ဘီလ်ရစ်ချတ်ဆန် ဘောင်ကျော်တယ်လို့ မြန်မာပြော

ရခိုင် ပြည်နယ်အရေး အကြံပေး အဖွဲ့မှာ ပါဝင်တဲ့ အမေရိကန် ဝါရင့်နိုင်ငံရေးသမား ဘီလ် ရစ်ချတ်ဆန် ဟာ အဖွဲ့က နေ နုတ်ထွက်သွားပြီး သူဟာ လုပ်ငန်းနဲ့ မဆိုင်တဲ့ ကိစ္စတွေကို ဘောင်ကျော်ပြီး ပြောဆိုခဲ့တယ်လို့ မြန်မာအစိုးရ ပြောခွင့်ရသူက ပြောကြား လိုက်ပါတယ်။

ပုဂ္ဂလိက အကျိုးကို ရှေ့ရှုတာ ထင်ရှားတယ်လို့ အတိုင်ပင်ခံရုံး ဝန်ကြီးဌာနကနေ သတင်း ထုတ်ပြန်ထားပါတယ်။

မြန်မာ အာဏာပိုင်တွေ ဖမ်းဆီးထားတဲ့ ရိုက်တာ သတင်းထောက် ၂ ယောက် အကြောင်း ရစ်ချတ်ဆန်က ပြောဆိုရာမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒေါသပေါက်ကွဲပြီး သူ့ကို တုံ့ပြန်ခဲ့တယ်လို့ မစ္စတာ ရစ်ချတ်ဆန်က ပြောပါတယ်။

နယူး မက္ကဆီကို ပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း မစ္စတာ ရစ်ချတ်ဆန်ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အချိန်ကာလ ကြာမြင့်စွာ ကတည်းက ရင်းနှီးခဲ့သူ အမေရိကန် နိုင်ငံရေး သမား တဦး ဖြစ်ပါတယ်။

ဒီအဖွဲ့မှာ ပါဝင်တဲ့ မြန်မာ ကိုယ်စားလှယ် တဦး ကတော့ အဖွဲ့ အနေနဲ့ လွတ်လွတ်လပ်လပ် လုပ်ပိုင်ခွင့် ရှိတဲ့ အကြောင်း တုံ့ပြန်ပြောဆိုပါတယ်။

အစည်းအဝေးမှာ မဆိုင်တဲ့ အကြောင်းအရာကို ပြောဆိုပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ အခြေအတင် ဖြစ်ခဲ့တာလို့ အဲဒီအချိန်က အစည်းအဝေး ခန်းထဲမှာ အတူရှိနေခဲ့တဲ့ အကြံပေး အဖွဲ့ဝင် ဒေးဒရဲ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ဒေါ်ခင်ညို က ဆိုပါတယ်။