ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ANP ဥက္ကဋ္ဌဟောင်း ဒေါက်တာအေးမောင်ကိုဖမ်း
ANP ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌဟောင်း ဒေါက်တာအေးမောင်ကို ဇန်နဝါရီလ ၁၈ ရက် နေ့လယ် ၁၂ နာရီ ၅ဝ မိနစ် ဝန်းကျင်လောက်က သူနေထိုင်ရာ စစ်တွေမြို့ နေအိမ်ကို ရဲတွေလာရောက်ပြီး ဖမ်းဆီးခေါ်ဆောင် သွားတယ်လို့ ရခိုင်အမျိုးသားပါတီ ရန်ကုန်တိုင်း တွဲဖက် အတွင်းရေးမှူး ဦးခိုင်မိုးက ဘီဘီစီကို အတည်ပြုပြောပါတယ်။
ပြီးခဲတဲ့ ဇန်နဝါရီ (၁၅) ရက်နေ့က ရခိုင်ပြည်နယ်ရသေ့တောင်မြို့နယ်မှာပြုလုပ်တဲ့ ရခိုင် နိုင်ငံတော် အချုပ်အချာ အာဏာကျဆုံးခြင်း(၂၃၃) နှစ်မြောက် ဝမ်းနည်းခြင်း အထိမ်းအမှတ် စာပေဟောပြောပွဲမှာ ပြောကြားခဲတဲ့ အကြောင်းအရာ တွေကြောင့် ဟောပြောခဲ့ကြတဲ့ စာရေးဆရာ ဝေဟင်အောင်ကို ဟောပြောပွဲအပြီး နောက်တနေ့မှာ အာဏာပိုင်တွေကဖမ်းဆီး ထိန်းသိမ်းခဲ့ကြပြီး ဒေါက်တာအေးမောင်ကိုတော့ ဒီကနေ့ လာရောက် ဖမ်းဆီးကြတာ ဖြစ်ပါတယ်။
လက်ရှိမှာတော့ ဒေါက်တာအေးမောင်ကို ရခိုင်ပြည်နယ် အစိုးရအဖွဲ့က မတရားအသင်း ဆက်သွယ်မှု နဲ့ စပ်ဆက်တဲ့ ပုဒ်မ ၁၇(၁) (၂)၊ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ)၊ နိုင်ငံတော်ပုန်ကန်မှု ပုဒ်မ ၁၂၁ (ခ) (ဂ) အစရှိတဲ့ ပုဒ်မတွေနဲ့ အမှုဖွင့်ထားတယ်လို့ ဦးခိုင်မိုးက ပြောပါတယ်။
နိုင်ငံရေးသမားက နိုင်ငံရေးစကားပြောလို့ ဖမ်းဆီးခံရတာဟာ လုံးဝမဖြစ်သင့်ကြောင်းကိုလည်း ကိုခိုင်မိုးက ဘီဘီစီကိုပြောပါတယ်။
နောက်ဆုံးရရှိထားတဲ့သတင်းတွေအရ ဒေါက်တာအေးမောင်ကို စစ်တွေမြို့ အမှတ်(၁) ရဲစခန်းကနေတဆင့် စစ်တွေမြို့ အကျဉ်းထောင်ကို ပြောင်းရွှေ့ထားလိုက်ပြီ ဖြစ်ကြောင်း သိရပါတယ်။