အပစ်အခတ်ရပ်စဲမယ်လို့ ARSA ကြေညာချက်ထုတ်

ထွက်ပြေး ရိုဟင်ဂျာ ဒုက္ခသည်များကို နယ်စပ်ဒုက္ခသည် စခန်းများမှာတွေ့မြင်ရပုံ

ဓာတ်ပုံ ရင်းမြစ်, MUNIR UZ ZAMAN

ဓာတ်ပုံ ပုံစာ, ထွက်ပြေး ရိုဟင်ဂျာ ဒုက္ခသည်များကို နယ်စပ်ဒုက္ခသည် စခန်းများမှာတွေ့မြင်ရပုံ

ဒုက္ခသည်တွေကို အကူအညီပေးရေးတွေ ဆောင်ရွက်နိုင်ဖို့အတွက် တနင်္ဂနွေ မနက်က စပြီး တလကြာ တဖက်သတ် အပစ်အခတ်ရပ်စဲရေးလုပ်မယ်လို့ ARSA အာရခန် ရိုဟင်ဂျာ ကယ်တင်ရေးတပ်က ကြေညာချက်ထုတ်ပြန်ပါတယ်။

အစိုးရလုံခြုံရေးတပ်ဖွဲ့တွေအနေနဲ့လည်း ကူညီထောက်ပံ့မှုတွေ လုပ်နိုင်ရေးအတွက် သူတို့နဲ့ အလားတူ အပစ်အခတ်ရပ်စဲရေးတွေလုပ်ဖို့ ARSA သူပုန်အဖွဲ့က တိုက်တွန်းထားပါတယ်။

ရဲကင်းစခန်း ၃၀ ကို ARSA က တိုက်ခိုက်ခဲ့ပြီးနောက်မှာ အစိုးရဘက်က နယ်မြေရှင်းလင်းရေးတွေလုပ်ခဲ့ပြီး လူအများအပြားဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပါတယ်။

မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးလာတဲ့ မွတ်ဆလင် ဒုက္ခသည် စုစုပေါင်း အရေအတွက်ဟာ အခုအခါမှာ ၂ သိန်း ၉ သောင်းအထိရှိသွားပြီလို့ ကုလသမဂ္ဂ ဒုက္ခသည် အေဂျင်စီ UNHCR က ပြောပါတယ်။

အဲဒီဒုက္ခသည်တွေ အတွက် ကူညီထောက်ပံ့ငွေ အမေရိကန် ဒေါ်လာ ၇၇ သန်း လိုအပ်နေတယ်လို့လည်း ပြောပါတယ်။

ကော့ဇပ် ဘဇား ခရိုင်ထဲကို နောက်ထပ် ဝင်ရောက်လာသူ ဒုက္ခသည်တွေ အတွက် စားနပ်ရိက္ခာ၊ ရေ၊ ဆေးဝါးပစ္စည်းတွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံကနေ ထွက်ပြေးလာသူ မွတ်ဆလင်ဒုက္ခသည်တွေက သူတို့ရွာတွေကို အစိုးရစစ်တပ်က မီးရှို့ကြတယ်လို့ ပြောပေမယ့် အစိုးရကတော့ မွတ်ဆလင်တွေဟာ သူတို့ဖာသာ မီးရှို့ထွက်ပြေးကြတာလို့ ဆိုပါတယ်။

မြန်မာနိုင်ငံအတွင်းမှာ နိုင်ငံမဲ့တွေအဖြစ်နဲ့ နေထိုင်ကြရတဲ့ ရိုဟင်ဂျာတွေက သူတို့ကို စစ်တပ်ကနေ နှိပ်စက်ညှဉ်းပန်းနေတယ်လို့ ပြောဆိုပေမယ့် စစ်တပ်ကတော့ အဲဒီစွပ်စွဲချက်ကို ငြင်းဆန်ပါတယ်။

သူတို့ဟာ အကြမ်းဖက်ခြောက်လှန့် သတ်ဖြတ်သူတွေကိုသာ တိုက်ခိုက်နေတာလို့ ဆိုပါတယ်။