ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
တရုတ်ထုတ်ကုန်တွေ ကန်အခွန်ကောက်တာ တိုးမြှင့်မယ်လို့ ထရမ့်ဆို
တရုတ်နိုင်ငံထုတ် သွင်းကုန်တွေပေါ် ပစ်မှတ်ထားပြီး အခွန် တိုးကောက် တာမျိုး နောက်ထပ် တိုးမြှင့် လုပ်ဆောင်မယ် ဆိုပြီး အမေရိကန် သမ္မတ ထရမ့်က ပြောဆို လာပါတယ်။
တရုတ်ထုတ် ပစ္စည်းတွေ အပေါ် အခွန်နှုန်းထားတွေ ဒေါ်လာ ဘီလျံ ၂ဝဝ ဖိုး အထိ ထပ်တိုးဖို့ ရှိတယ်လို့ သမ္မတ ထရမ့် ပြောလာပါတယ်။
ကုန်သွယ်ရေးမှာ တရုတ်ဘက်က အမြတ်ထုတ်နေတဲ့ လုပ်ရပ်တွေ မပြောင်းဘူးဆိုရင် တရုတ် သွင်းကုန်တွေ အပေါ် တန်ဖိုးရဲ့ ၁ဝ ရာခိုင်နှုန်း အထိ အကောက်ခွန် စည်းကြပ်မှာ ဖြစ်တယ်လို့ သမ္မတ ထရမ့်က ထပ်လောင်း ပြောခဲ့ ပါတယ်။
ဒါဟာ အမေရိကန်ဘက်က ပြန်ပေးဆွဲ ခြိမ်းခြောက်တဲ့ ပုံစံမျိုးထိ ဖြစ်နေတယ်လို့ တရုတ်က တုံ့ပြန်ပါတယ်။
တရုတ်နိုင်ငံ အနေနဲ့လည်း အမေရိကန် ကုန်ပစ္စည်းတွေ အပေါ် ညီတူညီမျှ တုံ့ပြန် သွားမယ်လို့ တရုတ် ကုန်သွယ်ရေး ဝန်ကြီးဌာနက ကြေညာပါတယ်။
တရုတ်က ကုန်သွယ်ရေး အမြတ်ထုတ် နေတယ် ဆိုတဲ့ အမေရိကန်ရဲ့ စွပ်စွဲချက်တွေဟာ အခြေအမြစ် မရှိဘူး၊ သူတို့ဘက်က ကိုယ်ကျိုးစီးပွား ကာကွယ်ရေး ဝါဒ ကျင့်သုံး နေတယ် ဆိုတဲ့ အချက်ကို မပေါ်လွင်အောင် ပြောဆို နေခြင်းသာ ဖြစ်တယ်၊ နှစ်နိုင်ငံကြား ရထားတဲ့ နားလည်မှုတွေ အပေါ် မျက်ကွယ်ပြုပြီး အမေရိကန်က ကုန်သွယ်ရေး စစ်ခင်းနေတာသာ ဖြစ်တယ်လို့တရုတ် နိုင်ငံခြားရေးဌာနရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် ဂမ်ရှောင်းက ပြောပါတယ်။
ထရမ့်က ခြိမ်းခြောက်မှုတွေ ထပ်မံ လုပ်လာတဲ့ အတွက် နိုင်ငံတကာ စတော့ စျေးကွက်တွေ လည်း လှုပ်ခတ်သွားပြီး ရှယ်ယာတန်ဖိုးတွေ ထပ်ကျ သွားပါတယ်။
အာရှ စျေးကွက်တွေမှာ တန်ဖိုးတွေ ဒီကနေ့ ထိုးကျ သွားတာမှာ ရှန်ဟိုင်း စျေးကွက် အဆိုးရွားဆုံး ထိခိုက် ခဲ့ပါတယ်။
ဥရောပ စျေးကွက် တွေမှာလည်း ရှယ်ယာတန်ဖိုးတွေ ၁ ရာခိုင်နှုန်းကျော် ကျဆင်း ခဲ့ပါတယ်။
အမေရိကန် တရုတ် ကုန်သွယ်ရေးမှာ တရုတ် ပစ္စည်းတွေ အမေရိကန်ထဲ အထိန်းအချူပ်မရှိ ဝင်နေပြီး အမေရိကန် ပြည်တွင်း လုပ်ငန်းတွေ ထိခိုက် နေရတာ နှစ်ပေါင်းများစွာ ရှိနေပြီလို့ ထရမ့်ကတော့ ယူဆ ထားပါတယ်။
ထရမ့်ဘက်က တိုးမြှင့်ထားနှင့်ပြီးတဲ့ အခွန်နှုန်းထားတွေဟာ တရုတ်ထုတ် ပစ္စည်း အမျိုးအစားပေါင်း ၈ဝဝ ကျော် အပေါ် လာမယ့် ဇူလိုင် ၇ ရက် ဆိုရင် စတင် သက်ရောက်တော့မှာပါ။
အဲဒီ ပစ္စည်းတွေကို ကြည့်ရင် လေယာဉ်ပျံ ဘီးကစလို့ အင်ဂျင် တာဘိုင် စက်တွေ၊ စီးပွားရေးသုံး အဝတ်လျှော်စက်ကြီးတွေ အထိ ပါဝင်ပါတယ်။
အခု နောက်ဆုံးထွက်လာတဲ့ ထရမ့်ရဲ့ ထုတ်ပြန်ချက်ထဲ နောက်ထပ် ဘယ်လို ပစ္စည်း အမျိုးအစားတွေပေါ်မှာပါ အခွန်တိုးရမလဲ ဆိုတာကို ဆန်းစစ်နေတယ် ဆိုတဲ့ အချက် ပါဝင် လာတာ ဖြစ်ပါတယ်။
ထုတ်ကုန်တွေရဲ့ အိုင်ဒီယာနဲ့ ဒီဇိုင်းပိုင်း ဆိုင်ရာ ဉာဏမူပိုင်ခွင့် တွေ အပေါ် တရုတ်ဘက်က မလေးစားဘူး ဆိုပြီး အမေရိကန်ဘက်က အဓိက မကျမနပ် ဖြစ်နေပါတယ်။
ဒါပေမယ့် အမေရိကန်ရဲ့ အာဏာရ ရီပတ်ဘလစ်ကန် ပါတီတွင်းမှာလည်း တရုတ်နဲ့ကြား ကုန်သွယ်မှုကို လိုလားသူတွေ ရှိနေပြီး သူတို့ဟာ ထရမ့်ရဲ့ အခွန်တိုးတဲ့ မူဝါဒကို မထောက်ခံ ကြဘူးလို့ စီးပွားရေး ဆိုင်ရာ ဘီဘီစီ သတင်းထောက် အင်ဒရူး ဝေါ်လကာက ပြောပါတယ်။
တရုတ် ထုတ်ကုန် ပစ္စည်း အမျိုးအစား အမြောက်အများ အပေါ် အခွန် အရမ်း တင်းကျပ် လိုက်မယ် ဆိုရင် အမေရိကန် ပြည်တွင်းက လုပ်ငန်းရှင်တွေ၊ ပစ္စည်း သုံးစွဲသူတွေကိုလည်း ထိခိုက် နိုင်တယ်လို့လည်း အင်ဒရူး ဝေါ်လကာက သုံးသပ် ထားပါတယ်။