ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ရိုက်တာ သတင်းထောက် တွေ အာမခံမရသေး
ဇန်နဝါရီလ ၂၃ ရက်နေ့ မှာ ရိုက်တာသတင်းဌာနက သတင်းထောက်ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတိုရဲ့ ဒုတိယအကြိမ်မြောက် ရုံးချိန်းကို စစ်ဆေးခဲ့ပြီး တရား လိုဖြစ်သူ မြောက်ပိုင်းခရိုင် ဒုတိယရဲမှူးကြီးယုနိုင် က လာရောက် ထွက်ဆိုမှုတွေ လုပ်ခဲ့ပါတယ်။
တရားလိုဖြစ်သူ မြောက်ပိုင်းခရိုင် ဒုတိယရဲမှူးကြီးယုနိုင်ကို စစ်ဆေးခဲ့ရာမှာ ရိုက်တာသတင်းထောက်နှစ်ဦးကို သတင်းအချက်အလက်တွေပေးဖို့ ချိန်းဆိုပါဝင်ပတ်သက်ခဲ့တဲ့ ရဲတပ်ဖွဲ့ဝင် နှစ်ဦးကို လက်ရှိအချိန်အထိ မြောက်ပိုင်းခရိုင်အတွင်းမှာ အရေးယူဆောင်ရွက်ထားခြင်း မရှိသေးဘူးလို့ ထွက်ဆိုသွားတယ်လို့ တရားလိုရှေ့နေကပြောပါတယ်။
မြောက်ပိုင်းခရိုင် အမှတ်(၈) ရဲတပ်ရင်းက ရဲတပ်ဖွဲ့ဝင်နှစ်ဦးဖြစ်တဲ့ ဒုရဲမှူး မိုးရန်နိုင်နဲ့ ရဲတပ်ကြပ်ကြီး ခင်မောင်လင်းတို့ကို ၁၉၂၃ ခုနှစ်၊ မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက် အက်ဥပဒေပုဒ်မနဲ့ရော ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေတွေအရပါ ထိရောက်စွာအရေးယူမယ်လို့ အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။
လာမယ့် တတိယမြောက် ရုံးချိန်းမှာတော့ စွပ်စွဲခံထားရတဲ့ သတင်းထောက်နှစ်ဦးကို အာမခံပေးမယ်၊ မပေးဘူးဆိုတာ အမိန့်ချမှတ် မယ်လို့လည်း သိရပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောဒေသတွင်း အကြမ်းဖက်မှုများနှင့် ပတ်သက်တဲ့ အစီအရင်ခံစာ စာရွက်စာတမ်းတွေ လက်ဝယ်တွေ့ရှိလို့ဆိုပြီး ဒီဇင်ဘာ ၁၂ ရက်ညပိုင်းက မင်္ဂလာဒုံမြို့နယ် အတွင်းမှာ ရိုက်တာသတင်းထောက် ကိုသက်ဦးမောင် (ခ) ကိုဝလုံးနဲ့ကိုကျော်စိုးဦး (ခ) မိုးအောင်တို့ကို မြန်မာနိုင်ငံ အစိုးရလျှို့ဝှက်ချက်များ အက်ဥပဒေ ပုဒ်မ ၃ (၁) (ဂ) တို့နဲ့ ဖမ်ဆီးအမှုဖွင့် ရုံးထုတ်စစ်ဆေးနေတာပါ။
ရိုက်တာသတင်းထောက်နှစ်ယောက်ကို ဖမ်းဆီးချိန်ကစပြီး ပြည်တွင်းပြည်ပ မီဒီယာအဖွဲ့အစည်းတွေနဲ့ ကုလသမဂ္ဂ အပါအဝင် အီးယူနဲ့ အမေရိကန်နိုင်ငံတို့က စာထုတ်ကန့်ကွက်ထားကြပါတယ်။
တရားလိုဖြစ်သူ မြောက်ပိုင်းခရိုင် ဒုတိယရဲမှူးကြီးယုနိုင်ကို စစ်ဆေးရာမှာ အမှု့ဖြစ်စဉ်နဲ့ ထွက်ဆိုချက် ကွဲလွဲချက်တွေရှိနေတယ်လို့ ရှေ့နေ ဦးသန်းဇော်အောင်က ပြောပါတယ်။
သတင်းထောက်ကိုဝလုံးကတော့ အမှုနဲ့ပတ်သတ်ပြီး အမှားလုပ်ခဲ့တာဘာမှမရှိလို့ တုန်လှုပ်မှုမရှိကြောင်းနဲ့ တရားရုံးက မျှမျှတတစစ်ဆေး ဆုံးဖြတ်ပေးဖို့ကိုသာ မျှော်လင့်ပါတယ်လို့ တရားရုံးချိန်အပြီး အထွက်မှာ သတင်းထောက်တွေကို ပြောဆိုသွားပါတယ်။