ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
နှစ်ဘက် အသိုင်းအဝိုင်းကြား စိုးရိမ်စိတ်နဲ့ စောင့်ကြည့်နေ
ရခိုင်ပြည်နယ်ထဲ ရိုဟင်ဂျာတွေ သိန်းနဲ့ချီ ဆက်လက် ရှိနေသေးပေမယ့်လည်း သူတို့ရဲ့ လူနေမှု ဘဝတွေ အတွက် အခြေခံ လိုအပ်ချက်တွေ အားလုံး ရပ်ဆိုင်း နေတယ် ဆိုပြီး နိုင်ငံတကာ ကြက်ခြေနီ အဖွဲ့က ပြောပါတယ်။
ရိုဟင်ဂျာတွေ နေထိုင်ရာ အရပ်တွေမှာ စျေးတွေ ဆိုင်တွေ ပိတ်လျက် ရှိနေပြီး၊ လယ်သမားတွေ လယ်ထဲဆင်းတာမျိုးလို ပုံမှန် ဘဝတွေ ရှိမနေတော့ဘူးလို့ နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ရဲ့ ညွှန်ကြားရေးမှူး Dominik Stillhart က ပြောပါတယ်။
မစ္စတာ စတေးလ်ဟာ့ထ်ဟာ မြန်မာနိုင်ငံကို မကြာသေးခင်ကပဲ လာရောက် ခဲ့သူ ဖြစ်ပါတယ်။
ရိုဟင်ဂျာ မွတ်ဆလင်တွေနဲ့ အနီးနားက ဗုဒ္ဓဘာသာဝင်တွေ အကြားမှာဆိုရင် တဘက်နဲ့ တဘက် သတိ အကြီးအကျယ်ထားပြီး အန္တရာယ် ဘယ်တော့ ပေါ်လာလိမ့်မလဲ ဆိုတဲ့ အနေအထားနဲ့ စောင့်ကြည့် နေကြတယ်လို့လည်း သူက ဆိုပါတယ်။
ရခိုင်မြောက်ပိုင်းက နယ်ခြားစောင့် ရဲစခန်းတွေ အတိုက်အခိုက် ခံခဲ့ရတဲ့နောက် အစိုးရ လုံခြုံရေး တပ်ဖွဲ့တွေရဲ့ တုံ့ပြန်ကိုင်တွယ်မှုဟာ ရိုဟင်ဂျာ အရပ်သားတွေ အပေါ်မှာပါ ပစ်မှတ်ထားခဲ့တယ်လို့ နိုင်ငံတကာက စွပ်စွဲ ပြစ်တင် နေပါတယ်။
ရိုဟင်ဂျာ ၆ သိန်း ကျော် ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေး ခဲ့ကြရသလို၊ မြန်မာပြည်ထဲ ဆက်လက် ရှိနေတဲ့ ရိုဟင်ဂျာတွေ အတွက်လည်း ပုံမှန်ဘဝ ပျောက်ဆုံး သွားရတယ် ဆိုပြီး အခုလို နိုင်ငံတကာ ကြက်ခြေနီ အဖွဲ့က ပြောလာတာ ဖြစ်ပါတယ်။
အဲဒီလို ဆက်လက် ရှိနေတဲ့ ရိုဟင်ဂျာ အရေအတွက် ၃ သိန်း ဝန်းကျင် ရှိနိုင်တယ်လို့ နိုင်ငံတကာက ခန့်မှန်း ထားပါတယ်။