ရုရှား ဗာဂနာအဖွဲ့က ကြေးစားတွေ ဘယ်ရောက်သွားကြပြီလဲ

    • ရေးသားသူ, အယ်လာ ဘာရာဘာနော့နဲ့ အန်နာစတာစီယာ လိုတာရီဗာ
    • ရာထူးတာဝန်, ဘီဘီစီ ရုရားဘာသာစကားဌာန

ဗာဂနာ (Wagner) ကြေးစားအဖွဲ့ခေါင်းဆောင် ယက်ဂေးနီ ပရီဂေါ့ဂျင် သေဆုံးမှု တစ်နှစ်ပြည့်ပြီဖြစ်ပေမဲ့ သူ့ သက်ရှိထင်ရှား ရှိနေချိန် ဗာဂနာအဖွဲ့ကို ဦးဆောင်ခဲ့ပြီး ယူကရိန်း၊ ဆီးရီးယားနဲ့ အာဖရိကတိုက်နေရာ အချို့အထိပျံ့နှံ့နေခဲ့တဲ့ သူ့အဖွဲ့က တိုက်ခိုက်ရေးသမား အင်ပါယာကြီး ဘာဖြစ်သွားပြီလဲဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ရုရှားသမ္မတ ပူတင်ဦးဆောင်တဲ့ မော်စကို အစိုးရကို ပုန်ကန်ဖို့ ကြိုးပမ်းမှု အချိန်တိုအတွင်းမှာပဲ အဆုံးသတ်ခဲ့ရတဲ့ ဗာဂနာအဖွဲ့နဲ့ သူတို့ ခေါင်းဆောင် ပရီဂေါ့ ဂျင်တစ်ယောက် လေယာဥ်ပျက်ကျမှုမှာ ရုတ်တရက် သေဆုံးခဲ့ပြီးတဲ့နောက် အဖွဲ့ ဘာဖြစ်ခဲ့လဲ ဆိုတာကို သိနိုင်ဖို့ ဘီဘီစီ ရုရှားဘာသာစကားဌာနက ဗာဂနာအဖွဲ့ဝင်ဟောင်း တိုက်ခိုက်ရေးသမားတွေ၊ အဖွဲ့နဲ့နီးစပ်တဲ့တခြားသတင်းရင်းမြစ်တွေကို စကားပြောခဲ့ပါတယ်။

၂၀၂၃ ခုနှစ်၊ စက်တင်ဘာလတုန်းက မျက်လုံးပြာပြာနဲ့လူငယ်အမျိုးသားတစ်ယောက် အစ္စတန်ဘူလ် နိုင်ငံတကာလေဆိပ်မှာ လေယာဥ်ပေါ် မတက်ခင် လေယာဥ်စီးဖို့ရှိတဲ့ခရီးသည်ဖြစ်ကြောင်းမှတ်ပုံတင် ကောင်တာရှေ့မှာ မတ်တပ်ရပ်နေခဲ့ပါတယ်။

အာရပ်ရိုးရာ ခေါင်းပတ်ပဝါ အကွက်ကို ခေါင်းမှာစည်းထားပြီး အပေါ်ကလည်း အင်္ကျီလက်ရှည်အထူဝတ်ထားတဲ့ ဒီလူငယ်ဟာ လစ်ဗျားနိုင်ငံထဲကို သွားဖို့ ကြိုးစားနေတာပါ။ အဲဒီကနေ တဆင့် အာဖရိက နိုင်ငံတစ်နိုင်ငံကို ဆက်သွားပြီး သူအလုပ်ရှာမှာဖြစ်ပါတယ်။

သူဟာ နောက်ကွယ်ကနေ လှုပ်ရှားနေပေမဲ့ ခြေတံလက်တံ အင်မတန်ဆန့်တန်းထားနိုင်တဲ့ ဗာဂနာ ကြေးစားအဖွဲ့မှာ တိုက်ခိုက်ရေးသမားတစ်ဦးအနေနဲ့ ပါခဲ့ဖူးသူလည်းဖြစ်ပါတယ်။

ဒေါ်လာ ဘီလျံ သန်းချီတန်တဲ့ ကုမ္ပဏီတွေနဲ့ စီမံကိန်းတွေကို ထိန်းချုပ်ထားတဲ့ ဗာဂနာအဖွဲ့ဟာ ဆီးရီးယား၊ မာလီ၊ ဗဟိုအာဖရိကသမ္မတနိုင်ငံ(CAR)၊ ဆူဒန်နဲ့ လစ်ဗျားနိုင်ငံတို့မှာ လှုပ်ရှားပြီး အဲဒီအဖွဲ့ရဲ့ တိုက်ခိုက်ရေးသမားတွေဟာ ရုရှားက ယူကရိန်းကို ကျူးကျော်မှုမှာ အခရာကျတဲ့နေရာကနေ ပါဝင်ခဲ့ပါတယ်။

