ရိုဟင်ဂျာတွေ ဘာလို့ပြန်မလာသလဲ၊ ဘင်္ဂလားဒေ့ရှ်ဘက်အခြေအနေ

ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရောက်နေတဲ့ ရိုဟင်ဂျာမွတ်ဆလင်တွေရဲ့ ပထမအသုတ်ကို ဒီနေ့ပြန်ပို့မယ့်အစီအစဉ်ဟာ အကောင်အထည်ပေါ်မလာခဲ့ပါဘူး။ ဘာ့ကြောင့် အခုလို ဆိုင်းငံ့သွားရသလဲ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်းမှာတော့ ရိုဟင်ဂျာတွေဟာ ပြန်မလာကြတဲ့အပြင် ဆန္ဒပြနေကြပါတယ်။

ရိုဟင်ဂျာ အမျိုးသားတယောက်ဖြစ်တဲ့ ကာလီမူလာက

"ကျွန်တော်တို့ မပြန်ချင်ဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့မှာ နိုင်ငံသားအခွင့်အရေးမရှိလို့။ သူတို့က ကျွန်တော်တို့ မြေနေရာတွေကိုလည်း ပြန်မပေးဘူးလို့ပြောတယ်။ သူတို့က ကျွန်တော်တို့ကို ဒုက္ခသည်စခန်းထဲ ထည့်ထားမှာ။ အစိုးရက ပြန်သွားမယ့်စာရင်းထဲ ကျွန်တော့်နာမည်ထည့်ထားတော့ ကျွန်တော်ကြောက်လို့ ကျွန်တော်နေတဲ့ ဂျမ်တာလီ စခန်းကထွက်သွားပြီး ဘလုခါလီမှာ သွားပုန်းနေလိုက်တယ်။ ကျွန်တော်တို့ အခွင့်အရေးတွေပြန်လိုချင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ပြန်ရမှာ ကြောက်တယ်"

လို့ပြောပါတယ်။ ရိုဟင်ဂျာအမျိုးသမီး ရှာကီနာကလည်း

"ကျွန်မတို့လိုချင်တဲ့ အခွင့်အရေးတွေရရင် ကျွန်မတို့ပျော်ပျော်ကြီးပြန်မှာပေါ့။ ခုတော့ မသွားနိုင်သေးပါဘူး။ သူတို့က ကျွန်မတို့ကို အများကြီးနှိပ်စက်ခဲ့တာကို ဘယ်လိုစကားလုံးနဲ့ ပြန်ရှင်းပြရမှန်းတောင်မသိဘူး။ ကျွန်မတို့ အများကြီး ဒုက္ခရောက်ခဲ့ကြတယ်။ ပြန်သွားရင် အဲဒါမျိုးထပ်ဖြစ်ဦးမှာပဲ။ ဒီတော့ ကျွန်မတို့သွားသင့်သလား။ မြန်မာပြည်က ဒုက္ခသည်စခန်းထဲ နေရမှာထက်စာရင် ဘင်္ဂလားဒေ့ရှ်မှာ အဆိပ်သောက်သေ လိုက်တာကမှ ကောင်းဦးမယ်" လို့ဆိုပါတယ်။

သူတို့က ပြန်ရမှာစိုးရိမ်နေကြတာပါ။ သူတို့ကို ဖိအားပေးပြီး အတင်းပြန်လွှတ်မှာစိုးလို့ ရာနဲ့ချီတဲ့ ရိုဟင်ဂျာတွေက ဘင်္ဂလားဒေ့ရှ်ဘက် အခြမ်းမှာ ဆန္ဒပြခဲ့ကြတာပါ။

ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေကလည်း ဒုက္ခသည်တွေကို ပြန်ပို့ဖို့ ဒီနေ့ နာရီများစွာ စောင့်ဆိုင်းနေပေမယ့် တယောက်မှ ပေါ်မလာကြပါဘူးလို့ ဆိုပါတယ်။

အခုပြန်ပို့ရေးကို တာဝန်ခံကြီးကြပ်နေတဲ့ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်ဆိုင်ရာ ကော်မရှင်နာ မိုဟမ်မက် အဘူ ကာလမ်က "သူတို့ဘက်က အားလုံး အဆင်သင့်ပြင် ထားပါတယ်၊ ဒါပေမယ့် မသွားချင်တဲ့သူတွေကိုတော့ ဇွတ်အတင်းမပို့ပါဘူး" လို့ ဆိုပါတယ်။ "ဒီနေ့သူတို့စောင့်နေခဲ့ပေမယ့် ကိုယ့်သဘောနဲ့ ကိုယ်စိတ်ချလက်ချသွားချင်တဲ့သူ တယောက်မှ ပေါ်မလာဘူး"လို့ ပြောပါတယ်။

