သတင်းထောက် ဟာရှော့ဂျီ အသတ်ခံရကြောင်း ဆော်ဒီ နိုင်ငံခြားရေးဝန်ကြီး ပြော

ဆော်ဒီကောင်စစ်ဝန် အဆောက်အဦး ထဲ ဝင်ပြီးနောက် အစအန ပျောက်သွားခဲ့တဲ့ သတင်းထောက် ဟာရှော့ဂျီ ကိစ္စနဲ့ ပတ်သက်လို့ နိုင်ငံတကာ ပြောဆိုဝေဖန်မှုတွေ အုတ်အော်သောင်းနင်း ဖြစ်နေချိန်မှာပဲ ဒီသတင်းထောက် ဟာ အသတ်ခံခဲ့ရတယ်ဆိုပြီးတော့ ဆော်ဒီအာရေဗျ နိုင်ငံခြားရေးဝန်ကြီး အဒဲလ် အယ်လ် ဂျူဘီယာ က ပြောလာတာ ဖြစ်ပါတယ်။

Fox သတင်းဌာနကို ပြောရာမှာတော့ သတင်းထောက် ဟာရှော့ဂျီ ကို သတ်ဖို့ ဆော်ဒီ အိမ်ရှေ့စံ မင်းသား မိုဟာမက် ဘင်ဆာလမန်း က အမိန့်ပေးစေခိုင်းခဲ့တာ မဟုတ်ဘူးလို့လည်း နိုင်ငံခြားရေးဝန်ကြီး အဒဲလ် အယ်လ် ဂျူဘီယာ က ပြောပါတယ်။

သံရုံအတွင်း က မျှော်လင့်မထားတဲ့ စစ်ဆင်ရေးတခုကြောင့် သတင်းထောက် ဟာ အသတ်ခံရတယ်ဆိုပြီးတော့ ပြောပေမယ့် အသေးစိတ် ကိုတော့ ဝန်ကြီး အဒဲလ် အယ်လ် ဂျူဘီယာ က မပြောခဲ့ပါဘူး။

မစ္စတာ ဟာရှော့ဂျီ ဟာ ဆော်ဒီ အစိုးရကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သူဖြစ်ပြီး သူဟာ တူရကီ နိုင်ငံ အစ္စတန်ဘူလ် မှာ ရှိတဲ့ ဆော်ဒီကော်စစ်ဝန်ရုံးထဲကို အောက်တိုဘာ ၂ ရက် နေ့ က ဝင်သွားခဲ့ပြီးတဲ့နောက် သူ့ကို ထပ်မတွေ့ခဲ့ရတော့တာ ဖြစ်ပါတယ်။

တူရကီ အရာရှိတွေကတော့ မစ္စတာ ဟာရှော့ဂျီ ဟာ ကောင်စစ်ဝန်ရုံးထဲက ဆော်ဒီ ထောက်လှမ်းရေးတွေရဲ့ သတ်ဖြတ်တာ ခံခဲ့ရတယ်ဆိုပြီးတော့ ယုံကြည်နေကြပါတယ်။

အစောပိုင်းတုန်းကတော့ ဟာရှော့ဂျီ ဟာ ကောင်စစ်ဝန် အဆောက်အဦးထဲကနေ ဘေးမသီ ရန်မခ ပဲ ပြန်ထွက်လာခဲ့တယ်လို့ ဆော်ဒီ ဘက် က ပြောခဲ့ပေမယ့် အခုကျတော့မှ ရန်ပွဲ တခုအတွင်း အသတ်ခံရတာ ဖြစ်တယ်ဆိုပြီး ပထမဆုံး အကြိမ် ဝန်ခံလာတာပါ။

မစ္စတာ ဟာရှော့ဂျီ အသတ်ခံရတာ နဲ့ ပတ်သတ်လို့ အမေရိကန် သမ္မတထရမ့် က ဆော်ဒီ ရဲ့ ဖြေရှင်းချက်တွေဟာ လိမ်လည်လှည့်ဖျားပြီး ပြောဆိုတာတွေ ပါနေတယ်လို့ ဝါရှင်တန်ပို့စ်သတင်းစာ နဲ့ အင်တာဗျူးတခုမှာ ပြောခဲ့ပါတယ်။

' တကယ်လို့ ဆော်ဒီအိမ်ရှေ့မင်းသား ဟာ ဒီ လူသတ်မှု နဲ့ မသက်ဆိုင်ဘူးဆိုရင် ဒါက သိပ်ကောင်းတဲ့ အချက်ပါ' လို့ လည်း သမ္မတထရမ့် က ပြောခဲ့ပါတယ်။

ယူကေ၊ ပြင်သစ်၊ ဂျာမနီ နိုင်ငံတွေကတော့ သတင်းထောက် ဟာရှော့ဂျီ အသတ်ခံရတဲ့အပေါ် တုန်လှုပ်မိပြီး ဒီအတွက်လည်း ပြင်းပြင်းထန်ထန် ရှုတ်ချ ပါတယ်ဆိုပြီးတော့ ပူးတွဲ ထုတ်ပြန်ချက်တွေ ထုတ်ခဲ့ကြပါတယ်။