ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ကရင်နီ ကေအန်ပီပီ အန်စီအေမှာ လက်မှတ်မထိုးနိုင်သေး
အန်စီအေ အပစ်ရပ်စာချုပ်မှာ မကြာခင်လက်မှတ်ထိုးမယ်လို့ ကြေညာခဲ့တဲ့ မွန်ပြည်သစ်ပါတီနဲ့ လားဟူ ဒီမိုကရက်တစ်ပါတီတို့ဟာ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီရဲ့ အဖွဲ့ဝင်တွေ ဖြစ်ကြပါတယ်။
အရင်က ယူအန်အက်ဖ်စီ အဖွဲ့ဝင်အားလုံး သဘောတူမှ လက်မှတ်ရေးထိုးမယ်လို့ ဆိုထားကြတာပါ။
ယူအန်အက်ဖ်စီ အဖွဲ့ဝင် ကရင်နီအမျိုးသား တိုးတက်ရေးပါတီ ကေအန်ပီပီကတော့ သူတို့အဖွဲ့တွေအနေနဲ့ တဖွဲ့ချင်းဆုံးဖြတ်ချက် ကိုယ်ပိုင်ဆုံးဖြတ်ချက်အရ ဆုံးဖြတ်တာဖြစ်တဲ့အတွက် ပြောစရာမရှိဘူးလို့ ကရင်နီတပ်ဖွဲ့ရဲ့ အတွင်းရေးမှူး ၂ ခူးဒယ်နီရယ်က ပြောပါတယ်။
ဒီဇင်ဘာလ ၂၀ ရက်မှာ ကရင်နီစစ်သားတွေ သတ်ဖြတ်ခံရတဲ့ ကိစ္စကလည်း ယုံကြည်မှု ပိုမိုလျော့နည်းစေပြီး လတ်တလောမှာ ကေအန်ပီပီအနေနဲ့ အန်စီအေ စာချုပ်မှာ လက်မှတ်ရေးထိုးဖို့ မဖြစ်နိုင်သေးဘူးလို့ ခူးဒယ်နီရယ်က ပြောပါတယ်။
ဒါ့အပြင် အစိုးရနဲ့ ယူအန်အက်ဖ်စီဆွေးနွေးမှုတွေမှာ ၁ ချက် သဘောတူဖို့ ကျန်သေးတယ်လို့ ခူးဒယ်နီရယ်က ဆိုပါတယ်။
ယူအန်အက်ဖ်စီအဖွဲ့ဝင် ၄ ဖွဲ့ကျန်နေတဲ့အနက် ၂ ဖွဲ့က မကြာခင် လက်မှတ်ထိုးမှာဖြစ်တဲ့အတွက် ကျန်တဲ့ နှစ်ဖွဲ့ဖြစ်တဲ့ ကရင်နီနဲ့ ရခိုင်အမျိုးသား ကောင်စီတို့ဟာ အခြား အပစ်မရပ်တဲ့ မြောက်ပိုင်းအဖွဲ့တွေနဲ့ ပူးပေါင်းသွားမလားဆိုတဲ့ အချက်ကိုတော့ ယူအန်အက်ဖ်စီ အဖွဲ့ဝင်တွေအချင်းချင်း တွေ့ဆုံပြီးမှ ဆုံးဖြတ်ရမှာဖြစ်တယ်လို့ ခူးဒယ်နီရယ်က ပြောပါတယ်။
ကေအန်ပီပီ ကရင်နီဟာ ပြည်တွင်းစစ် ခေတ်ဦးကာလကတည်းက တည်ထောင်ခဲ့တဲ့ အဖွဲ့အစည်းလည်းဖြစ်သလို စစ်အစိုးရလက်ထက်က ၃ လ အပစ်အခတ်ရပ်စဲခဲ့ဖူးပြီး အပစ်ရပ်စဲရေး ကျိုးပျက်ခဲ့တဲ့ အဖွဲ့လည်းဖြစ်ပါတယ်။
သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်မှာတော့ တဖွဲ့ချင်းအလိုက် အပစ်အခတ်ရပ်စဲရေးပြုလုပ်ခဲ့ပေမဲ့ အန်စီအေ စာချုပ်ကိုတော့ လက်မှတ်ရေးထိုးခြင်း မရှိသေးတဲ့ အဖွဲ့လည်းဖြစ်ပါတယ်။