မြန်မာတက္ကသိုလ်တချို့ ဝင်ခွင့်စနစ်ပြောင်းမယ်

ဓာတ်ပုံ ရင်းမြစ်, BBC Burmese
၂၀၁၈-၁၉ ပညာသင်နှစ်ကစပြီး ရန်ကုန်နဲ့ မန္တလေးမှာ ရှိတဲ့ တက္ကသိုလ်တွေထဲက တက္ကသိုလ် ၁၁ ခုရဲ့ ဝင်ခွင့် ပုံစံ ပြောင်းလဲတော့မှာ ဖြစ်ပြီး ယခင်က တက္ကသိုလ်ဝင်တန်း စာမေးပွဲ ရမှတ် တခုတည်းနဲ့ ဆုံးဖြတ်ရာကနေ အခုတော့ လူတွေ့ စစ်ဆေးမှုနဲ့လည်း ဆုံးဖြတ်မှာ ဖြစ်ပါတယ်။
အခုလို စနစ် ပြောင်းလဲမယ့် တက္ကသိုလ်တွေကတော့ ရန်ကုန်တက္ကသိုလ်နဲ့ မန္တလေး တက္ကသိုလ်၊ ရန်ကုန်နဲ့ မန္တလေးက သတင်းအချက်အလက်နဲ့ နည်းပညာ တက္ကသိုလ် ၂ ခု၊ ရန်ကုန်နဲ့ မန္တလေးက နိုင်ငံခြား ဘာသာ တက္ကသိုလ် ၂ ခု၊ မန္တလေး နည်းပညာ တက္ကသိုလ်နဲ့ နည်းပညာ တက္ကသိုလ် (မန္တလေး)၊ ရန်ကုန် ပညာရေးတက္ကသိုလ်နဲ့ ရန်ကုန် စီးပွားရေး တက္ကသိုလ်တို့ ဖြစ်ပါတယ်။
ယခင်က အဆင့်မြင့်ပညာ ဦးစီးဌာနမှာပဲ ကျောင်းသားတွေက ဦးစားပေး အဆင့်ဆင့်နဲ့ ဘာသာရပ်တွေကို လျှောက်ထားရပြီး အခု စနစ်သစ်မှာ အဲဒီ တက္ကသိုလ်တွေကို တိုက်ရိုက် လျှောက်ထား နိုင်မှာ ဖြစ်တယ်လို့လည်း အဆင့်မြင့် ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းက ဘီဘီစီကို ပြောပါတယ်။
အခုလို ဝင်ခွင့် စနစ်ပြောင်းလဲမယ့် တက္ကသိုလ် ၁၁ ခု ဟာ ဝင်ခွင့် ရေးဖြေ စစ်တာတော့ လုပ်မှာ မဟုတ်ပေမယ့် တချို့ကျောင်းတွေက လူတွေ့ စစ်ဆေးပြီး ဆုံးဖြတ်မှာ ဖြစ်သလို တချို့ကျောင်းတွေကတော့ တက္ကသိုလ်ဝင်တန်း စာမေးပွဲ ရမှတ် ကို ကြည့်ပြီး တိုက်ရိုက် ဆုံးဖြတ်မှာ ဖြစ်ပါတယ်။
အဲဒီ အထဲမှာ ရန်ကုန်နည်းပညာ တက္ကသိုလ်နဲ့ သတင်းအချက်အလက်နဲ့ နည်းပညာ ရန်ကုန် တက္ကသိုလ် ၂ ခုက လူတွေ့ မစစ်ဆေးပဲ တက္ကသိုလ်ဝင်တန်း စာမေးပွဲ ရမှတ်နဲ့ ဆုံးဖြတ်မှာ ဖြစ်ပြီး ရန်ကုန်စီးပွားရေး တက္ကသိုလ်ကတော့ အမှတ်နဲ့ လူတွေ့ စစ်ဆေးမှု ပူးပေါင်းပြီး ဆုံးဖြတ်မှာ ဖြစ်ပါတယ်။
ရန်ကုန် စီးပွားရေး တက္ကသိုလ်ကို တနိုင်ငံလုံးက ကျောင်းသားတွေ လျှောက်ခွင့်ရှိမှာ ဖြစ်ပြီး အရွေးမခံရတဲ့ လျှောက်လွှာတွေကို အဆင့်မြင့် ပညာဦးစီးဌာနကို လွှဲပြောင်း ခန့်ခွဲစေမှာ ဖြစ်တယ်လို့ အဲဒီ တက္ကသိုလ်က ဒုတိယပါမောက္ခချုပ် ဒေါက်တာ ထွန်းအောင်က ပြောပါတယ်။
နောက်နှစ်တွေမှာလည်း အခုလို စနစ်ပြောင်းမယ့် တက္ကသိုလ် အရေအတွက် တိုးလာမယ်လို့ ဒေါက်တာ သိန်းဝင်းက ပြောပါတယ်။
ဒီလို စနစ်ပြောင်းပေမယ့် တက္ကသိုလ် တခုချင်းစီရဲ့ တက္ကသိုလ်ဝင်တန်း စာမေးပွဲ ရမှတ် သတ်မှတ်ချက် ကတော့ ရှိနေဦးမှာ ဖြစ်ပါတယ်။
အခုလို သတ်မှတ်ချက်တွေ ရှိနေဦးမှာ ဖြစ်ပေမယ့် တက္ကသိုလ်တွေ ကိုယ်တိုင် ကျောင်းသားတွေကို အခုလို ရွေးချယ်နိုင်မယ့် စနစ် ပြောင်းလဲလိုက်တာဟာ တက္ကသိုလ်တွေကို ကိုယ်ပိုင် အုပ်ချုပ်ခွင့်ပေးဖို့ စတင်လိုက်တဲ့ ခြေလှမ်းလည်း ဖြစ်တယ် ဆိုပြီး အခုလို ပြောင်းလဲမှုကို ပညာရေး အသိုင်းအဝိုင်းက ထောက်ခံ အားပေးမှုတွေ ရှိနေပါတယ်။








