ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဆော်ဒီကောင်စစ်ဝန်ရုံး ဝင်ပြီး လူပျောက်ရှာဖို့ တူရကီတောင်းဆို
ထင်ရှားတဲ့ ဆော်ဒီ သတင်းစာဆရာ စာရေးဆရာ တယောက် ပျောက်ဆုံးနေတာနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးဖို့အတွက် အစ္စတန်ဘူလ်မြို့က ဆော်ဒီအာရေဗျ ကောင်စစ်ဝန်ရုံးကို ဝင်ရှာခွင့် ပေးဖို့ တူရကီ အစိုးရက တောင်းဆိုတယ်လို့ သိရပါတယ်။
လွန်ခဲ့တဲ့ တပတ်က အဲဒီ ကောင်စစ်ဝန်ရုံးထဲကို ဒီ စာရေးဆရာ ဝင်သွားပြီးနောက် ထပ်မတွေ့ရတော့ ဖြစ်ပါတယ်။
ဂျမား ဟာရှော့ဂျီ ဆိုတဲ့ ဒီစာရေးဆရာက ဆော်ဒီ အစိုးရကို ဝေဖန်နေသူ ဖြစ်ပြီး သံရုံးထဲမှာ အသတ်ခံရတယ်လို့ တူရကီဘက်က ယူဆနေပါတယ်။
ဆော်ဒီ သံအမတ်ကို အန်ကာရာ မြို့တော်က တူရကီ နိုင်ငံခြားရေး ဝန်ကြီးရုံးကို တနင်္ဂနွေနေ့က ဆင့်ခေါ်ခဲ့ပြီး အဲဒီနေ့မှာ ဒီလို ရှာဖွေခွင့်တောင်းတယ်လို့ ဒေသတွင်း သတင်းစာတွေက ရေးပါတယ်။
သံရုံးထဲမှာ ဒီစာရေးဆရာ အသတ်ခံရတယ် ဆိုတဲ့ သတင်း မဟုတ်ကြောင်း ဆော်ဒီဘက်က ငြင်းဆိုပါတယ်။
သံရုံးမှာ ကိစ္စရှိလို့ လာပြီး ပြန်သွားတယ်လို့လည်း ဆိုပါတယ်။
ပြီးခဲ့တဲ့ အပတ် အင်္ဂါနေ့က ခါရှော့ဂျီဟာ သူ့ဇနီးဟောင်းနဲ့ကွာရှင်းပြီးကြောင်း လက်မှတ် ယူဖို့ ကောင်စစ်ဝန်ရုံးကို သွားခဲ့ပါတယ်။ တူရကီသူ ရည်းစားသည်နဲ့ လက်ထပ်နိုင်ဖို့ ဖြစ်ပါတယ်။
ကောင်စစ်ဝန်ရုံးရှေ့မှာ ၁၁ နာရီကြာအောင် စောင့်ပေမယ့် ထွက်မလာဘူးလို့လည်း သူ့ရည်းစားက ဆိုပါတယ်။
သူပြန်မလာရင် တူရကီ သမ္မတရဲ့ အကြံပေးတယောက်ဆီ ဆက်သွယ်ဖို့ သူ့ရည်းစားကို မှာခဲ့တယ်လို့လည်း ဆိုပါတယ်။
ခါရှော့ဂျီဟာ ၅၉ နှစ် ရှိပြီ ဖြစ်ပြီး တွစ်တာ ဝက်ဆိုက်မှာ နောက်လိုက် တသန်းခွဲကျော် ရှိပါတယ်။ ဝါရှင်တန်ပို့စ် သတင်းစာမှာလည်း ဆောင်းပါးတွေ ရေးနေသူပါ။
ဆော်ဒီမှာ ရုပ်သံလိုင်းတခုကို ထူထောင်ခဲ့ဖူးတဲ့ ခါရှော့ဂျီကို ဘုရင့်မိသားစုနဲ့ နီးစပ်တယ်လို့ ယူဆခဲ့ကြပါတယ်။ ဆော်ဒီ အရာရှိကြီးတွေရဲ့ အကြံပေးလည်း ဖြစ်ခဲ့ဖူးပါတယ်။
ဒါပေမဲ့ သူ့မိတ်ဆွေ အတော်များများ ဖမ်းဆီးခံရပြီးနောက် ပြည်တွင်းမှာ ရေးနေတဲ့ သူ့ဆောင်းပါးတွေ အပိတ်ခံရသလို တွစ်တာမှာ ဆက်မရေးဖို့လည်း သတိပေးခံရတယ်လို့ ဆိုပါတယ်။
အဲဒီနောက် အမေရိကန်ကို ထွက်သွားပြီး ဝါရှင်တန်ပို့စ်မှာ ဆက်ရေးနေခဲ့ပါတယ်။
သူ့မိသားစု၊ အလုပ်အကိုင်နဲ့ အိမ်ကို ထားခဲ့ရပြီ၊ ထောင်ထဲရောက်နေသူတွေအတွက် သူဆက်မပြောရင် သစ္စာဖောက်ရာ ကျမယ်လို့ ခါရှော့ဂျီက ၂ဝ၁၇ က ရေးခဲ့ပါတယ်။
ဆော်ဒီမှာ အိမ်ရှေ့မင်းသားက ပြုပြင်ရေးတွေ လုပ်နေပေမယ့် အတိုက်အခံတွေကို နှိမ်နင်းတာတွေလည်း လုပ်နေလို့ အမျိုးသမီးအရေး လှုပ်ရှားသူတွေ၊ ပညာတတ်တွေနဲ့ ဘာသာရေးဆရာတွေ အဖမ်းခံနေရတာ ဖြစ်ပါတယ်။
ကာတာကို ဆော်ဒီ ပိတ်ဆို့မှု လုပ်တုန်းက တူရကီက ကာတာဘက်က ပါဖူးတာ၊ ဆော်ဒီက အကြမ်းဖက် စာရင်းသွင်းထားတဲ့ မွတ်ဆလင်ညီနောင်များအဖွဲ့နဲ့ တူရကီနီးစပ်တာ၊ ဆော်ဒီရဲ့ ရန်ဘက်ဖြစ်တဲ့ အီရန်နဲ့ တူရကီ နီးစပ်နေတာ စတဲ့ ပြဿနာတွေက နှစ်နိုင်ငံကြားမှာ အစကတည်းက ရှိပါတယ်။
ဒီကိစ္စမှာ တူရကီကို သူ့ရဲ့ နေတိုးစစ်မဟာမိတ် အမေရိကန်က ထောက်ခံလိမ့်မယ်လို့ မျှော်လင့်ထားတာပါ။ ဒါပေမဲ့ ဆော်ဒီဟာ ထရမ့်ရဲ့ အရှေ့အလယ်ပိုင်းမှာ အနီးကပ်ဆုံး မဟာမိတ်လည်း ဖြစ်နေပါတယ်။ ဒါကြောင့် ဒီကိစ္စမှာ အမေရိကန်က ဝင်ပါဖို့ ဝန်လေးလိမ့်မယ်လို့ ပြောနေကြောင်း ဘီဘီစီ သတင်းထောက် မာ့က်လိုဝမ်က သုံးသပ်ပါတယ်။