ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ထွက်ပြေးလွတ်မြောက်လာတဲ့ လူသက်သေရှိတယ်
ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ KNPP ရဲ့ အဖွဲ့ဝင် ၄ ယောက်ကို အစိုးရ စစ်သားတွေက မြေပြင်မှာ ထိုင်ခိုင်းပြီး အနောက်က ပစ်သတ်ခဲ့တာ ဖြစ်တယ်လို့ KNPP ပါတီက စွပ်စွဲ ပြောဆိုပါတယ်။
ကိုယ်တိုင် ထွက်ပြေး လွတ်မြောက် လာတဲ့ KNPP ပါတီ အဖွဲ့ဝင် လူသက်သေ ရှိတယ်လို့လည်း ဆိုပါတယ်။
လွိုင်ကော်မြို့ အနီး ဒီဇင်ဘာ ၂ဝရက်နေ့က ပေါ်ပေါက်ခဲ့တဲ့ အဲဒီ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး တပ်မတော်ဘက်ကတော့ အပြန်အလှန် တိုက်ပွဲ ဖြစ်ခဲ့တာလို့ ပြောဆို ထားပြီး၊ သေဆုံးခဲ့သူတွေရဲ့ အရိုးပြာတွေကို KNPP ကို ပြန်ပေး ထားပါတယ်။
သေဆုံးသူတွေရဲ့ ရုပ်အလောင်းကို စစ်ဆေးခွင့် မရခဲ့တာ အပြင်၊ အပြန်အလှန် တိုက်ပွဲ ဖြစ်သံကို ပတ်ဝန်းကျင်က မကြားခဲ့တဲ့ အချက်တွေကို KNPP က ထောက်ပြ နေပြီး၊ အခင်းဖြစ်ရာ ဝန်းကျင်မှာ တွေ့ရတဲ့ ကျည်ဆံခွံတွေထဲ KNPP တပ်ဖွဲ့ဝင်တွေ ကိုင်ဆောင် မထားတဲ့ M 16 ကျည်ခွံတွေပါ ပါဝင်နေတယ်လို့ KNPP က ဘီဘီစီကို ပြောပါတယ်။
ဒါ့ကြောင့် ဒီ ကျည်ခွံတွေကလည်း အခင်းဖြစ်ပြီး နောက်မှ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ခဲ့သယောင် ချထားခဲ့တာလို့ KNPP ပါတီက စွပ်စွဲပါတယ်။
အဲဒီ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး စစ်ခုံရုံးဖွဲ့ စစ်ဖို့ အဖွဲ့တစ်ခု ဆင်းလာကြောင်း သိထားရတယ်လို့ KNPP အထွေထွေ အတွင်းရေးမှူး ဦးရွှေမျိုးသန့်က ဆိုပါတယ်။
သစ်တွေ တင်လာ တယ်ဆိုတဲ့ တပ်မတော် ကားကို လွိုင်ကော်မြို့ အနီး ၇ မိုင် ကင်း စခန်းမှာ တာဝန်ကျ နေတဲ့ KNPP ကင်းစခန်းက စစ်ဆေး ခဲ့တဲ့ အတွက်၊ ညဘက် မှာ အစိုးရ စစ်တပ်က ကင်းစခန်းကို လာဝိုင်းခဲ့ပြီး အဲဒီ တပ်ဖွဲ့ဝင် ၄ ဦးကို သတ်ပစ် လိုက်တာလို့ KNPP ပါတီက ဘီဘီစီကို ပြောထားပါတယ်။
ဖြစ်ရပ်မှန်ကို အများသိစေဖို့ ဆိုပြီး KNPP က ဒီဇင်ဘာ ၃၁ ရက်နေ့ လွိုင်ကော်မှာ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။