အဲဒီနှစ် ဇန်နဝါရီလအတွင်းမှာပဲ ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာန ခန့်မှန်းချက်အရဆိုရင် ဗာဂနာ ကြေးစားတိုက်ခိုက်ရေးသမား အယောက် ၅၀,၀၀၀ အထိ ယူကရိန်းနိုင်ငံထဲမှာ ရှိခဲ့ပါတယ်။

ဘီဘီစီရုရှားဘာသာစကားဌာနက ရရှိခဲ့တဲ့စာရင်းအရဆိုရင် ဘာမြုမြို့လေးမှာဖြစ်ခဲ့တဲ့ တိုက်ပွဲမှာတင် ဗာဂနာတိုက်ခိုက်ရေးသမား အယောက် ၂၀,၀၀၀ နီးပါး သေဆုံးခဲ့ပြီး အများစုဟာ အကျဥ်းသားဟောင်း တွေဖြစ်ပါတယ်။ ပရီဂေါ့ဂျင်ဟာ ကျန်နေသေးတဲ့ သူ့တိုက်ခိုက်ရေးသမားတွေကိုတော့ ယူကရိန်းထဲကနေ ၂၀၂၃ ခုနှစ်၊ မေလမှာ ပြန်လည်ခေါ် ထုတ်ခဲ့ပါတယ်။ ခဲယမ်းမီးကျောက် လုံလုံလောက်လောက် မထောက်ပံ့ပေးဘူးလို့ မကြားဝံ့မနာသာ ပြောဆိုပြီး ရုရှား ကာကွယ်ရေးဝန်ကြီးဌာနကို သူက အပြစ်ဖို့ ခဲ့ပါတယ်။

အစောပိုင်းမှာ ပြောထားတဲ့ အာရပ်ရိုးရာခေါင်းပေါင်းအကွက်ဝတ် အမျိုးသားငယ်ကတော့ ယူကရိန်း တိုက်ပွဲမှာ ဘေးမသီဘဲ လွတ်ခဲ့တဲ့ သူတစ်ယောက်ဖြစ်ပါတယ်။

နောက်လရောက်တဲ့အခါမှာတော့ ''တရားမျှတမှုအတွက် ချီတက်မှု'' မှာပါဝင်ဖို့ သူ့ကို ခေါ် တဲ့ မက်ဆေ့ တစ်ခုကို တယ်လီဂရမ်ကနေတဆင့် သူရရှိခဲ့ပါတယ်။

ရုရှားနိုင်ငံတောင်ပိုင်းက ရိုစတော့ ဗွန် ဒွန် မြို့ကို သိမ်းပြီး သမ္မတ ပူတင်ကို အာခံဖို့ ပုန်ကန်မှုစတင်တာကြောင့် ကမ္ဘာတဝန်းက အံ့သြသင့်ခဲ့ရတဲ့ ဗာဂနာတိုက်ခိုက်ရေးသမားတွေရဲ့ ပုန်ကုန်မှုမှာ သူလည်း တစ်ဦးအပါအဝင်ဖြစ်ပါတယ်။

ဒါပေမဲ့ သူတို့ခေါင်းဆောင် ပရီဂေါဂျင် တစ်ယောက် ကားထဲကိုဝင်၊ ဆယ်ဖီဓာတ်ပုံရိုက်ဖို့ ကိုယ်ဟန်ပြပြီး မြို့ထဲကနေ ထွက်သွားခဲ့တာက ပရီဂေါ့ဂျင်ကို သူ နောက်ဆုံးတွေ့ခဲ့ရတဲ့အချိန် ဖြစ်ပါတယ်။

ဒါပေမဲ့ မော်စကိုအထိ ချီတက်မယ်ဆိုတဲ့ ဗာဂနာအဖွဲ့ရဲ့ ကနဦး ခြိမ်းခြောက်မှု ပြန်ရုပ်ခဲ့ပါတယ်။ ဗာဂနာ တိုက်ခိုက်ရေးသမားတွေအနေနဲ့ ရုရှားစစ်တပ်ထဲ ဝင်မလား၊ ဒါမှမဟုတ် သူတို့ခေါင်းဆောင် ပရီဂေါ့ ဂျင်နဲ့အတူ ဘယ်လာရုဇ်ကို သွားမလားဆိုတဲ့ သဘောတူညီချက်ကို မစ္စတာပူတင်နဲ့ ရရှိခဲ့ပါတယ်။

