ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဝေဖန်သံတွေ ထွက်နေတဲ့ ကျောက်ဖြူ အထူး စီးပွားရေး စီမံကိန်းဇုန် သဘောတူထားချက် တရုတ်ကုမ္ပဏီနဲ့ မြန်မာ ပြင်ဆင် ချုပ်ဆို
ရခိုင်ပြည်နယ် ကျောက်ဖြူ အထူး စီးပွားရေးဇုန် စီမံကိန်းနဲ့ ပတ်သက်လို့ မြန်မာအစိုးရက တရုတ် ကုမ္ပဏီ တခုနဲ့ ကနဦး သဘောတူထားတာထက် ရင်းနှီးမြှုပ်နှံမှု ရာခိုင်နှုန်း ပိုတိုးပြီး သဘောတူစာချုပ် ပြင်ဆင် လက်မှတ် ရေးထိုး လိုက်ပါတယ်။
ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်းဟာ ပြီးခဲ့တဲ့ အစိုးရ လက်ထက် စီမံကိန်း တင်ဒါ ခေါ်တုန်းက တင်ဒါ အောင်တဲ့ China International Trust and Investment Corporation (CITIC) တရုတ်ကုမ္ပဏီဘက်က ရှယ်ယာ ၈၅ %၊ မြန်မာအစိုးရဘက်က ၁၅ % ပဲ ရမယ်လို့ သဘောတူထားခဲ့တာပါ။
ဒီသဘောတူချက်အရဆိုရင် ဒီစီမံကိန်းမှာ မြန်မာဘက်က အကျိုးအမြတ် ရတာ နည်းလွန်းတယ်ဆိုပြီး ဝေဖန်သံတွေ ထွက်နေခဲ့တာပါ။
အခုတော့ တရုတ်ကုမ္ပဏီက ၇၀ % ၊ မြန်မာဘက်က ၃၀ % ဆိုပြီး CITIC တရုတ်ကုမ္ပဏီ နဲ့ မြန်မာအစိုးရရဲ့ ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီတို့ နိုဝင်ဘာလ ၈ရက်နေ့မှာ တရားဝင် သဘောတူ လက်မှတ် ရေးထိုးလိုက်တာ ဖြစ်ပါတယ်။
စီမံကိန်းကို အဆင့် ၄ ဆင့် ထားပြီး အကောင်အထည် ဖော်သွားမယ်လို့ CITIC တရုတ် ကုမ္ပဏီ လီမိတက်ရဲ့ မန်နေဂျင်း ဒါရိုက်တာ မစ္စတာ ယွမ်ရှောင်လျန် က သတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။
အထူး စီးပွားရေးဇုန် စီမံကိန်းကို အမေရိကန် ဒေါ်လာ ၁.၃ ဘီလျံထက် မကျော်လွန်တဲ့ ရင်းနှီး မြှုပ်နှံငွေ သုံးဖို့ လျာထားကြောင်း၊ စီမံကိန်း ပထမအဆင့်ကို ရေနက် ဆိပ်ကမ်း စီမံကိန်းနဲ့ စမှာ ဖြစ်ပြီး ဆိပ်ခံတံတား နှစ်ခုကို အရင်ဆုံး တည်ဆောက်မှာ ဖြစ်ကြောင်း ဒီနောက်မှာတော့ စက်မှုဇုန် စီမံကိန်းနဲ့ အိမ်ယာ စီမံကိန်းတွေ ဆက်လုပ်သွားမှာ ဖြစ်ကြောင်း မစ္စတာ ယွမ်ရှောင်လျန် က ပြောပါတယ်။တရုတ်ကုမ္ပဏီနဲ့ ကျောက်ဖြူ စီမံကိန်းဇုန် သဘောတူထားချက် မြန်မာ ပြင်ဆင်ချုပ်ဆို
စက်မှုဇုန်နဲ့ ရေနက်ဆိပ်ကမ်း တို့ ပါဝင်တဲ့ ဒီကျောက်ဖြူ အထူး စီးပွားရေးဇုန် စီမံကိန်းကို CITIC ကုမ္ပဏီက ၂၀၁၅ ခုနှစ်မှာ တင်ဒါအောင်ခဲ့ပြီး အခုကျမှ တရားဝင် သဘောတူညီမှု ရခဲ့တာ ဖြစ်ပါတယ်။
လောလောဆယ်မှာ စီမံကိန်း သဘောတူညီမှု လက်မှတ် ရေးထိုးလိုက်ပြီ ဖြစ်လို့ ကျောက်ဖြူ ဒေသခံတွေနဲ့ တွေ့ဆုံပြီး စီမံကိန်းအကြောင်း ရှင်းလင်း ပြောပြဖို့ ရှိသလို သဘာဝ ပတ်ဝန်းကျင် လေ့လာ ဆန်းစစ်မှုတွေ လုပ်ဖို့ ရှိတယ်လို့ ကျောက်ဖြူ အထူး စီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီ ဒုဥက္ကဌ၊ စီးပွားရေးနဲ့ ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုဝန်ကြီး ဦးထူးအောင် က ပြောပါတယ်။
ဒီစီမံကိန်းကြောင့် အလုပ်အကိုင် အခွင့်အလမ်းတွေ ပေါ်လာမှာမို့ ဒေသအတွက် အကျိုး ဖြစ်ထွန်းလာလိမ့်မယ်လို့လည်း သူက ပြောပါတယ်။
ကျောက်ဖြူ အထူး စီးပွားရေးဇုန် စီမံကိန်းထဲက ရေနက်ဆိပ်ကမ်း စီမံကိန်းဟာ တရုတ်ရဲ့ Belt and Road Initiative လို့ ခေါ်တဲ့ ပိုးလမ်းမ စီမံကိန်းမှာ အရေးပါတဲ့ အခန်းကဏ္ဍမှာ ပါဝင်နေပြီး အိန္ဒိယ သမုဒ္ဒရာကို ဝင်ထွက်နိုင်မယ့် မဟာ ဗျူဟာမြောက် အရေးပါတဲ့ ဆိပ်ကမ်းတခု ဖြစ်လာဖွယ် ရှိတယ်လို့ မျှော်လင့်နေကြပါတယ်။