ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
KNPP စစ်သား သေဆုံးမှု နယ်ခြားစောင့်တပ်ပြောင်း ကလလတ လူငယ်ရှုတ်ချ
ဒီဇင်ဘာလ ၁၉ ရက်နေ့က ဖြစ်ခဲ့တဲ့ ကရင်နီ KNPP ရဲဘော် ၃ ဦး နဲ့ အရပ်သား ၁ ဦးသေဆုံး အလောင်းဖျောက်ဖျက်ခံရတဲ့ ဖြစ်စဉ်ဟာ ပြည်နယ် ငြိမ်းချမ်းရေးကို အက်ကြောင်းဖြစ်စေပြီး ငြိမ်းချမ်းရေးဖြစ်စဉ်ကို ယုံကြည်မှု လျော့ကျစေတယ်လို့ နယ်ခြားစောင့်တပ်ဖွဲ့အဖြစ် ကူးပြောင်းထားတဲ့ ကရင်နီ လူမျိုးပေါင်းစုံ လွတ်မြောက်ရေးတပ်ဦး ကလလတ လူငယ်အဖွဲ့က ပြောပါတယ်။
အရပ်သား၁ ဦးပါ သေဆုံးခဲ့ရတဲ့ အဲဒီဖြစ်စဉ်မှာ ပြည်နယ်အစိုးရအနေနဲ့ သေဆုံးသူတွေရဲ့ မိသားစုတွေအတွက် သေဆုံးသူ ၁ ဦးစီအတွက် ဂရုဏာကြေး ၅ သိန်း ပေးအပ်တာကလွှဲလို့ တာဝန်ယူ တာဝန်ခံ ဖြေရှင်းမှုနဲ့ အရေးယူတုံ့ပြန်မှု မရှိခဲ့ဘူးလို့ ကလလတ လူငယ်အဖွဲ့မှ နော်ဖောဝါးက ဘီဘီစီကို ပြောပါတယ်။
ဒါ့အပြင် အဲဒီသေဆုံးမှုအပေါ် ကန့်ကွက်ဆန္ဒတဲ့ လူငယ် ၅ ဦးကို တရားစွဲဆို ချုပ်နှောင်မှုတွေ လုပ်လာတဲ့အတွက်လည်း စိုးရိမ်ပူပန်မိပြီး ဖြစ်စဉ် နှစ်ခုစလုံးအတွက် ပြင်းထန်စွာရှုတ်ချတယ်လို့ ဇန်နဝါရီလ ၉ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ ကလလတ လူငယ်အဖွဲ့ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
အခု ကြေညာချက်ထုတ်ပြန်တဲ့ ကရင်နီလူမျိုးပေါင်းစုံ လွတ်မြောက်ရေးတပ်ဦး ကလလတ ဟာ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီလို့ ခေါ်တဲ့ KNPP နဲ့ ကာလတာရှည် တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ဖူးတဲ့ အဖွဲ့လည်း ဖြစ်ပါတယ်။
စစ်အစိုးရလက်ထက်ကတည်းက အပစ်အခတ်ရပ်စဲရေး ပြုလုပ်ခဲ့တဲ့ ကလလတရဲ့ တပ်အချို့ဟာ အစိုးရ စစ်တပ် လက်အောက်ခံ နယ်ခြားစောင့်တပ်အဖြစ်လည်း အသွင်ပြောင်းထားတာပါ။
သူတို့နှစ်ဖွဲ့ရဲ့ အရင်က ဆက်ဆံရေးမှာ ဆိုးဝါးတဲ့ ဆက်ဆံမှုတွေ ရှိခဲ့ပေမဲ့ ကလလတ ဟာ KNPP ကို ပြည်နယ် ငြိမ်းချမ်းရေးအတွက် ဦးဆောင်နေသူအဖြစ် သတ်မှတ်ထားတယ်လို့ ကလလတ လူငယ် တာဝန်ခံ နော်ဖောဝါးက ပြောပါတယ်။
ကရင်နီ စစ်သည် ၃ ဦးနဲ့ အရပ်သား ၁ ဦး သတ်ဖြတ်ခံရပြီးနောက် မကြာခင်မှာပဲ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ လွိုင်ကော်ကို လာရောက်ခဲ့ပြီး ငြိမ်းချမ်းရေး အရေးကြီးတဲ့ အကြောင်းပြောခဲ့ပေမဲ့ ကရင်နီ ၃ ဦးနဲ့ အရပ်သားတဦး သေဆုံးမှု အကြောင်းကို ဘာမှ ပြောဆိုခဲ့တာ မတွေ့ရဘူးလို့လည်း နော်ဖောဝါးက ထောက်ပြပါတယ်။