ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မြောက်ဦးပစ်ခတ်မှု သေဆုံးသူတွေအလောင်း ထုတ်ပေး
မြောက်ဦးမှာ ထောင်နဲ့ချီတဲ့ ဆန္ဒပြ လူစုလူဝေးကို ပစ်ခတ် နှိမ်နင်းရာမှာ သေဆုံးခဲ့သူတွေရဲ့ ရုပ်အလောင်း (၇)လောင်းကို အာဏာပိုင်တွေက ဗုဒ္ဓဟူး နေ့လယ်ပိုင်းမှာ မိသားစုဝင် တွေကို လွှဲပေးလိုက်ပြီး မြောက်ဦး သုသာန်မှာ အလောင်းတွေကို ဂူသွင်းမှာ ဖြစ်ပါတယ်။
အဓိကရုဏ်း အတွင်း သေဆုံးခဲ့တဲ့ အလောင်းတွေကို ထုတ်ပေးဖို့ အာဏာပိုင်တွေ ဘက်က အစောပိုင်း ငြင်းဆန်နေခဲ့ပေမယ့် ဆေးရုံဝင်း အတွင်း လူစုလူဝေး ဖြစ်လာတဲ့ အခါကျမှ မိသားစုဝင်တွေကို ထုတ်ပေးလိုက်တာ ဖြစ်ပါတယ်။
အလောင်းရဖို့ မနက်ကတည်းက စောင့်ဆိုင်းနေခဲ့တဲ့ ကိုအောင်ခင်ကတော့ ဆေးရုံမှာ ညီဖြစ်သူရဲ့ အလောင်းကို ဒဏ်ရာတွေနဲ့ တွေ့ခဲ့ရတယ်လို့ ပြောပြပါတယ်။
သေဆုံးခဲ့သူတွေဟာ အသက် (၁၆)နှစ်ကနေ (၃၄)နှစ် အရွယ် မြောက်ဦးဒေသခံတွေ အမျိုးသားတွေ ဖြစ်ကြပြီး အလောင်းတွေမှာ သေနတ် ဒဏ်ရာတွေ၊ အရိုက်ခံရတဲ့ ဒဏ်ရာတွေ တွေ့ရတယ်လို့ ဆေးရုံရောက်နေတဲ့ မြို့ခံ တွေက ပြောကြပါတယ်။
လောလောဆယ် မှာတော့ ရုပ်အလောင်းတွေကို မြောက်ဦးဆေးရုံ ရင်ခွဲရုံကနေ သုသာန်ကို ပြောင်းရွှေ့ထားလိုက်ပြီဖြစ်ပါတယ်။
မြောက်ဦးမြို့နယ် နာရေးကူညီမှုအသင်းနဲ့ သွေးလှူရှင်အသင်း ကတော့ မိသားစုဝင်တွေရဲ့ ဆန္ဒအတိုင်း ကြာသပတေး နေ့လယ်ပိုင်းမှာ ဂူသွင်း မယ်လို့ ပြောပါတယ်။
မြောက်ဦး အဓိကရုဏ်းမှာ အာဏာပိုင်တွေ ဘက်က ပစ်ခတ်လို့ မြောက်ဦးဆေးရုံမှာ (၄)ယောက် ဆေးကုသမှုခံယူနေရပါတယ်။
ဒါ့အပြင် ဒဏ်ရာပြင်းထန်သူ (၈)ဦးကို စစ်တွေဆေးရုံမှာ တင်ထားရပြီး အဲ့ဒီထဲက တယောက်ကတော့ ဒဏ်ရာပြင်းထန်လို့ ခုချိန်ထိ သတိမရသေးဘူးလို့ မြောက်ဦးမြို့ နာရေးကူညီမှုအသင်းက ပြောပါတယ်။