ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ခွန်ထွန်းဦး SNLD ဥက္ကဋ္ဌက နားဖို့စာတင်
ရှမ်းဝါရင့် နိုင်ငံရေး ခေါင်းဆောင်တယောက် ဖြစ်တဲ့ အသက် ၇၅ နှစ် အရွယ် ခွန်ထွန်းဦးဟာ ရှမ်း တိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် SNLD ပါတီရဲ့ ဥက္ကဋ္ဌ အဖြစ်ကနေ အနားယူမယ် ဆိုပြီး ပါတီကို အကြောင်းကြား ထားပါတယ်။
SNLD ပါတီ တင်မက ရှမ်း နိုင်ငံရေး အင်အားစုတွေကတော့ ခွန်ထွန်းဦးကို အနားမယူစေချင်တဲ့ ဆန္ဒ သဘောထားမျိုး ရှိနေပါတယ်။
အသက်အရွယ်အရလည်း တကြောင်း၊ ၁၉၆၂ ခုနှစ် တပ်မတော်က အာဏာသိမ်းပြီးနောက် ပျောက်ဆုံးသွားတဲ့ သီပေါစော်ဘွားအတွက် ဆောင်ရွက်စရာတွေ ရှိတာလည်း တကြောင်းမို့ အနားယူဖို့ စဉ်းစားတာလို့ ခွန်ထွန်းဦးက ပြောပါတယ်။
၂ဝ၁၂ ခုနှစ်က အမေရိကန်ကို သူ ဒီမိုကရေစီဆု ယူဖို့သွားရင်း သီပေါ မဟာဒေဝီနဲ့ တွေ့ခဲ့ရာမှာ ဆောင်ရွက်ဖို့ ညွှန်ကြားလိုက်တာတွေ အတွက် သူလုပ်ဖို့ ရှိတယ်လို့လည်း ဆိုပါတယ်။
ခွန်ထွန်းဦးဟာ ၁၉၈၈ အရေးအခင်းအပြီး ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် ထူထောင်ရာမှာ ခေါင်းဆောင်ခဲ့ပြီး လွှတ်တော် ကိုယ်စားလှယ် အဖြစ်လည်း ၁၉၉ဝ က အရွေးခံခဲ့ရပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီမှာလည်း ပါဝင်ခဲ့ပါတယ်။
၂ဝဝ၅ ခုနှစ်မှာတော့ နိုင်ငံတော် သစ္စာဖောက်မှုနဲ့ ထောင်ဒဏ် ၉၃ နှစ်ချခံခဲ့ရပြီး ၆ နှစ်ကြာ ပူတာအိုထောင်မှာ ထိန်းသိမ်းခံခဲ့ရပါတယ်။
၂ဝ၁ဝ ပြည့်နှစ်မှာတော့ သူနဲ့ ဒေါ်အောင်ဆန်းစုကြည်၊ မင်းကိုနိုင်တို့အပါအဝင် တခြားနိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးဖို့ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ တောင်းဆိုချက် မူကြမ်းတစောင် တင်သွင်းခဲ့ပါတယ်။
၂ဝ၁၅ ရွေးကောက်ပွဲမှာတော့ SNLD နဲ့ NLD တို့ ရှမ်းပြည်နယ်မှာ ယှဉ်ပြိုင် အရွေးခံခဲ့ကြပါတယ်။
ခွန်ထွန်းဦးရဲ့ ဘထွေးတော်တဲ့ သီပေါ စော်ဘွား ၁၉၆၂ ခုနှစ်က တောင်ကြီးနားမှာ ပျောက်ဆုံးသွားပြီးနောက် ဥရောပသူ မဟာဒေဝီနဲ့ သမီး နှစ်ယောက် ပြည်ပကို ထွက်ခွာသွားခဲ့ပါတယ်။
စော်ဘွားအကြောင်း သူစုံစမ်းဖို့အတွက် ဗီယင်နာမှာ ဆေးကုဖို့ လာတဲ့ ဗိုလ်ချုပ်ကြီးနေဝင်းကို တွေ့ဖို့ ကြိုးစားပေမယ့် မရခဲ့တဲ့အကြောင်း မဟာဒေဝီက ရေးသားမှတ်တမ်းတင်ခဲ့ပါတယ်။
ဒီမှတ်တမ်းစာအုပ်ကို အခြေခံပြီး ရိုက်တဲ့ ရုပ်ရှင်ကို ထိုင်းမှာ ပြခွင့်ရပေမယ့် မြန်မာနိုင်ငံမှာတော့ ပြသခွင့် မရခဲ့ပါဘူး။
ခွန်ထွန်းဦးက စော်ဘွားရဲ့ နောင်တော် စဝ်ကြာဇုံရဲ့ မွေးစားသား ဖြစ်ပြီး သူ့ဘိုးတော် စဝ်အို ကိုယ်တိုင် သီပေါနယ်ကို ဒုတိယကမ္ဘာစစ်အတွင်းက အုပ်ချုပ်ခဲ့ဖူးပါတယ်။
စစ်ပြီး လွတ်လပ်ရေးရပြီးနောက်မှာတော့ စဝ်ကြာဇုံက ရှမ်းပြည်နယ် အစိုးရ အတွင်းဝန် ဖြစ်လာပါတယ်။
သီပေါနယ်ဟာ သိန္နီ၊ တောင်ပိုင်၊ မိုးမိတ်စတဲ့ မြောက်ပိုင်း ရှမ်းပြည်ထောင်စုရဲ့ နယ်ကြီး ၅ နယ်မှာ တနယ်အဖြစ် ပါဝင်ခဲ့ပါတယ်။
အစဉ်အလာအရလည်း မန္တလေးက မြန်မာဘုရင်တွေနဲ့ နီးစပ်ခဲ့ပြီး နောက်ဆုံးမြန်မာဘုရင်ရဲ့ အစ်မတော် ပုခန်းကြီး စုဘုရားကို ပါတော်မူပြီးနောက်မှာ သီပေါ စော်ဘွားက လက်ထပ်ခဲ့ပါတယ်။
နောက်ဆုံးသီပေါ စော်ဘွား မရှိတဲ့နောက် သီပေါဟာ သာမန်နယ်မြို့ကလေး အဖြစ် ပြောင်းလဲသွားခဲ့ပါတယ်။
ဒါပေမဲ့ မဟာဒေဝီရေးတဲ့ စာအုပ်ကြောင့် ခုထိ သီပေါကို ကမ္ဘာလှည့် ခရီးသည်တွေ လာရောက်နေကြပါတယ်။
သီပေါဟော်ကို စောင့်ရှောက်နေတဲ့ ခွန်ထွန်းဦးရဲ့ နောင်တော် စဝ်ဦးကြာ ကိုယ်တိုင် လည်း ၂ဝဝ၅ ခုနှစ်က ၄ နှစ်ကြာ ဖမ်းဆီးခံခဲ့ရဖူးသလို သူတို့ ခမည်းတော် စဝ်ကြာဇုံလည်း အာဏာသိမ်းပြီးနောက် ၆ နှစ် အထိန်းသိမ်းခံခဲ့ရပါတယ်။