းထားလိုက်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၆ရက်နေ့ကလည်း ရန်ကုန်တိုင်း၊ ကျောက်တန်းမြို့နယ်အနီးမှာ လှေတစ်စီးနဲ့ ရောက်ရှိ လာတဲ့ မွတ်ဆလင်ဒုက္ခသည် ၁၀၀ ကျော်ကို စစ်တွေမြို့က ဒုက္ခသည်စခန်းကို တပ်မတော် (ရေ ) ရဲ့ ရေယာဉ်နဲ့ ပြန်ပို့ခဲ့ရတဲ့ ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့ပါတယ်။

လောင်းလုံမှာတွေ့ခဲ့တဲ့ မွတ်ဆလင်ဒုက္ခသည်တွေဟာ ဘယ်ကလဲဆိုတာကို အစိုးရဘက်က တရားဝင် ထုတ်ပြန်တာမျိုးမရှိသေးပေမယ့် ဒီလူတွေဟာ ရခိုင်မှာရှိတဲ့ ဒါးပိုင်၊ သက်ကယ်ပြင် စတဲ့ မွတ်ဆလင်ဒုက္ခသည် စခန်းတွေကဖြစ်တယ်လို့ ထွက်ခွာသွားသူတွေရဲ့ဆွေမျိုးတွေက တဆင့်သိရတယ်လို့ ဒါးပိုင်ဒုက္ခသည် စခန်းက ဒုက္ခသည် တစ်ဦးက ဘီဘီစီကိုပြောပါတယ်။

ဒုက္ခသည်စခန်းကနေ ဘာကြောင့် ထွက်ပြေးနေလဲ

ဒုက္ခသည်စခန်းတွေကနေ အခုလို လှေစီးခိုးထွက်နေကြတာဟာ စခန်းတွေမှာနေရတာ အခက်အခဲတွေ ရှိနေလို့ဖြစ်တယ်လို့ ရခိုင်မှာရှိတဲ့ မွတ်ဆလင်ဒုက္ခသည်တချို့ကပြောပါတယ်။

''မြန်မာအစိုးရက ကျွန်တော်တို့ကို ၇ နှစ် တိတိပေါ့၊ ဒီဒုက္ခသည်စခန်းမှာ လှောင်ထားတယ်၊ ကျွန်တော်တို့ ရိုဟင်ဂျာလူမျိုးတွေဟာ ဘာမှထွက်ခွင့် မရှိဘူး၊ ဘာမှလည်း အလုပ်မရှိဘူး၊ စားတဲ့သောက်တဲ့ အင်မတန်မှ ဒုက္ခရောက်တယ်" လို့ ဒါးပိန်ဒုက္ခသည်စခန်းက အမည်မဖော်လိုတဲ့ ရိုဟင်ဂျာလူငယ်တစ်ဦးက ဘီဘီစီကိုပြောပါတယ်။

ဒုက္ခသည်စခန်းတွေမှာ အပြင်ထွက်ခွင့်ကို တင်းကျပ်ထားတဲ့ကြားက လူအစုလိုက် လှေနဲ့ခိုးထွက် လို့ ရနေတာဟာ အာဏာပိုင်ဘက်ကပါသလို ပွဲစားတွေနဲ့အဆင့်ဆင့် လာဘ်စားမှုတွေရှိနေတ ကြောင့်လို့လည်း သူက ပြောပါတယ်။

''ကုန်ကျစရိတ်က လူတစ်ယောက်ကို ၇ သိန်းနဲ့ ၁၀သိန်းကြားမှာရှိတယ်၊ ဒေသခံဆိုရင် မြေကွက် ရောင်းတယ်။ WFP (ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့) ရဲ့ စားနပ်ရိက္ခာရတဲ့သူတွေက စားနပ်ရိက္ခာစာအုပ်ကို လေးသိန်း၊ ငါးသိန်းရတယ် ပေါင်ပြီးတော့ သွားကြတာပါ'' လို့ စခန်းကနေ လှေစီးထွက်ခွာကြတဲ့ အခြေအနေနဲ့ ပတ်သက်ပြီးတော့ အဲဒီ ဒုက္ခသည်လူငယ်က ဘီဘီစီကို ပြောပြပါတယ်။

ပင်လယ်ပြင်ကို အခုလို လှေတွေနဲ့ထွက်ခွာနေကြတာဟာ အန္တရာယ်များတယ်ဆိုပေမယ့်လည်း တကယ်လို့ အသက်ရှင်မယ်ဆိုလို့ရှိရင် ဘဝက သာယာလှပသွားမယ် ဆိုတဲ့ အယူအဆနဲ့ သွားနေကြတာလို့လည်း ဒုက္ခသည်တွေရဲ့ ခံယူချက်ကို အဲဒီလူငယ်က ရှင်းပြပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်ဦးဆောင်တဲ့ ရခိုင်အကြံပေး ကော်မရှင်ရဲ့ အကြံပြုချက်တွေထဲမှာ မွတ်ဆလင် ဒုက္ခသည်စခန်းထဲက နေထိုင်သူတွေ လိုလားချက်အတိုင်း ဒုက္ခသည်စခန်းတွေ ပိတ်သိမ်းပြီး သူတို့ရဲ့ မူလဒေသတွေမှာ ပြန်လည် နေရာပေးဖို့နဲ့ လွတ်လွတ်လပ်လပ် သွားလာခွင့်ပေးဖို့ အပြင် သူတို့ရဲ့ လူမှုစီးပွား ဘဝတွေ မြှင့်တင်ပေးဖို့တွေ ပါဝင်ပါတယ်။

လှေစီးထွက်ပြေးခဲ့တဲ့ ဒုက္ခသည်တွေနေထိုင်နေတဲ့ ဒီဒုက္ခသည်စခန်းတွေဟာ ၂၀၁၂ ခုနှစ် ဦးသိန်းစိန် အစိုးရလက်ထက်ကတည်းက ဖွင့်လှစ်ထားခဲ့တဲ့ ဒုက္ခသည်စခန်းတွေဖြစ်ပါတယ်။