ရိုဟင်ဂျာ လက်နက်ကိုင် အဖွဲ့က ငြိမ်းချမ်းရေး ဆွေးနွေးလိုကြောင်း ထုတ်ပြန်

အာရ်ကန် ရိုဟင်ဂျာ ကယ်တင်ရေးတပ် ARSA အာဆာ ဆိုတဲ့ နာမည် ခံယူထားတဲ့ လက်နက်ကိုင် အုပ်စုက မြန်မာ အစိုးရနဲ့ ငြိမ်းချမ်းရေး စကားပြောလိုတဲ့ ဆန္ဒ ရှိတယ်လို့ ပြောလာပါတယ်။
အပစ်အခတ် ရပ်စဲကြောင်း သူတို့ဘက်က စက်တင်ဘာလတုန်းက တစ်ဘက်သတ် ကြေညာထား ခဲ့တာ လာမယ့် တနင်္လာနေ့ အောက်တိုဘာလ ၉ ရက်နေ့ ဆိုရင် အချိန် စေ့ပြီလို့လည်း အာဆာ အဖွဲ့ရဲ့ ထုတ်ပြန်ချက်ထဲ ဖော်ပြ ထားပါတယ်။
မြန်မာ နိုင်ငံထဲက ရိုဟင်ဂျာ မွတ်ဆလင်တွေရဲ့ အခွင့်အရေးတွေ အတွက် တိုက်ခိုက် နေတာ ဖြစ်တယ်လို့ အာဆာ လက်နက်ကိုင်တွေက ဆိုထားပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လ နှောင်းပိုင်းက အာဆာ အစွန်းရောက် အဖွဲ့က မြန်မာ နယ်ခြားစောင့် ရဲကင်း စခန်းတွေကို အုပ်စုဖွဲ့ ချိန်ကိုက် တိုက်ခိုက်လာတဲ့ နောက်ပိုင်း မြန်မာ လုံခြုံရေး တပ်ဖွဲ့တွေရဲ့ စစ်ရေးအရ တုံ့ပြန် ကိုင်တွယ် ခဲ့ပါတယ်။
ဒီ အခြေအနေတွေကြား သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာ အရပ်သားတွေဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက် ထွက်ပြေး ခဲ့ကြရပါတယ်။
အခုလို ရိုဟင်ဂျာ လက်နက်ကိုင် အုပ်စုကနေ ငြိမ်းချမ်းရေး ဆွေးနွေးလိုကြောင်း ပြောလာတဲ့ အပေါ် မြန်မာ အစိုးရဘက်က တစုံတရာ တုံ့ပြန်တာမျိုး၊ ရခိုင်ပြည်နယ်ထဲက လုံခြုံရေး အဖွဲ့တွေဆီ တစုံတရာ ညွှန်ကြားတာမျိုး မရရှိ သေးဘူးလို့ ရခိုင်ပြည်နယ် နယ်ခြားစောင့် တပ်က ရဲမှူးကြီး စိုးမြင့်ဦးက ဘီဘီစီကို ပြောပါတယ်။

အာဆာတွေ တစ်ဘက်သတ် အပစ်ရပ်ထားတယ် ဆိုတဲ့ ကာလအတွင်းမှာလည်း မြန်မာ လုံခြုံရေး တပ်ဖွဲ့တွေဘက်ကတော့ လုံခြုံရေး မပေါ့လျော့ပဲ သတိနဲ့ နေခဲ့တယ်လို့လည်း ရဲမှူးကြီး စိုးမြင့်ဦးက ဆိုပါတယ်။
အာဆာ အဖွဲ့အနေနဲ့ ဘင်္ဂလားဒေ့ရှ်ဘက် ရောက်သွားသူတွေထဲကနေ လူသစ်တွေ စုနေတယ်၊ သင်တန်းတွေ ပေးနေတယ် ဆိုတဲ့ အတည်ပြုဆဲ သတင်းမျိုးတွေ ရထားတယ် ဆိုပြီး ရဲမှူးကြီး စိုးမြင့်ဦးက ပြောပါတယ်။
နယ်ခြားစောင့် ကင်းစခန်းတွေ အတိုက်အခိုက် ခံခဲ့ရပြီးနောက်မှာ မြန်မာ အစိုးရ အနေနဲ့ အာဆာ အဖွဲ့ကို အကြမ်းဖက် အုပ်စု အဖြစ် သတ်မှတ်ကြောင်း ကြေညာထားပြီး၊ အဲဒီ အဖွဲ့နဲ့ ညှိနှိုင်းဆွေနွေးတာတွေ ပြုလုပ်မှာ မဟုတ်ကြောင်းလည်း ပြောဆိုထားပါတယ်။