အာရပ်ရိုးရာခေါင်းပတ်ဝတ်ထားတဲ့လူငယ်ပြောတာကတော့ အဲဒီအချိန်ဟာ ဗာဂနာအဖွဲ့မှာ သူ တိုက်ခိုက်ရေးသမားတစ်ဦးအဖြစ် ပါဝင် အသက်မွေးတဲ့အလုပ် အဆုံးသတ်တဲ့အချိန်ဆိုတာကို မှတ်ယူ ခဲ့တယ်လို့ ဒီလူငယ်က ပြောပါတယ်။

''အပေးအယူတွေစပြီး လုပ်ကြတော့ အားလုံးက စိတ်မပိုင်းဖြတ်နိုင်ခဲ့ကြဘူး။ ဘယ်လာရုဇ်ကို သွားမယ့်သူက သွားမယ်ပေါ့။ တချို့ကလည်း တခြားနေရာသွားမယ်ပေါ့။ တခြားနေရာသွားမယ်လို့ ဆုံးဖြတ်ခဲ့ကြသူတွေထဲမှာတော့ ကျွန်တော် လည်း ပါသွားတာပေါလေ'' လို့ သူက ပြောပါတယ်။

အဲဒီနောက် နှစ်လအကြာ ၂၀၂၃ ခုနှစ်၊ သြဂုတ်လမှာတော့ ပရီဂေါ့ဂျက်ကို တင်ဆောင်လာတဲ့ သီးသန့် လေယာဥ်ဟာ မော်စကိုမြို့မြောက်ပိုင်းမှာ ပျက်ကျခဲ့ပြီး ပရီဂေါ့ဂျင်ရော နောက်ထပ် ဗာဂနာ တိုက်ခိုက်ရေးသမားတွေ အတော်များများပါ သေဆုံးခဲ့ပါတယ်။

ကရင်မလင်နန်းတော်ဘက်ကတော့ ပွဲမနိုင်လို့ လူကိုချတယ်ဆိုတဲ့ကောလဟလတွေကို ငြင်းဆိုခဲ့ပါတယ်။ ဒါပေမဲ့ ကရင်မလင်ရဲ့ ငြင်းချက်ဟာ ဗာဂနာ တိုက်ခိုက်ရေးသမားတွေအပါအဝင် လူအများကို လက်ခံနိုင်တဲ့အထိမဖြစ်စေခဲ့ပါဘူး။

“ဒီလူပုဂ္ဂိုလ်ကြီး(ပရီဂေါ့ဂျင်)ကို သူတို့ သတ်လိုက်လိုက်ချိန်မှာပဲ ရုရှားမှာလည်း ကျွန်တော် ဆက်နေဖို့ရာအကြောင်းမရှိတော့ဘူး"လို့ သူက ပြောပါတယ်။

သူ့အတွက် ရွေးချယ်စရာလမ်းတွေ စဥ်းစားချင့်ချိန်နေတုန်းမှာပဲ ဗာဂနာအဖွဲ့ရဲ့ ကမ္ဘာတဝန်းက ပိုင်ဆိုင်မှုတွေနဲ့ လှုပ်ရှားမှုတွေဟာ ရုရှားအစိုးရနဲ့ စစ်တပ်ရဲ့ ထိန်းချုပ်မှုအောက်ကို အတော်လေး ရောက်နေတဲ့ အချိန်လည်းဖြစ်ပါတယ်။

အာရပ်ရိုးရာခေါင်းပေါင်းအကွက်ဝတ်ထားတဲ့ လူငယ်မှာတော့ တရားဝင် နိုင်ငံကူးလက်မှတ်၊ စုဆောင်းငွေအချို့နဲ့ တိုက်ခိုက်ရေးအတွေ့အကြုံရှိနေဆဲဖြစ်ပါတယ်။ ဒါ့ကြောင့် ဟိုးတုန်းက တိုက်ရေး ခိုက်ရေး လုပ်ခဲ့ဖူးတဲ့ ဆီးရီးယားနိုင်ငံထဲကို ဝင်မယ်လို့ သူ ဆုံးဖြတ်ခဲ့ပါတယ်။

ဘီဘီစီ ရုရှားဘာသာစကားဌာနက စကားပြောခဲ့တဲ့သတင်းရင်းမြစ် ၂ ခုကတော့ ဆီးရီးယားက ကြေးစားတွေကို ရုရှားစစ်တပ်နဲ့ စာချုပ်ဖို့ ကမ်းလှမ်းခဲ့တယ်လို့ ပြောပါတယ်။

