ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မြောက်ဦးပဋိပက္ခ ၇ ဦးသေ၊ ၁၂ ဦးဒဏ်ရာရ
ရခိုင်ပြည်နယ် မြောက်ဦးမြို့မှာ ဆန္ဒပြသူတွေကို ရဲကပစ်ခတ်ဖြိုခွင်းတဲ့အတွက် အနည်းဆုံးလူ ၇ ယောက်သေဆုံးပြီး ၁၂ ယောက်ဒဏ်ရာရခဲ့ကြောင်း ရခိုင်ပြည်နယ် ရဲမှူးကြီး အောင်မြတ်မိုးက ဘီဘီစီကို အတည်ပြုပြောကြားပါတယ်။
မြောက်ဦးဆေးရုံတင်ထားသူတွေထဲက ၈ ယောက်ဟာလည်း ဒဏ်ရာပြင်းထန်တဲ့အတွက် စစ်တွေဆေးရုံကို ရွှေ့ပြောင်းပို့ဆောင် ထားပါတယ်။
ရခိုင်အချုပ်အခြာကျဆုံးတဲ့နေ့
ဇန်နဝါရီလ ၁၆ ရက်နေ့မှာ ရခိုင်အချုပ်အခြာ အာဏာကျဆုံးခြင်း အထိမ်းအမှတ်နေ့ ပြုလုပ်ရာမှာ ဟောပြောခွင့်ပိတ်ပင်ရာကနေ ပဋိပက္ခကြီးထွားလာတာဖြစ်ပါတယ်။
ရခိုင်အချုပ်အခြာ အာဏာကျဆုံးတဲ့နေ့ဟာ သက္ကရာဇ် ၁၇၈၄ ခုနှစ်မှာ ရခိုင်ဘုရင်မဟာသမ္မတမင်းကို ဖြုတ်ချပြီး ဘိုးတော်ဘုရားရဲ့သားတော် အိမ်ရှေ့မင်းက ထီးနန်းသိမ်းပိုက်ခဲ့တဲ့နေ့ကို အထိမ်းအမှတ်ပြုကျင်းပတာ ဖြစ်ပါတယ်။
ရခိုင်အချုပ်အခြာ အာဏာကျဆုံးခြင်း အထိမ်းအမှတ်နေ့ ပြုလုပ်သူတွေဟာ မြောက်ဦးမြို့၊ အလယ်စျေးရပ်ကွက်၊ နန်းတော်ရာကုန်းမှာ လူစုဝေးပြီး ဟောပြောပွဲပြုလုပ်ခဲ့ပါတယ်။ တေးဂီတဖျော်ဖြေပွဲတွေလည်း ပြုလုပ်ခဲ့ပါတယ်။
ညနေ ၆ နာရီခွဲ ဝန်းကျင်မှာတော့ အစိုးရရဲ့ ခွင့်ပြုချက်မရလို့ ဟောပြောပွဲ လုပ်မှာမဟုတ်ကြောင်း ကြေညာပြီး ရပ်တန့်လိုက်ရာကနေ လူအုပ်ပြန့်ကျဲသွားခဲ့ပါတယ်။ လူထောင်ကျော်လောက်ဟာ ခရိုင်အုပ်ချုပ်ရေးမှူးရုံးဘက်ကို ချီတက်ပြီး ရခိုင်နေ့ ကျင်းပခွင့်ရရှိရေး တောင်းဆို ဆန္ဒပြခဲ့ကြပါတယ်။
ရဲကပစ်ခတ်လူစုခွဲ
ည ၁၀ နာရီလောက်မှာ အေးချမ်းတဲ့ဆန္ဒပြပွဲဟာ ဆူပူဆန္ဒပြမှုအဖြစ် အသွင်ပြောင်းသွားတယ်လို့ ရဲမှူးကြီး အောင်မြတ်မိုးက ပြောပါတယ်။ ဆန္ဒပြသူအချို့ဟာ အဆောက်အအုံ၊ မော်တော်ကားတွေကို ဖျက်ဆီးခဲ့သလို တာဝန်ကျရဲတွေဆီက လက်နက်လုယူခဲ့တယ်လို့လည်း ရဲမှူးကြီး အောင်မြတ်မိုးက ပြောပါတယ်။ ရဲက သတိပေးလူစုခွဲခိုင်းတာတွေ၊ ခြောက်လှန့်ပစ်ခတ်တာတွေ လုပ်ခဲ့ပြီး ထိန်းသိမ်းမရတော့ဘဲ ရုံးကို ဝင်ရောက်သိမ်းပိုက်တဲ့အတွက် ပစ်ခတ်ခဲ့တာပါလို့ ရဲမှူးကြီးအောင်မြတ်မိုးက ပြောပါတယ်။ အဲသလို ပစ်ခတ်ရာမှာ ရာဘာကျည်ဆံကိုပဲ အသုံးပြုပြီး အောက်ပိုင်းရှပ်တိုက်ပစ်ခတ်မှု၊ မိုးပေါ်ထောင်ပစ်ခတ်မှုတွေလုပ်ခဲ့ရာမှာ ရာဘာကျည်ဆံထိမှန်ပြီး သေဆုံးခဲ့ကြတာဖြစ်တယ်လို့ ဆိုပါတယ်။
မြောက်ဦးဒေသခံတယောက်က ဘီဘီစီကိုပြောရာမှာတော့ ရဲတပ်ဖွဲ့ဟာ အစပိုင်းမှာ မိုးပေါ်ထောင်ပစ်တာမျိုးရှိခဲ့ပေမယ့် ခြောက်လှန့်ပစ်ခတ်တာမျိုးထက် လူအုပ်ထဲကို တိုက်ရိုက်ပစ်ခတ်တာမျိုးကိုသာ ပိုမိုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
လုံခြုံရေးတိုးမြှင့်
ဇန်နဝါရီလ ၁၇ ရက်နေ့မှာတော့ မြောက်ဦးဆေးရုံမှာလည်း လူအများအပြားရောက်နေကြတဲ့ အတွက် ရဲကားတွေနဲ့လုံခြုံရေးယူထားတာကို တွေ့မြင်ရပါတယ်။
ဇန်နဝါရီလ ၁၅ ရက်နေ့က ရခိုင်အချုပ်အခြာအာဏာကျဆုံးတဲ့နေ့ အထိမ်းအမှတ် အနေနဲ့ ရသေ့တောင်မှာ ဟောပြောခဲ့တဲ့ စာရေးဆရာ ဝေဟင်အောင်ကိုလည်း မနေ့ညက စစ်တွေမြို့သူ့ရဲ့နေအိမ်မှာ ဖမ်းဆီးခဲ့ပါတယ်။
သေဆုံးသူ ၇ ယောက်ရဲ့ အလောင်းတွေကို ဇန်နဝါရီလ ၁၇ ရက်နေ့ ညနေပိုင်းမှာ သက်ဆိုင်ရာ မိဘဆွေမျိုးတွေဆီကို လွှဲပြောင်းပေးခဲ့ပါတယ်။
အခြေအနေ တင်းမာနေတဲ့ အတွက် လုံခြုံရေးလည်း တင်းကျပ်ထားတယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။