သတင်းထောက် ဆိုတာ အမျိုးသမီးနဲ့ မသက်ဆိုင်လို့ ယူဆနေဆဲ

စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စသည့် နယ်ပယ်အသီးသီးမှာ သတင်းရယူနေတဲ့ အမျိုးသမီးသတင်းသမားတွေ မကြာခဏ ဆိုသလို လိင်ပိုင်းဆိုင်ရာ ထိပါးနှောက်ယှက်မှု၊ စိတ်ပိုင်းဆိုင်ရာ ဖိနှိပ် ပြောဆိုမှု၊ ကိုယ်ထိလက်ရောက် ကျူးလွန် ခံရမှု စတာ တွေနဲ့ ကြုံတွေ့နေရပါတယ်။

သတင်းထောက်ဆိုတဲ့ အသက်မွေးဝမ်းကြောင်းမှုကို အမျိုးသမီးတွေ ရွေးချယ်စဉ် ကတည်းက စိန်ခေါ်မှုတွေ နဲ့ ကြုံတွေ့ခဲ့ရတယ်လို သတင်းထောက် အမျိုး သမီးတွေက ဆိုပါတယ်။

ဒီလို ကြုံတွေ့ နေရတဲ့ အဓိက အကြောင်းရင်း က သတင်းထောက် အလုပ် ဆိုတာ အမျိုးသမီးတွေနဲ့ မသက်ဆိုင်ဘူး ဆိုပြီး မြန်မာ့ လူမှုဝန်းကျင် က ယူဆနေဆဲ ဖြစ်တယ်လို့ မြန်မာ အမျိုးသမီး သတင်းထောက် အဖွဲ့ က ဗဟို အလုပ်အမှု ဆောင် မသူဇာ က ပြောပါတယ်။

သတင်းထောက် အမျိုးသမီးတွေ နယ်မြေပေါင်းစုံကို သွားလာတဲ့ အခါမှာလည်း ထိပါးနှောင့်ယှက်မှုတွေ၊ အဖွဲ့အစည်းတွေနဲ့ဆက်သွယ် ရာမှာလည်း အမျိုးသမီး ဆိုတဲ့ အမြင်မျိုးကြောင့် ခက်ခက် ခဲခဲ အလုပ် လုပ်ကိုင် နေရတယ်လို့ ဆိုကြပါတယ်။

မြန်မာ နိုင်ငံက သတင်းမီဒီယာ လောက က ထိပ်တန်း ရာထူး ကို ရယူ ထား သူတွေထဲမှာလည်း အမျိုးသမီး အရည်အတွက် က အင်မတန် နည်းပါး ပါတယ်။

သတင်းရယူတဲ့အခါမှာလည်း အမျိုးသမီး သတင်း ထောက် တစ်ဦး ဖြစ်ခဲ့ မယ် ဆိုရင် အာဏာပိုင်တွေရဲ့ ခွဲခြား ဆက်ဆံ တာမျိုး ကို ကြုံတွေ့ ခဲ့ရဖူးကြောင်း နဲ့ သတင်း ရယူ ရမှာ အခက်အခဲ တွေ ရှိနေသေး ကြောင်း မသူဇာ က ပြောပါတယ်။

သတင်းလောကမှာလည်း အမျိုးသား သတင်းထောက်တွေရဲ့ ခွဲခြား ဆက်ဆံမှုတွေ၊ ဖိနှိပ် ဆက်ဆံမှုတွေ နဲ့ အတူ သားပြော၊ မယားပြော ပြောဆို ဆက်ဆံ မှုတွေလည်း ရှိနေပြီး သတင်းထောက် လုပ်ဖော် ကိုင်ဖက် အချင်းချင်း ကြား မှာ ကြုံတွေ့နေရတယ်လို့ သူက ထည့်သွင်း ပြောကြားခဲ့ပါတယ်။

ဒီလို စိန်ခေါ် မှု တွေကို ဖြေရှင်း နိုင်ဖို့ အတွက် မြန်မာနိုင်ငံက အမျိုးသမီး သတင်းထောက်တွေ ရင်ဆိုင်နေရတဲ့ ဘေးကင်း လုံခြုံရေးနဲ့ ပတ်သက်ပြီး မြန်မာအမျိုးသမီး သတင်းထောက်အဖွဲ့ (Myanmar Women Journalists Society-MWJS)က ဇွန် ၁၇ ရက်က ဆွေးနွေးခဲ့ ကြပြီး ဥပဒေကြောင်းအရ အမျိုးသမီးတွေကို ပိုမို အကာအကွယ်ပေးဖို့ တောင်းဆို ခဲ့ကြပါတယ်။