ရွေးချယ်စရာကတော့ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက် ဝင်ရင်ဝင်၊ မဝင်ရင်တော့ ကိုယ်ယောင်ဖျောက်သွားတော့ ဆိုတာမျိုးဖြစ်တယ်လို့ ဗာဂနာတိုက်ခိုက်ရေးသမားဟောင်း အဲဒီလူငယ်က ကျိန်တွယ်ပြောပြပါတယ်။

သူ နှစ်လလောက်ကြာအောင် လက်မှတ်မထိုးခဲ့ပေမဲ့ သူ့ လစာကိုတော့ ငွေသားနဲ့ဆက်ရခဲ့ပါတယ်။ အာဖရိကကို အလုပ်ရှာဖို့ သူထွက်မယ်ဆိုတော့ ကန့်ကွက်သူမရှိခဲ့ပါဘူး။

အဲဒီတစ်ချိန်တည်းမှာပဲ မြောက်အာဖရိကကို ခရီးဆက်နေခဲ့သူက ရုရှားဒုတိယကာကွယ်ရေးဝန်ကြီး Yunus-Bek Yevkurov ဖြစ်ပါတယ်။

သူနဲ့အတူ ရုရှားစစ်ဘက်ထောက်လှမ်းရေး (GRU) က အကြီးတန်းအရာရှိကြီးတွေလည်း လိုက်ပါသွားပြီး သူဟာ ဗာဂနာအဖွဲ့ လှုပ်ရှားမှုရှိတဲ့ လစ်ဗျား၊ ဘာကီနာဖာဆို၊ ဗဟိုအာဖရိကသမ္မတနိုင်ငံ၊ မာလီနဲ့ နောက်ဆုံးမှာ နီဂျဲ နိုင်ငံတို့ဆီကို သွားခဲ့ပါတယ်။

ဗြိတိန်အခြေစိုက် Royal United Services Institute (Rusi) က တတ်သိပညာရှင်အဖွဲ့ရဲ့ အစီရင်ခံစာမှာတော့ ဒုဝန်ကြီးဟာ “ ဗာဂနာအဖွဲ့က ပေးထားခဲ့တဲ့ကတိကဝတ်တွေကို ဆက်ပြီး အလေးထားမှာဖြစ်တယ်” ဆိုပေမဲ့ “ရုရှားကာကွယ်ရေးဝန်ကြီးဌာနကနေ တိုက်ရိုက် လုပ်ဆောင်မယ်” ဆိုတဲ့ သတင်းစကားမျိုး ပါးခဲ့တယ်လို့ ဖော်ပြပါတယ်။

အာဖရိကမှာရှိတဲ့ အရင်က ဗာဂနာတပ်ဖွဲ့ဟောင်းတွေဟာ မဟာဗျူဟာမြောက်ပြီး အရေးပါတဲ့ သဘာဝ သယံဇာတတွေကို လက်လှမ်းမီနိုင်ဖို့ အပြန်အလှန်အနေနဲ့ လက်ရှိမှဦ အစ္စလာမ္မစ်အစွန်းအရောက်တွေနဲ့ တခြားခွဲထွက်ရေးသမားတွေကို တိုက်ခိုက်ရာမှာ အာဖရိကက အုပ်စိုးသူတွေကို စစ်ရေးအရ အကူအညီပေးနေတယ်လို့လည်း အဲဒီ အစီရင်ခံစာက ဆိုပါတယ်။

မာလီ၊ နီဂျဲနဲ့ ဘာကီနာဖာဆိုနိုင်ငံတို့ဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်း စစ်တပ်က အာဏာလွှဲယူမှုတွေရှိထားတဲ့ နိုင်ငံတွေဖြစ်ပြီး ပြင်သစ်နိုင်ငံနဲ့ ကာလရှည်ကြာရှိခဲ့ဖူးတဲ့ဆက်ဆံရေးကို ပယ်ချကာ ရုရှားနဲ့ နီးစပ်မှုတိုးလာနေပါတယ်။ ဒီအတောအတွင်းမှာပဲ အဲဒီအစီရင်ခံစာအရ ရုရှားဟာ လစ်သီယံ၊ ရွှေနဲ့ ယူရေနီယံ တို့လို ဓာတ်သတ္တုတွေကို စိတ်ဝင်စားနေတယ်လို့လည်း ဆိုပါတယ်။

၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းမှာတော့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက အာဖရိကတပ် "African Corps” ဆိုပြီး လူသစ်စုဆောင်းတဲ့ကြေညာချက်ထွက်ပေါ်လာပါတယ်။

