ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ကျောက်ဖြူ အထူးစီးပွားရေးဇုန်ကိစ္စ ဒေသခံတွေနဲ့ တရုတ် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး တွေ့ဆုံမေးမြန်း
တရုတ်ကွန်မြူနစ်ပါတီက ဗဟို ကော်မတီ နိုင်ငံခြားရေးရာ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Mr. Wang Yajun ဟာ ဧပြီလ ၂၄ရက်နေ့က ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှာ ဒေသခံတွေနဲ့ တွေ့ဆုံပြီး ကျောက်ဖြူ အထူး စီးပွားရေးဇုန်ကိစ္စ၊ ကျောက်ဖြူ ကူမင်းရထားလမ်း ကိစ္စတွေကို ဆွေးနွေးသွားခဲ့ပါတယ်။
အဲဒီ ဆွေးနွေးပွဲကို ကျောက်ဖြူမြို့ မြို့မိ မြို့ဖတွေနဲ့ စီးပွားရေး လုပ်ငန်းရှင် စုစုပေါင်း ၁၂ ဦး တက်ရောက်ခဲ့ပါတယ်။
အခုလို တွေ့ဆုံတာဟာ ဒေသခံတွေရဲ့ အသံကို ကြားချင်လို့ ဖြစ်ပြီး ကျောက်ဖြူ အထူးစီးပွားရေးဇုန်ကို မကြာခင်ကာလအတွင်း စလုပ်သွားဖို့ ရှိတယ်လို့ ဆွေးနွေးပွဲ တက်ခဲ့တဲ့ စီးပွားရေး လုပ်ငန်းရှင် တဦးက ပြောပါတယ်။
ဒေသခံတွေ ဘက်ကတော့ တရုတ် ရေနံတင် ဆိပ်ကမ်းရှိနေတဲ့ မဒေးကျွန်း အခြေအနေတွေ၊ မြေယာ လျော်ကြေး မရတာတွေနဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ ဖော်ဆောင်ပေးဖို့ လိုအပ်တယ်ဆိုတဲ့ အကြောင်းအရာတွေကို တင်ပြ ဆွေးနွေးခဲ့ကြပါတယ်။
လက်ရှိ တရုတ်ရေနံတင် သင်္ဘောတွေ ကျောက်ဖြူဒေသကို ဝင်ရောက်လာတဲ့ အတွက် ရေလုပ်သားတွေ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကိုလည်း ဘယ်သူမှ ဖြေရှင်းပေးမယ့်သူ မရှိတဲ့အကြောင်းကိုလည်း တင်ပြခဲ့ကြပါတယ်။
တရုတ်ကိုယ်စားလှယ် အဖွဲ့ဟာ မဒေးကျွန်း၊ မင်းတပ် တောင်ရွာစတဲ့ ရွာတွေကို သွားရောက်ခဲ့ပြီး ဒေသခံ ပြည်သူတွေနဲ့လည်း တွေ့ဆုံ မေးမြန်းမှုတွေ ပြုလုပ်သွားခဲ့တယ်လို့ သိရပါတယ်။