ရခိုင် အကြံပေးအဖွဲ့ ဒုက္ခသည်လက်ခံရေး စခန်းတွေထိ သွားမယ်

ရခိုင်ပြည်နယ် အရေးနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံနဲ့ နိုင်ငံတကာ အကြား အမြင် ကွဲပြားမှု ရှိနေတာတွေ ပြေလည်အောင် အတတ် နိုင်ဆုံး ညှိနှိုင်း ပေးမယ် ဆိုပြီး ထိုင်း ဒုတိယ ဝန်ကြီးချုပ်ဟောင်း ဆူရာကီရတ် ဆာသီယန် ထိုင်းက ပြောပါတယ်။

ရခိုင်ပြည်နယ် အရေး အကြံပေး အဖွဲ့ ခေါင်းဆောင် အဖြစ် မြန်မာ အစိုးရက ခန့်အပ်ထားတဲ့ မစ္စတာ ဆာသီယန်ထိုင်း မြန်မာ နိုင်ငံကို ၄ ရက်ကြာ ရောက်ရှိ နေပါတယ်။

သူဦးဆောင်တဲ့ အကြံပေး အဖွဲ့ဝင် ၁ဝ ဦးဟာ ဇန်နဝါရီလ ၂၂ ရက်၊ တနင်္လာနေ့က နေပြည်တော်မှာ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံ ခဲ့ပါတယ်။

ကိုဖီအာနန်ကော်မရှင်ရဲ့ အကြံပြုချက်တွေကို ဘယ်လို အကောင်အထည် ဖော်ကြမလဲ ဆိုတာ ဆွေးနွေးခဲ့ကြတယ်လို့ အစိုးရက ထုတ်ပြန်ပါတယ်။

မြန်မာ စစ်တပ်ပိုင်းကလည်း ဒီ အကြံပေး အဖွဲ့ကို လက်ခံ တွေ့ဆုံမယ်လို့ ကတိပေးထားတယ် ဆိုပြီး မစ္စတာ ဆာသီယန် ထိုင်းက ဆိုပါတယ်။

အာရှတိုက် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင် ရေး အဖွဲ့ အေပီအာစီ ရဲ့ ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်ခဲ့သူ မစ္စတာ ဆာသီယန် ထိုင်းကို ရခိုင်အရေး အကြံပေး ကော်မတီ ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်ဖို့ ၂၀၁၇ နိုဝင်ဘာလမှာ မြန်မာ အစိုးရ က တာဝန် ပေးခဲ့ပါတယ်။

ရခိုင်ပြည်နယ်ထဲက ဒုက္ခသည် ပြန်လည် လက်ခံရေး စခန်းတွေ အထိ မစ္စတာ ဆာသီယန် ထိုင်းနဲ့ အဖွဲ့ သွားရောက်ဖို့ ရှိတယ်လို့ နားလည် ရပါတယ်။

သက်တမ်း တစ်နှစ် ထားရှိထားတဲ့ အဲဒီ အကြံပေး အဖွဲ့မှာ မြန်မာ နိုင်ငံ က တတ်သိ ပညာရှင် ခုနှစ်ဦး၊ နယူးမက္ကဆီကို အုပ်ချုပ်ရေးမှူးဟောင်း ဘေလ် ရစ်ချက်ဆင် နဲ့ တောင်အာဖရိက ကာကွယ်ရေး ဝန်ကြီး ဟောင်း ရို့ဖ် ပီးထရက် မေယာ တို့လည်း အဖွဲ့ဝင် အဖြစ် ပါဝင်ပါတယ်။