အာရပ်ရိုးရာခေါင်းပတ်အကွက် ဝတ်ထားတဲ့ လူငယ်ကတော့ သူ့စိတ်ထဲ တွေးထားခဲ့တဲ့ အာဖရိက နိုင်ငံ ကို ရောက်သွားခဲ့တယ်လို့ ဘီဘီစီကို နောက်ပိုင်းမှာ ပြောပြပါတယ်။

သူကတော့ ကြေးစားအလုပ်ကို တခြားအလုပ်တွေလိုပဲ မြင်ပြီး သူ့အတွက်လည်း အခွင့်အလမ်းဟာ ယူကရန်းနဲ့ ဘယ်လာရုဇ်မှာထက်စာရင် အာဖရိကမှာက ပိုပြီး ကောင်းမွန်တယ်လို့ မြင်တဲ့အကြောင်းပြောပါတယ်။

သူ့ရဲ့ အရင်က တိုက်ဖော်တိုက်ဖက် တိုက်ခိုက်ရေးသမားတွေ အများစုကတော့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနထဲ ရောက်သွားပြီး အသစ်ဖွဲ့စည်းတဲ့တပ်စိတ်တွေမှာ တာဝန်ထမ်းနေပြီလို့လည်း သူက ပြောပါတယ်။

ဒါပေမဲ့ ယက်ဂေးနီ ပရီဂေါ့ဂျင်နဲ့ နီးစပ်တဲ့ဆက်ဆံရေးရှိခဲ့တဲ့ အရင်လုပ်ဖော်ကောင်ဖက်ဟောင်းဖြစ်သူ သတင်းရင်းမြစ် တစ်ဦးကတော့ ပရီဂေါ့ဂျင်ရဲ့သား ပါဗယ် ဟာ လွှမ်းမိုးမှု အနည်းငယ် ထိန်းထားနိုင်သေးတယ်လို့ ဘီဘီစီကို ပြောပါတယ်။

“မောစကို ဟာ ဆက်ခံသူကို အာဖရိကမှာ ရှိထားတဲ့ သူ့အဖေရဲ့ အလုပ်တွေ ဆက်လုပ်ဖို့ မီးစိမ်းပြထားတယ်။ ရုရှားအကျိုးစီးပွားနဲ့ ပဋိပက္ခမဖြစ်စေရဘူးဆိုတဲ့ သတ်မှတ်ချက်တော့ရှိတာပေါ့လေ” လို့ အဲဒီ သတင်းရင်းမြစ်က ပြောပါတယ်။

ပါဗယ်ဟာ အသက် ၂၀ ဝန်းကျင်ရှိပြီး ရုရှားကာကွယ်ရေးဝန်ကြီးဌာန မဟုတ်ဘဲ ရော့စ်ဗာဒီယာလို့ခေါ်ကြတဲ့ အမျိုးသားအစောင့်တပ်ရဲ့ စောင်မ ကြည့်ရှုမှုအောက်မှာ ဗာဂနာအဖွဲ့ရဲ့ ပုဂ္ဂလိက စစ်ရေးကုမ္ပဏီ(PMC) ကို ထူထောင်ထားတယ်လို့ဆိုတဲ့ ကနဦး ခန့်မှန်းချက်တွေ ထွက်ပေါ်နေပါတယ်။

ဒီအခြေအနေဟာ ''GRU နဲ့ အမျိုးသားအစောင့်တပ်တို့ရဲ့ တပ်မှူးတွေကြားမှာ သူ့ထက်ငါ လက်ဦးရေး''စစ်ပွဲကို ဦးတည်စေခဲ့တယ်လို့ Rusi ရဲ့ အစီရင်ခံစာမှာဖော်ပြထားပါတယ်။

ဗာဂနာအဖွဲ့ရဲ့ တိုက်ခိုက်ရေး တပ်စွယ် ၃ ခုဟာ အမျိုးသားအစောင့်တပ်အောက်ကို ရောက်သွားပြီး ဒီတပ်တွေကို ယူကရိန်းနဲ့ ရုရှားမှာ ဖြန့်ကြက်နိုင်ခြေရှိတယ်လို့ ဗြိတန် ကာကွယ်ရေးဝန်ကြီးဌာနက ဖေဖော်ဝါရီလတုန်းက ပြောပါတယ်။

