ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ပျောက်နေတဲ့ ဆော်ဒီသတင်းထောက် ဟာရှော့ဂျီ အသတ်ခံရကြောင်း ထုတ်ပြန်
ဆော်ဒီကောင်စစ်ဝန်ရုံးထဲ ဝင်သွားခဲ့ပြီးနောက် အစအန ထပ်မရတော့တဲ့ သတင်းသမား ဂျမား ဟာရှော့ဂျီ ဟာ ကောင်စစ်ဝန်ရုံးထဲက တိုက်ခိုက်မှုတခုအတွင်း အသတ်ခံ ခဲ့ရတယ်လို့ ဆော်ဒီ နိုင်ငံပိုင်ရုပ်သံ သတင်းဌာန က ထုတ်ပြန်ပါတယ်။
ဒီသေဆုံးမှုနဲ့ ပတ်သက်လို့ ဆော်ဒီထောက်လှမ်းရေး အေဂျင်စီ ရဲ့ ဒုတိယ အကြီးအကဲ အာမတ်အယ်လ်အာဆာရီ နဲ့ ဆော်ဒီ အိမ်ရှေ့မင်းသားရဲ့ လက်ထောက်အရာရှိ တို့ကို ရာထူးကနေ ထုတ်ပယ်ထားတယ်လို့လည်း သတင်းတွေက ဆိုပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကတော့ ဆော်ဒီအာရေဗျဟာ အမေရိကန်နဲ့ မဟာမိတ် ဖြစ်ပေမယ့် ဒီဖြစ်စဉ်ကိုတော့ လက်မခံနိုင်ဘူးလို့ ပြောပါတယ်။
မစ္စတာ ဟာရှော့ဂျီ သေဆုံးတာနဲ့ ပတ်သက်လို့ ဆော်ဒီအာရေဗျ က ပထမဆုံး ထုတ်ပြန်တာဖြစ်ပြီး သမ္မတထရမ့်ကတော့ ဒီအပေါ် လျင်လျင်မြန်မြန် နဲ့ အရေးယူ ဆောင်ရွက်တဲ့အပေါ် ချီးမွှမ်းစကား ဆိုခဲ့ပါတယ်။
သတင်းထောက် ဟာရှော့ဂျီ ဟာ တူရကီ နိုင်ငံ အစ္စတန်ဘူလ်မှာ ရှိတဲ့ ဆော်ဒီအာရေဗျ ကောင်စစ်ဝန်ရုံးထဲကို အောက်တိုဘာလ ၂ ရက်နေ့က ဝင်သွားခဲ့တာကို နောက်ဆုံးတွေ့ခဲ့ပြီးနောက် ပျောက်ဆုံးသွားခဲ့တာ ဖြစ်ပါတယ်။
သူဟာ စေ့စပ်ထားသူနဲ့ အိမ်ထောင်သစ်ထူချင်လို့ ဇနီးဟောင်း နဲ့ ကွာရှင်းပြတ်စဲထားကြောင်း ထောက်ခံချက် စာရွက်စာတမ်း ယူဖို့ ကောင်စစ်ဝန်ရုံးထဲ သွားခဲ့တာ ဖြစ်ပါတယ်။
သတင်းထောက် ဟာရှော့ဂျီ ဟာ ထင်ရှားကျော်ကြားတဲ့ ဆော်ဒီအာရေဗျ သတင်းထောက် ဖြစ်ပြီး ဆိုဗီယက်-အာဖဂန် စစ်ပွဲမှာ ဆော်ဒီအာရေဗျ ပါဝင်ပတ်သတ်မှု စတဲ့ နာမည်ကြီး သတင်းဆောင်းပါးတွေကို ရေးသားတင်ပြခဲ့သူ ဖြစ်ပါတယ်။
အခု သူ အသတ်ခံရမှုနဲ့ ပတ်သက်လို့ ဆော်ဒီဘုရင် ဆော်လမန် နဲ့ တူရကီဝန်ကြီးချုပ် ရီးဆပ်တေးရပ် အာဒိုဝမ် တို့ က တယ်လီဖုန်းကနေ တဆင့် စကားပြောခဲ့ကြတယ်လို့ ဆော်ဒီ အစိုးရပိုင် မီဒီယာက ထုတ်ပြန်ပါတယ်။