ရခိုင် အရေး နိုင်ငံတကာ ဖိအား ပိုများနေလို့ ဝန်ကြီးဆို

ရခိုင် အရေး နဲ့ ပတ်သက်ပြီး နိုင်ငံတကာ ရဲ့ ဖိအားတွေ ရင်ဆိုင် နေရပြီး တိုင်းပြည် တစ်ခုမှာ လူတွေကို အစိုးရ က ကာကွယ် မပေးနိုင်ရင် နိုင်ငံ တကာက ဝင်ရောက် ဖြေရှင်း ခွင့် ရှိတဲ့ R2P လို့ ခေါ်တဲ့ responsility to protect ဆိုတဲ့ ဖိအား တွေ နဲ့ ရင်ဆိုင် နေရတယ်လို့ ပြည်ထောင်စု ဝန်ကြီး ဦးသောင်းထွန်း က နိုင်ငံ့ အသံလွှင့် အစီအစဉ်မှာ ပြောခဲ့ပါတယ်။

တနင်္ဂနွေ စကားဝိုင်း Sunday Talk ဆွေးနွေးခန်း အစီအစဉ်မှာ အဓိက အားဖြင့် အချက် (၂) ချက်ကို ပြောပြ ခဲ့ပြီး၊ R2P နဲ့ မြန်မာ့ အရေးကိစ္စဟာ လုံခြုံရေး ကောင်စီမှာ ဆွေးနွေး တဲ့ အနေ အထား အထိ ရောက်နေပြီ ဆိုတာကို ပြည်သူတွေကို ရှင်းလင်းလင်း လင်း ချပြတာမျိုး ဖြစ်တယ်လို့ မဟာဗျူဟာ နဲ့ မူဝါဒ လေ့လာရေး အင်စတီကျူ က လက်ထောက် ဒါရိုက်တာ ကိုနေထွန်းနိုင် က ပြောပါတယ်။

ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှာ ဆွေးနွေး တဲ့ အခါမှာလည်း အမြဲတမ်း အဖွဲ့ဝင် ၅ နိုင်ငံရဲ့ သဘောထား အပေါ်မှာလည်း မူတည် တယ်လို့ ကိုနေထွန်း နိုင်က သုံးသပ်ပါတယ်။

R2P အနေအထားမျိုး မရောက်လာခင်မှာ ဘင်္ဂလားဒေ့ရှ် နဲ့ နှစ်နိုင်ငံ သဘောတူညီမှု ရယူပြီး ရခိုင်က ထွက်ပြေးသွားတဲ့ ဒုက္ခသည်တွေကို ပြန်လည် လက်ခံ တာမျိုး လုပ်ဆောင် လာတာ ဖြစ်တယ်လို့လည်း သုံးသပ် နေကြပါတယ်။

ဒုက္ခသည် အရေးမှာ ဘင်္ဂလားဒေ့ရှ် နဲ့ ပူးပေါင်း ဆောင်ရွက်မှု ကို အရှိန်မြှင့် တင် ဆောင်ရွက်ပြီး နိုင်ငံတကာ ရဲ့ ဖိအား တွေကို လျော့ကျ အောင် လုပ်တဲ့ အနေအထား မျိုးလို့ ရှုမြင်သူတွေလည်း ရှိပါတယ်။

ရခိုင် အရေး နဲ့ ပတ်သက်လို့ ၁၉၉၂ သဘောတူညီချက်ကို အခြေခံပြီး မြန်မာ နိုင်ငံမှာ နေထိုင်ခဲ့ဖူးသူ ဖြစ်မှ လက်ခံမယ်၊ ဒေသတွင်း တည်ငြိမ်ရေး အတွက် အလုပ်နဲ့ သက်သေ ပြမယ်ဆိုပြီး ပြည်ထောင်စု ဝန်ကြီး ဦးသောင်းထွန်း နဲ့ UEHRD ကော်မတီက ညှိနှိုင်းရေးမှူးချုပ် ပါမောက္ခ ဒေါက်တာ အောင်ထွန်းသက် တို့ က ကတိပေး ပြောကြား ခဲ့တာကိုလည်း တွေ့ရပါတယ်။

အစိုးရ အနေနဲ့ လုံခြုံရေး၊ နိုင်ငံသား လျှောက်ထားမှု စတဲ့ ကိစ္စ တွေကို အာမခံမှု စတာတွေကို စိုးရိမ် မိကြောင်း ဒုက္ခသည်တွေက တွေက ပြောကြားနေပါတယ်။

မြန်မာ အစိုးရ ဘက်ကတော့ ဒုက္ခသည်တွေကို နှစ်လ အတွင်း ပြန်လည် လက်ခံသွားမှာ ဖြစ်တယ်လို့ ပြောကြားထားပါတယ်။ ဒါပေမယ့် လုံခြုံရေး ကိစ္စကတော့ တပ်မတော် အပေါ်မှာသာ မူတည်တယ်ဆို တဲ့ သုံးသပ် မှုတွေလည်း ရှိပါတယ်။

Sunday Talk အစီအစဉ်က ရခိုင် အရေး နဲ့ ပတ်သက်လို့ လက်ရှိ အစိုးရ ရဲ့ ဆောင်ရွက်ချက်တွေကို တစ်နည်းနည်း နဲ့ ပြည်သူကို သတင်းစကား ပြောကြား တာမျိုး ဖြစ်တယ် ဆိုတဲ့ ဝေဖန်မှုတွေကလည်း ရှိနေပါတယ်။