ဒါပေမဲ့ ပါဗယ်ရဲ့ အခန်းကဏ္ဍနဲ့ပတ်သက်ပြီး တရားဝင် စကားပြောဆိုမှုမရှိထားသလို ဘီဘီစီက သူ့ကို မှတ်ချက်တောင်းခဲ့ပေမဲ့ တုံ့ပြန်တာမရှိခဲ့ပါဘူး။

ဗာဂနာအဖွဲ့ တိုက်ခိုက်ရေးသမားတွေ ဘာတွေဖြစ်သွားပြီလဲဆိုတာနဲ့ ဘယ်သူက သူတို့ကို အလုပ်ခန့်ထားလဲဆိုတာ သိရတဲ့ တရားဝင်အချက်အလက်က နည်းပါးပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ တရားဝင် တယ်လီဂရမ် ချယ်နယ်မှာတော့ ''ဝေးကွာလွန်းလှတဲ့''နေရာတွေမှာ စစ်ဆင်ရေးဖော်ဆောင်ဖို့ လူသစ်စုဆောင်းတဲ့ ကြော်ငြာတွေကိုတော့ တင်နေဆဲဖြစ်ပါတယ်။

ရုရှားအတွက်တော့ နိုင်ငံတကာနဲ့ပတ်သက်ပြီး သူ့ရဲ့ ရည်မှန်းချက်တွေအတွက် ဗာဂနာအဖွဲ့ကနေတဆင့် အသုံးပြုလုပ်ဆောင်တာဟာ ရုရှားကို နိုင်ငံတကာ အရေးယူပိတ်ဆိုမှုတွေကနေ ရှောင်လွှဲနိုင်မှု ဖြစ်စေသလို ပါဝင်ပတ်သတ်မှု မရှိဘူးဆိုတာကို ငြင်းဆိုနိုင်တဲ့လမ်းကြောင်းလည်း ဆက်ပြီး ပွင့်နေ စေပါတယ်။

ဒီအတောအတွင်းမှာပဲ ဗာဂနာအဖွဲ့ တိုက်ခိုက်ရေးသမားတချို့ကတော့ ရုရှား ကာကွယ်ရေးဝန်ကြီးဌာနကို ဆန့်ကျင်တာ ဒါမှမဟုတ် သံသယဝင်တာတွေ ဆက်ရှိနေပါတယ်။

ဒါကြောင့် တိုက်ရိုက်မဟုတ်တဲ့ ဒါမှမဟုတ် ပွင့်လင်းမြင်သာမှုပြည့်ပြည့်ဝဝမဟုတ်တဲ့ ပြန်လည်အလုပ်ခန့်ထားရေး လမ်းကြောင်းကို နှစ်ဖက်စလုံးအတွက် ပြန်ဦးတည်လာနေစေပါတယ်။

ယူကရိန်းကို ကျူးကျော်ပြီးတဲ့နောက်မှာ ရုရှားစစ်ဘက်ထောက်လှမ်းရေးဟာ ဗာဂနာအဖွဲ့ပုံစံကို ယူပြီး ကြေးစားအဖွဲ့ ကွန်ရက်ကို တည်ဆောက်ခဲ့ပါတယ်။ အဲဒီအဖွဲ့တွေကို Redut လို့ တပေါင်းတစည်းတည်း နာမည်ပေးပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလတုန်းက လွတ်လပ်တဲ့ဥရောပအသံ (RFE) ရဲ့ မီဒီယာစုံစမ်းစစ်ဆေးမှုအရ ဆိုရင် Redut PMC အလံအောက်မှာ လူသစ်စုဆောင်းနေတဲ့ ယူနစ်ပေါင်း ၂၀ ကျော် အထိရှိနေတယ်ဆိုတာကို တွေ့ခဲ့ရပါတယ်။

Redut ဟာ ရုရှားစစ်ဘက်ထောက်လှမ်းရေးအေဂျင်စီ (GRU) က စီမံလည်ပတ်နေတဲ့ “ပုဂ္ဂလိက စစ်ဖက်ကုမ္ပဏီ အတု” လို့လည်း RFE က သုံးသပ်ပါတယ်။

Redut ကို တရားဝင်မှတ်ပုံတင်ထားတဲ့ကုမ္ပဏီတစ်ခုအဖြစ် ဘီဘီစီအနေနဲ့ ရှာမတွေ့ခဲ့ပါဘူး။ သတင်းရင်းမြစ်အတော်များများကတော့ Redut ဟာ ရုရှား စစ်ဘက်ထောက်လှမ်းရေးနဲ့ ကာကွယ်ရေးဝန်ကြီးတို့နဲ့ ဆက်နွှယ်နေတယ်လို့ ပြောပါတယ်။

