ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
KNPP တပ်ဖွဲ့ဝင် ၄ ဦးရဲ့ အရိုးပြာ ပြန်ပို့
တပ်မတော်က ဖမ်းဆီး သွားပြီး သတ်ဖြတ် ခံခဲ့ရတဲ့ ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ KNPP တပ်ဖွဲ့ဝင် ၄ ယောက်ရဲ့ အရိုးပြာ တွေကို တပ်မတော် ကနေ ပြန်ပေးလိုက် ပါတယ်။
လွိုင်ကော်မြို့ အနီး ၇ မိုင် ကင်း စခန်းမှာ တာဝန်ကျ နေတဲ့ အဲဒီ KNPP တပ်သား ၄ ယောက်ကို မြန်မာ အစိုးရ တပ်ဖွဲ့က ဖမ်းဆီး သတ်ဖြတ် လိုက်တာလို့ KNPP ကပြော ပေမယ့် တပ်မတော် ဘက် ကတော့ တိုက်ပွဲ ဖြစ်လို့ အဲဒီ ၄ ဦး သေဆုံး သွားတာ လို့ ပြောပါတယ်။
သစ်တွေ တင်လာ တယ်ဆိုတဲ့ တပ်မတော် ကားကို အဲဒီ KNPP ကင်းစခန်းက စစ်ဆေး ခဲ့တာ နဲ့ ပတ်သက်ပြီး ညဘက် မှာ တပ်မတော် ဘက်က ကင်းစခန်းကို လာဝိုင်းပြီး အဲဒီ တပ်ဖွဲ့ဝင် ၄ ဦးကို သတ်ပစ် လိုက်တာလို့ KNPP အတွင်းရေးမှူး ၂ စောဒန်နီယာယ်က ဘီဘီစီကို ပြောပါတယ်။
KNPP ကင်းစခန်းကို လာဝိုင်းတဲ့ တပ်ဖွဲ့မှာ တပ်သား အင်အား ၆၀ ပါဝင်တယ် လို့လည်း ဆိုပါတယ်။
KNPP ဘက်ကနေ ပြည်နယ် ဝန်ကြီးချုပ်၊ ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ၊ နေပြည်တော် စစ်ဖက် ရေးရာ လုံခြုံရေး တပ်ဖွဲ့ စရဖ ရုံးချုပ် တို့ကို ဆက်သွယ် စကား ပြောနေတဲ့ကြားက သတ်ဖြတ် လိုက်တာလို့ စွပ်စွဲပါတယ်။
ပြန်ပေးလိုက်တဲ့ တပ်သား ၄ ယောက်ရဲ့ အရိုးစုကို ထည့်ထားတဲ့ ဖန်ပုလင်းလေးတွေ ဆိုတာ ကိုလည်း KNPP နဲ့ နီးစပ် သူတွေက လူမှုကွန်ရက်မှာ ဓာတ်ပုံနဲ့ ဖော်ပြကြ ပါတယ်။
ဒီဖြစ်စဉ်ကို ဆန့်ကျင် ကန့်ကွက်တဲ့ အနေနဲ့ ကရင်နီ အရပ်ဖက် အဖွဲ့ အစည်း တချို့က လွိုင်ကော် မြို့ပေါ်နဲ့ ဒေသ ကွပ်ကဲ ရေး စစ်ဌာနချုပ် ရှေ့တွေမှာ ဆန္ဒပြခဲ့ကြ ပါတယ်။
KNPP ဟာ မြန်မာ အစိုးရ စစ်တပ်နဲ့ ပြည်နယ် အဆင့် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ကို ၂၀၁၂ ခုနှစ် တုန်းက လက်မှတ် ရေးထိုး ထားတာ ဖြစ်ပါတယ်။