ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မြောက်ဦးပစ်ခတ်မှု အနည်းဆုံး ၇ ဦးသေဆုံး
မြောက်ဦးဆန္ဒပြပွဲကို ရဲကပစ်ခတ်နှိမ်နင်းရာမှာ အနည်းဆုံးလူ ၇ ယောက်သေဆုံးပြီး ၁၂ ယောက် ဒဏ်ရာရခဲ့ကြောင်း ရခိုင်ပြည်နယ် ရဲမှူးကြီး အောင်မြတ်မိုးက ဘီဘီစီကို အတည်ပြုပြောကြားပါတယ်။
ရခိုင်ဘုရင့်နိုင်ငံတော်ကျဆုံးမှု အခမ်းအနားကို အာဏာပိုင်တွေက တားဆီးခဲ့ပြီးနောက် မကျေနပ်တဲ့ လူအပ်က ဆန္ဒပြခဲ့ရာမှာ ရဲတပ်ဖွဲ့က ဖြိုခွင်းခဲ့မှုကြောင့် သေဆုံးသူအရေအတွက် တိုးလာနေပါတယ်။
မြောက်ဦးဖြစ်ရပ်ကြောင့် သေဆုံးသူ ၇ ဦးရှိသွားပြီလို့ ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့က ဒီကနေ့မနက်ပိုင်းမှာ ဘီဘီစီကို ပြောပါတယ်။ သေဆုံးသူ ၇ ဦးစလုံးဟာ လူငယ်ပိုင်းအမျိုးသားတွေ ဖြစ်တယ်လို့လည်း အဲဒီ တာဝန်ကျ ရဲအရာရှိက ပြောပါတယ်။
မြောက်ဦးဆေးရုံမှာ သွားကြည့်ခဲ့တဲ့ ရခိုင်အမျိုးသားပါတီမှ ဦးခိုင်မိုးကတော့ အာဏာပိုင်တွေ ပစ်ခတ်လို့ သေဆုံးခဲ့တဲ့ အလောင်း ၉ လောင်းကို မြောက်ဦးဆေးရုံမှာ တွေ့ရတယ်လို့ ဇန်နဝါရီလ ၁၇ ရက်နေ့ မွန်းလွဲပိုင်းမှာ ဘီဘီစီကို ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ ပြာသိုလကွယ်နေ့ကို ရခိုင်ဘုရင့်နိုင်ငံတော် ကျဆုံးနေ့အဖြစ် နှစ်စဉ်ကျင်းပလေ့ရှိပါတယ်။
ဒီနှစ်မှာလည်း မနက်ပိုင်းမှာ သံဃာတွေကို ဖိတ်ပြီး တရားနာ စတုဒီသာကျွေးမွေးခဲ့ပြီး ညနေပိုင်းမှာ စာပေဟောပြောပွဲနဲ့ ပြဇာတ်ကို ကျင်းပဖို့ စီစဉ်ထားရာမှာ သက်ဆိုင်ရာက ခွင့်မပြုကြောင်း တားမြစ်ခဲ့တဲ့အတွက် လူအုပ်ကြီးက ဆန္ဒပြခဲ့တာဖြစ်တယ်လို့ မြောက်ဦးဒေသခံတွေက ပြောကြပါတယ်။ဇန်နဝါရီ ၁၆ ရက်နေ့ညက မြောက်ဦးမှာဖြစ်ခဲ့တဲ့ ဖြစ်စဉ်တွေကို ဇန်နဝါရီလ ၁၇ ရက်နေ့ထုတ် အစိုးရ နေ့စဉ်သတင်းစာတွေမှာလည်း ဖော်ပြခဲ့ခြင်း မရှိ မွန်းလွဲပိုင်းအထိလည်း အာဏာပိုင်တွေဘက်က တရားဝင်ထုတ်ပြန်ချက် ထုတ်ပြန်တာ မရှိသေးပါဘူး။
ဖြစ်စဉ်တွေကို သတင်းထုတ်ပြန်မှုနှေးလို့ ပိုပြီးဆိုးဝါးနိုင်တဲ့ အခြေအနေမျိုးလည်း ရှိနိုင်တဲ့အတွက် အစိုးရဘက်က သတင်းကို အမြန်ထုတ်ပြန်သင့်သလို အစိုးရသတင်းစာတွေကလည်း ဖော်ပြသင့်တယ်လို့ မြန်မာကွာတာလီမဂ္ဂဇင်းက အယ်ဒီတာ ကိုနေထွန်းနိုင်က မှတ်ချက်ပြု ပြောဆိုပါတယ်။
သေဆုံးသူတွေကို ဇန်နဝါရီလ ၁၇ ရက်နေ့ ညနေပိုင်းမှာ သဂြိုလ်မယ်လို့ သတင်းတွေလည်း ထွက်နေပေမဲ့ နေ့လည် ၂ နာရီကျော်အချိန်အထိ သဂြိုလ်နိုင်ခြင်းမရှိသေးဘူးလို့ မြောက်ဦးနာရေးကူညီမှုအသင်းမှ တာဝန်ရှိသူက ဘီဘီစီကို ပြောပါတယ်။