ဒါနဲ့ပတ်သက်ပြီး ဘီဘီစီရဲ့ မေးခွန်းတွေကို ကရင်မလင်ဘက်ကရော၊ Redut ဘက်က ပါ ပြန်လည်တုံ့ပြန်တာ မရှိခဲ့ပါဘူး။

Medvedi – Bears ဒါမှမဟုတ် အမှတ် ၈၁ အထူးစစ်ဆင်ရေးတပ်မဟာလို့ခေါ်တဲ့ တပ်ရင်းတစ်ခုကို ဝင်သွားတဲ့ ဗာဂနာ တိုက်ခိုက်ရေးသမားဟောင်း တစ်ဦးကို ဘီဘီစီက စကားပြောခဲ့ပါတယ်။

ပြင်သစ်လို ပြောတဲ့ ပွင့်လင်းထောက်လှမ်းသတင်းသုတေသီဖြစ်သလို အနောက်အာဖရိက လုံခြုံရေး အထူးကျွမ်းသူလို့လည်းသိကြတဲ့ Nomade Sahélien အပြောအရဆိုရင် သူတို့ဟာ “သူတို့ဟာ သူတို့ကိုယ်သူတို့ အထူးစစ်ဆင်ရေးတပ်မဟာအနေနဲ့ မှတ်ယူထားပေမဲ့ သူတို့ဟာ “ပုဂ္ဂလိကပိုင် စစ်ဘက်ကုမ္ပဏီတစ်ခု”နဲ့ပိုတူပြီး Redut နဲ့ “နီးနီးကပ်ကပ်ဆက်နွှယ်နေတယ်လို့ ပြောပါတယ်။

၂၀၂၃ ခုနှစ်၊ သြဂုတ်လမှာ ရုရှားလူမှုကွန်ရက် VK ပေါ်က စစ်ဘက်ယိမ်းစာမျက်နှာတွေဟာ အဲဒီတပ်မဟာရဲ့ လူသစ်ခေါ်ဆောင်စုဆောင်းတဲ့ကြော်ငြာတွေအများစုကို တင်ခဲ့ကြပါတယ်။

" လေယာဥ်မှူးတွေ၊ နည်းပညာသမားတွေ၊ AN-2(တောင်ပံနှစ်ထပ်လေယာဥ်)၊ MI-8 (ရဟတ်ယာဥ်) နဲ့ MI-24 (စက်သေနတ်ပစ်ရဟတ်ယာဥ်) စက်ပြင်သမားတွေ" လိုအပ်တယ်လို့ ကြော်ငြာတစ်ခုမှာ ရေးထားတာ တွေ့ရပါတယ်။

"တစ်လကို ရုရှား ရူဘယ်ငွေ ၂၂၀,၀၀၀(ဒေါ်လာ ၂,၅၀၀)ထိုက်သင့်တဲ့လစာနဲ့ တခြားခံစားခွင့်တွေ၊ ၆ လစာချုပ်၊ အသက် ၂၂- ၅၀ အတွင်း၊ ခရိုင်မီးယားကို လာခဲ့ပါ။ အဝတ်အစားနဲ့ သင်တန်းပေးပါမယ်'”

လူသစ်တွေကို ခရိုင်းမီးယားဒေသကို လာဖို့ အဲဒီကြော်ငြာတွေမှာ ရေးသားထားပေမဲ့ Nomade Sahelien ကတော့ အဲဒီအဖွဲ့ဟာ ဘာကီနာဖာဆိုနိုင်ငံ မြို့တော် Ouagadougou မှာ ရုံးချုပ်ရှိပြီး အဲဒီမှာ ၃ လကြာ မစ်ရှင်အတွက် လစဥ် လစာ ဒေါ်လာ ၂,၅၀၀ ကနေ ၄,၀၀၀ အထိ ကြေးစားသမားတွေကို ပေးနေတယ်လို့ ဆိုပါတယ်။

ဗာဂနာ တိုက်ခိုက်ရေးသမားဟောင်းတွေနဲ့ စကားပြောဆိုကြည့်တဲ့အခါမှာလည်း အများစုဟာ ဘာကီနာဖာဆိုအပါအဝင် အာဖရိကမှာနေထိုင်ဖို့ ဆုံးဖြတ်ထားကြတယ်လို့ ဘီဘီစီက နားလည်ရပါတယ်။

ဗာဂနာ တိုက်ခိုက်ရေးသမားတွေ သွားနိုင်တဲ့နောက်ထပ် နေရာတစ်ခုကတော့ ရုရှားနိုင်ငံတောင်ပိုင်းက သမ္မတနိုင်ငံတစ်နိုင်ငံအဖြစ်ကြေညာထားတဲ့ ချေချင်းညာ ဖြစ်ပါတယ်။

