ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မြောက်ဦးအရေး ကျောက်တော်မြို့မှာ ဆန္ဒပြ
ရခိုင်ပြည်နယ် ကျောက်တော် မြို့မှာ လူပေါင်း ၂၅၀ ခန့်က ဒေါက်တာအေးမောင် နဲ့ စာရေးဆရာ ဝေဟင်အောင်တို့ကို လွှတ်ပေးရေးနဲ့ မြောက်ဦး ဖြစ်စဉ်ကို အစိုးရက စုံစမ်း စစ်ဆေးပြီး အရေးယူပေးဖို့ တောင်းဆို ဆန္ဒပြခဲ့ကြပါတယ်။
ဇန်နဝါရီ ၂၈ ရက်နေ့က ပြုလုပ်ခဲ့တာ ဖြစ်ပြီး၊ ဆန္ဒပြသူတွေဟာ ကျောက်တော်မြို့ လမ်းမတွေ ပေါ်မှာ ပိုစတာတွေ ဆိုင်းဘုတ်တွေနဲ့ အတူ ချီတက် တောင်းဆို ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။
မြောက်ဦး အရေးမှာ သေဆုံးသူ တွေနဲ့ ဒဏ်ရာ ရသူတွေ အတွက် ပစ်ခတ်တဲ့ ရဲတွေကို အရေးယူ ပေးဖို့ နဲ့ ဒေါက်တာ အေးမောင် တို့ ကို ဖမ်းဆီထား တာ ဟာလည်း လက်ရှိသွားနေတဲ့ ဒီမိုကရေစီ လမ်းကြောင်းကို ထိခိုက်စေတယ်လို့ ဆန္ဒပြပွဲကို ဦးဆောင်သူ ကျောက်တော် ဒေသခံ ဦးကျော်လှမြင့်က ပြောပါတယ်။
ဆန္ဒပြပွဲကို လူပေါင်း ၁၅၀၀ ပါဝင် မယ်လို့ မြို့နယ် ရဲတပ်ဖွဲ့မှူး ရုံးကို ခွင့်ပြုချက် တင်စဉ်က ဖော်ပြထား ပေမယ့် ဆန္ဒပြဖို့ ထိန့်လန့် မှုတွေ ရှိတာ ကြောင့် တကယ် ဆန္ဒပြတဲ့ အခါ လူပေါင်း ၂၅ဝ ခန့်သာ ပါဝင် တာကို တွေ့ရ ပါတယ်။
မြောက်ဦး ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဒေသခံ ရခိုင်ပြည်သူ တွေက လွတ်လပ်တဲ့ စုံစမ်း စစ်ဆေးရေး အဖွဲ့ ဖွဲ့ပြီး စစ်ဆေးဖို့ တောင်းဆို ပေမယ့် အစိုးရ ကတော့ သူ့အစီ အစဉ်နဲ့သူ ပြည်ထောင်စု အဆင့် စစ်ဆေး မှုတွေ ပြုလုပ် နေပြီ ဖြစ်တယ်လို့ ပြည်နယ် အထွေအထွေ အုပ်ချုပ်ရေးမှူး ဦးတင်မောင်ဆွေက ပြောပါတယ်။
ရခိုင်ပြည်နယ် အတွင်းမှာ မြောက်ဦး ဖြစ်စဉ် အပါ အဝင် ဒေါက်တာအေးမောင်၊ စာရေးဆရာ ဝေဟင်အောင်တို့ကို ဖမ်းဆီးခံရတဲ့ အတွက် လူထု အတွင်း မှာလည်း မကျေနပ်မှုတွေ ပေါ်ပေါက် နေပြီး ဒီပြဿနာတွေ အပေါ်မှာ အစိုးရရဲ့ ကိုင်တွယ်မှုနဲ့ ပတ်သက် ပြီးလည်း ဝေဖန်မှုတွေ တိုးပွား လျက်ရှိနေ ပါတယ်။