ပြန်ပို့ဖို့ စာရင်းထဲပါတဲ့သူတွေကို ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီ UNHCR ကလူကိုယ်တိုင် တွေ့ဆုံမေးမြန်းခဲ့ပါတယ်။ အဲသလိုမေးတဲ့အခါ လုံခြုံစိတ်ချမယ်လို့ ထင်ပါတယ်၊ ပြန်ချင်ပါတယ်လို့ ကိုယ့်သဘောနဲ့ကိုယ် ပြောတဲ့သူ တယောက်မှ မရှိဘူးလို့ဆိုပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ ရာဗီနာ ရှမ်ဒါဆာနီကလည်း အခု သူတို့ကို လုံခြုံရေး တာဝန်ယူစောင့်ရှောက်မယ့် စစ်သားတွေရဲတွေဟာ အရင်လူတွေပဲဆိုရင် သူတို့အတွက် ဘယ်လိုလုပ်လုံခြုံမှာလဲ လို့ ထောက်ပြ ပြောဆိုပါတယ်။

"နိုင်ငံတကာ ဥပဒေနဲ့ ကြည့်ရင် အဆိုးဝါးဆုံးပြစ်မှုတွေဖြစ်တဲ့ ရိုဟင်ဂျာတွေအပေါ်ကျူးလွန်ခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ အကြောင်းကို ကျွန်မတို့ပြောနေတာပါ။ လူ့အများအပြားအပေါ် ကျူးလွန်တဲ့ လူမဆန်တဲ့ ရာဇဝတ်မှုတွေ၊ လူမျိုးတုံး သတ်ဖြတ်မှုတောင် မြောက်ချင်မြောက်နိုင်တဲ့ ရာဇဝတ်မှုတွေ ပါနေပါတယ်။ အဲဒါတွေကို ဘာမှ အရေးယူဆောင်ရွက်တာမရှိသေးပါဘူး။ ဒီဗိုလ်ချုပ်တွေပဲ လက်ရှိ ရှိနေပါသေးတယ်။ အခုသူတို့ကို လုံခြုံရေးပေးမယ့်စစ်သားတွေဟာ လည်း အရင်သတ်ဖြတ်ခဲ့တဲ့ စစ်သားတွေပဲဖြစ်လိမ့်မယ်လို့ ယူဆစရာရှိပါတယ်" လို့ဆိုပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မရှင်ရဲ့ အကြီးအကဲ မစ်ချဲ ဘတ်ချ်လက်ကလည်း အခုပြန်ပို့မယ့်အစီအစဉ်ကို ဆိုင်းငံ့ဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရကို တိုက်တွန်းခဲ့ပါတယ်။ သူတို့ကို အခုလို ပြန်ပို့လိုက်ရင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ တကျော့ပြန်သံသရာလည်လာဦးမှာပဲလို့ ဆိုပါတယ်။ သူတို့အနေနဲ့ ဆယ်စုနှစ်ပေါင်းများစွာ ခံစားခဲ့ရတဲ့ နဂိုအခြေအနေဆီ ပြန်ဆိုက်ရောက်သွားမှာပဲလို့ ဆိုပါတယ်။

အေအက်ဖ်ပီ သတင်းဌာနကတွေ့ခဲ့ရတဲ့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာအေဂျင်စီက စာရွက်စာတမ်းတွေထဲမှာလည်း ဒုက္ခသည်တွေကို သူတို့မူရင်းရွာတွေမှာ ပြန်လည်နေထိုင်ခွင့်ပြုမှသာ အကူအညီအထောက်အပံ့တွေ ပေးမယ်လို့ ဆိုထားတာတွေ့ရပါတယ်။

နိုင်ငံတကာ ပဋိပက္ခဖြေရှင်းရေးအဖွဲ့ အိုင်စီဂျီကလည်း ပြန်ပို့ရေးကို ဆိုင်းငံ့ဖို့ ပန်ကြားပါတယ်။ ရိုဟင်ဂျာတွေရဲ့ လုံခြုံရေးကို အာမခံချက်ရှိ အောင် အရင်ဆောင်ရွက်ပြီး ဂုဏ်သိက္ခာရှိရှိ အိမ်ပြန်နိုင်တဲ့ အခြေအနေ ရောက်မှသာ ပြန်ပို့သင့်တယ်လို့ ဆိုပါတယ်။

HRW လူ့အခွင့်အရေးစောင့်ကြည့် အဖွဲ့နဲ့ နိုင်ငံတကာ လွတ်ငြိမ်ချမ်းသာခွင့်အဖွဲ့ AI တို့ကလည်း အလားတူပဲ ပြန်ပို့ရေးကို ဆိုင်းငံထားဖို့ တိုက်တွန်းပြောဆိုနေကြပါတယ်။