ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
လုံခြုံရေးကောင်စီ တုံ့ပြန်ပုံ နှေးတယ်လို့ ဝေဖန်ခံရ
မြန်မာနိုင်ငံက ရိုဟင်ဂျာ အရေးနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ လုံခြုံရေး ကောင်စီတွင်း ဒီဇင်ဘာ ၁၂ ရက်၊ အင်္ဂါနေ့မှာ ဆွေးနွေးကြဖို့ ရှိနေပါတယ်။
မြန်မာနိုင်ငံထဲ ရိုဟင်ဂျာတွေ အပါအဝင် တခြား လူမျိုးစုတွေ အပေါ် ကျူးလွန် တိုက်ခိုက်တဲ့ လုပ်ရပ်တွေ အပေါ် ပြင်းပြင်းထန်ထန် ရှုတ်ချတယ် ဆိုပြီး လူ့အခွင့်အရေး ကောင်စီက ပြီးခဲ့တဲ့ သီတင်းပတ်တုန်းကပဲ ဆုံးဖြတ်ချက် ချမှတ် ထားခဲ့တဲ့နောက် လုံခြုံရေးကောင်စီထဲမှာ မြန်မာအရေးကို ထပ်မံ ဆွေးနွေး လာတာ ဖြစ်ပါတယ်။
အခု ကျင်းပမယ့် လုံခြုံရေးကောင်စီ အစည်းအဝေးကို ဒီဇင်ဘာလ အတွက် အလှည့်ကျ ဥက္ကဋ္ဌ ဖြစ်တဲ့ ဂျပန် နိုင်ငံက ဦးဆောင်မှာ ဖြစ်ပါတယ်။
လုံခြုံရေးကောင်စီရဲ့ ရိုဟင်ဂျာ အရေး တုံ့ပြန် ကိုင်တွယ်ပုံတွေဟာ ရှက်ဖို့ ကောင်းလောက် အောင်ကို ထိရောက်မှု မရှိ ဖြစ်နေတယ် ဆိုပြီး နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ Amnesty International ကတော့ ပြင်းပြင်းထန်ထန် ဝေဖန်ပါတယ်။
လူသားမျိုးနွယ်ပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုမြောက်တဲ့ အထိ ရိုဟင်ဂျာ အရပ်သားတွေ ပစ်မှတ်ထား ခံနေရတာကို ရပ်တန့်နိုင်ရေး အတွက် လုံခြုံရေးကောင်စီက ဆုံးဖြတ်ချက် ချမှတ် ပေးပါ ဆိုပြီးတော့လည်း AI အဖွဲ့က တိုက်တွန်း နေပါတယ်။
မြန်မာနိုင်ငံကို လက်နက်ရောင်းတာ ပိတ်ဖို့၊ စစ်ခေါင်းဆောင်ပိုင်းကို ပစ်မှတ်ထားတဲ့ ကန့်သတ် ပိတ်ပင်တာတွေ ပြုလုပ်ဖို့ ဆုံးဖြတ်ထားတဲ့ လူ့အခွင့်အရေး ကောင်စီရဲ့ ဆုံးဖြတ်ချက် အပေါ် အဓိကထား မူတည်ပြီး လုံခြုံရေး ကောင်စီကလည်း ဆုံးဖြတ်ချက် ချသင့်တယ်လို့ AI အဖွဲ့ရဲ့ နယူးယောက်မြို့ရုံးက အကြီးအကဲ Sherine Tadros က ဆိုပါတယ်။
မြန်မာ အစိုးရကတော့ နိုင်ငံတကာရဲ့ စွပ်စွဲမှုတွေကို ငြင်းဆိုထားပြီး၊ လူ့အခွင့်အရေး ကောင်စီရဲ့ ဆုံးဖြတ်ချက်ထဲ မပါဝင်ပဲ နေခဲ့ပါတယ်။