ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ကင်ဂျုံအွန်း-ထရမ့် ဆွေးနွေးပွဲ ဘယ်သူကြိုးဆွဲသလဲ
ဇွန်လ၁၂ရက်နေ့ မှာ အမေရိကန် သမ္မတ ထရမ့်နဲ့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်း တို့ စင်ကာပူ နိုင်ငံ မှာ တွေ့ဆုံမဲ့ ထိပ်သီးဆွေးနွေးပွဲ ကို တကမ္ဘာလုံး က အာရုံစိုက်နေတဲ့ အကြောင်း ကို ကင်ဂျုံအွန်း ကိုယ်တိုင် က အိမ်ရှင် စင်ကာပူ ဝန်ကြီးချုပ် လီရှန်လွန်း ကို ပြောပါတယ်။
သမ္မတ ထရမ့် ကတော့ ငြိမ်းချမ်းရေး အတွက် တကြိမ်တခါ ကြိုးစားကြည့်တဲ့ သဘော လို့ ဆိုပါတယ်။
ဒီကိစ္စမှာ မြောက်ကိုရီးယား ၊ အမေရိကန် ၊ တရုတ်နဲ့ တောင်ကိုရီးယား တို့က အဓိက ဇာတ်ကောင်တွေ ဖြစ်ပြီး အချိန်ကာလ အတန်ကြာအောင် တွန်းအားပေး၊ ကြိုးကိုင်ကြသလို ကိုယ်တိုင်ဝင် က သူတွေ ဖြစ်တယ် လို့ အခုလို အရှေ့ နဲ့ အနောက် ခေါင်းဆောင်နှစ်ယောက် မျက်နှာချင်းဆိုင်ဆုံဖြစ်အောင် နောက်ကွယ် က ကြိုးကိုင်မှုနဲ့ ပတ်သက်လို့ သုံးသပ်သူ တချို့က တွက်ဆ ကြပါတယ်။
ကင်ဂျုံအွန်း ကတော့ အဓိက ဇာတ်ကောင် ဖြစ်ပြီး သူဟာ သူ့ ဖခင်၊ သူ့ဖိုးအေ တို့ မလုပ်နိုင်ခဲ့တဲ့ ရာထူး လက်ရှိ အမေရိကန် သမ္မတ နဲ့ တန်းတူ ရည်တူ ဆွေးနွေးခွင့် ရယူယင်း သူ့သမိုင်း ကို အုတ်မြစ်ချ ပြ လိုသူ တယောက် ဖြစ်ပါတယ်။
နောက်တချက်ကလည်း အပယ်ခံ နိုင်ငံ မြောက်ကိုရီးယား ရဲ့ ချွတ်ခြုံကျ စီးပွားရေး အခွင့်အလမ်း ပွင့်ရင် အပိုဆု ပါ ရဦးမှာ ဖြစ်ပါတယ်။
ဒါကြောင့်မို့ သူ့မှာ ဒေသတွင်း ခြိမ်းခြောက်နိုင်တဲ့ နျူကလီးယား လက်နက်တွေ စမ်းသပ် ပစ်လွှတ်ကာ အမေရိကန် ကို ဆွေးနွေးပွဲ စားပွဲဝိုင်းဆီ ဥပါယ်တံမျဉ် နဲ့ ဆွဲခေါ်လိုက်ပါတယ်။
ဒါပေမဲ့ ဒီဆွေးနွေးပွဲမှာ လူ့အခွင့်အရေး ကိစ္စရပ် မပါရဘူး ဆိုတဲ့ အာမခံချက်ကို မြောက်ကိုရီးယား ဖက်က ကြိုယူထားခဲ့တာ ဖြစ်ပါတယ်။
နောက် ဇာတ်ကောင် ကတော့ အမေရိကန် သမ္မတ ထရမ့် ဖြစ်ပါတယ်။
မြောက်ကိုရီးယား ရဲ့ ခြိမ်းခြောက်မှု ကို အံတုယင်း အစွမ်းကုန် ဖိအားပေးမှု နဲ့ အတူ ကမ္ဘာ့ငြိမ်းချမ်းရေး ကို လက်တကမ်းရောက်လာတဲ့ အထိ၊ သူ့အရင် သမ္မတ တွေ မလုပ်နိုင်ခဲ့တာကို သူလုပ်ပြ နိုင်တယ်လို့ ရပ်တည်ပြ ခဲ့ပါတယ်။
သူ့ဘက်ကလည်း ဒီဆွေးနွေးပွဲ မူလ လမ်းကြောင်း ကနေ သွေဖည်တာနဲ့ ထပြန်မယ် လို့ ကြိုအသိပေးထားပါတယ်။
မြောက်ကိုရီးယား အနေနဲ့ နျူကလီးယား လက်နက် အလုံးစုံ ဖျက်သိမ်းရေး ကို သမ္မတ ထရမ့် က တောင်းဆိုမှာ ဖြစ်ပါတယ်။
တောင်ကိုရီးယား သမ္မတ မွန်ဂျေအင်း ရဲ့ အခန်းကဏ္ဍ ကတော့ သူ့လက်ထက် မှာ ကိုရီးယား ပြန်လည်ပေါင်းစည်းနိုင်ရေး ကို တွေးမျှော်ယင်း အမေရိကန် ကို ရော မြောက်ကိုရီးယား ကိုပါ အလိုက်သင့် မြှောက်ပင့် ပေါင်းပြီး ဒီဆွေးနွေးပွဲ အကောင်အထည် ပေါ်စေတာ ဖြစ်ပါတယ်။
ဒီကိစ္စမှာ အရေးအကြီးဆုံးဇာတ်ကောင် ကတော့ မြောက်ကိုရီးယား ရဲ့ တဦးတည်းသော မဟာမိတ် တရုတ် ဖြစ်ပါတယ်။
သူပါဝင် ပတ်သက်မှု ကို ပွင့်လင်းမြင်သာမှု မရှိစေပဲ အမေရိကန် နဲ့ မြောက်ကိုရီးယား စကားပြောအောင် တွန်းအားပေးခဲ့တာ အတန်ကြာပါပြီ။
အပယ်ခံ မြောက်ကိုရီးယား ခေါင်းဆောင် ကို ဒီနှစ် အစ ပိုင်းမှာ တိတ်တဆိတ်ခေါ်တွေ့ပြီး နောက်တကြိမ် ပြန် တွေ့ဖြစ်ခဲ့ ပါတယ်။
တရုတ်သမ္မတ ရှီဂျင်းပင် က ဒီ ထိပ်သီးဆွေးနွေးပွဲ ကို လိုလားသလို သူကိုယ်တိုင်လည်း ပါဝင်ချင်သူ ဖြစ်ပါတယ်။
ဒါကြောင့်မို့ တရုတ်ဘက်ကပါ မြောက်ကိုရီးယား ကို စီးပွားရေး ဒဏ်ခတ် လိုက်တာနဲ့ ဦးကျိုးသွားစေတာကတော့ မြင်သာတဲ့ အကြောင်း နိုင်ငံရေး အကဲခတ်တွေက သုံးသပ်ထားပါတယ်။