တက္ကသိုလ်ဝင်ခွင့်ကို ၁၀တန်းအမှတ် တစ်ခုတည်းနဲ့ ဆုံးဖြတ်တော့မှာ မဟုတ်

လာမယ့် ၂၀၁၅-၁၆ ပညာသင်နှစ်က စလို့ တက္ကသိုလ် ဝင်ခွင့် ဟာ ၁၀ တန်း စာမေးပွဲ ရမှတ် တစ်ခု တည်း နဲ့ မဟုတ်ပဲ၊ ကိုယ် တက်ရောက် လိုတဲ့ တက္ကသိုလ် ပေါ် မူတည်ပြီး၊ အဲဒီ့ တက္ကသိုလ် တစ်ခုချင်း စီ ရဲ့ Charter လို့ ခေါ် တဲ့ ဖွဲ့စည်းပုံ မူဝါဒ တွေ အလိုက် သတ်မှတ် ထားတဲ့ အရည်အချင်း စမ်းစစ်မှု တွေ နဲ့ ရွေးချယ် သွားတော့ မှာ ဖြစ်ပါတယ်။
ဒါဟာ တက္ကသိုလ် တစ်ခုချင်းစီ မှာ ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရှိရမယ့် အချက် ကို ဖော်ဆောင် လာတာမျိုး ဖြစ်ပြီး၊ လိုအပ်တဲ့ တက္ကသိုလ် မူဝါဒ နဲ့ ဖွဲ့စည်းပုံ တွေ ကိုလည်း တက္ကသိုလ် အလိုက် ရေးဆွဲ နေကြတယ် လို့ ပညာရေး သုတေသန ဦးစီးဌာန ညွှန်ကြားရေးမှုးချုပ် ဒေါက်တာ ခိုင်မြဲ က ဘီဘီစီ ကို ပြောပါတယ်။
တက္ကသိုလ် ချာတာ တွေ ကိုယ်စီ ရေးဆွဲ ပြီး သွားတဲ့ အခါ မကြာခင် ကာလ မှာ အများပြည်သူ ကို ထုတ်ပြန် လာဖို့ ရှိတယ် လို့ ဒေါက်တာ ခိုင်မြဲ က ဆိုပါတယ်။
ဒီ စံနစ် အကောင် အထည် ပေါ်လာပြီ ဆိုရင် တက္ကသိုလ် တွေ ဟာ ပညာရေး ဝန်ကြီး ဌာန ရဲ့ ချုပ် ကိုင် မှုအောက် မှာ မရှိတော့ ပဲ၊ ဝင်ခွင့် ပြုမယ့် ကျောင်းသား အရေအတွက် နဲ့ သင်ရိုးညွှမ်းတမ်း လို ကိစ္စ မျိုး တွေ ကို ကိုယ့်မူဝါဒ နဲ့ ကိုယ် ဆုံးဖြတ် သွား နိုင် တော့ မှာ ဖြစ်ပါတယ်။