ဧပြီလတုန်းက ချေချင်းညာခေါင်းဆောင် Ramzan Kadyrov က ချေချင်းညာဒေသခံ ၃,၀၀၀ ဟာ ချေချင်းညာ အထူးတပ်ဖွဲ့ Akhmat အဖွဲ့ကို ဝင်ဖို့ ရှိတယ်လို့ ပြောတဲ့အကြောင်း ရုရှားနိုင်ငံပိုင် သတင်းဌာန Tass က သတင်းဖော်ပြပါတယ်။

ဗာဂနာအဖွဲ့မှာ လူသိများ ထင်ရှားပြီး ရက်တီဘော လို့ နာမည်မှည့်ထားတဲ့ Alexander Kuznetsov ဟာ ဗီဒီယိုတစ်ခုမှာ ချေချင်းညာခေါင်းဆောင် မစ္စတာ Kadyrov နဲ့အတူ တွေ့ရပြီး ''အားလုံးဟာ ဗာဂနာအဖွဲ့တုန်းကအတိုင်းဖြစ်စေရမယ်။ စာရွက်စာတမ်း ဘာမှရှိမှာ မဟုတ်ဘူး။ အလုပ်လုပ်ပုံလုပ်နည်းလည်း အရင်အတိုင်းပဲ။ ပြောင်းလဲမှာမဟုတ်ဘူး'' လို့ သူ့ရဲ့ ရဲဘော် ရဲဖက်ဟောင်းတွေကို ပြောထားတာ တွေ့ရပါတယ်။

လူပေါင်း ၃,၀၀၀ ထဲက ဘယ်လောက်များများ အဲဒီအထိရောက်သွားပြီလဲဆိုတာကိုတော့ ဘီဘီစီ အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

ဘယ်လာရုဇ်ကို သွားမယ့် ဗာဂနာ ကြေးစားသမားတွေကို ကမ်းလှမ်းချက်ကို ပြန်ကြည့်ရင်လည်း လက်ရှိမှာ သမ္မတ အလက်ဇန်းဒရား လူခါရှန်ကိုရဲ့ တပ်ဖွဲ့တွေကို သင်တန်းပေးနေတဲ့ ဗာဂနာအဖွဲ့ဝင်ဟောင်းဟာ အယောက် ၁၀၀ တောင်မပြည့်ဘူးလို့ ဘယ်လာရုဇ်နိုင်ငံထဲက စစ်ဘက်ဆိုင်ရာ လှုပ်ရှားမှုတွေကို စောင့်ကြည့်နေတဲ့ ပွင့်လင်းသုတေသန စီမံချက်တစ်ခုက Belaruski Hajun ကပြောပါတယ်။

ဇူလိုင်လ ၂၈ ရက်တုန်းကတော့ မာလီနိုင်ငံမှာ ဗာဂနာအဖွဲ့ဝင်ဟောင်း တိုက်ခိုက်ရေးသမားတွေ ရှိနေတဲ့သတင်းဟာ သတင်းခေါင်းကြီးပိုင်းဖြစ်ခဲ့ပါတယ်။ ရုရှားကြေးစားတွေနဲ့ မာလီစစ်သားတွေကို တူရက်ခွဲထွက်ရေးသူပုန်တွေနဲ့အစ္စလာမ္မစ်တိုက်ခိုက်ရေးသမားတွေက ခြုံခို တိုက်ခိုက်မှုသတင်းဖြစ်ပါတယ်။

ဗာဂနာ PMC တယ်လီဂရမ်မှာတော့ တပ်မှူးတစ်ဦးအပါအဝင် သူ့ရဲ့တိုက်ခိုက်ရေးသမားအချို့ သေဆုံးခဲ့တယ်လို့ အသေးစိတ်ကြေညာချက်ထုတ်ခဲ့ပေမဲ့ ဘယ်နှစ်ယောက်လဲဆိုတာတော့ မပြောထားပါဘူး။

ရုရှားစစ်တပ်ယိမ်း တယ်လီဂရမ်တွေကလည်း ဗာဂနာအဖွဲ့ဝင်ဟောင်း တိုက်ခိုက်ရေးသမား ဒါဇင်နဲ့ချီ သေဆုံးတယ်လို့ သတင်းတွေဖော်ပြခဲ့တာကြောင့် ဒါဟာ အာဖရိက ဗာဂနာအဖွဲ့အတွက် အကြီးမားဆုံး အသက်ဆုံးပါးမှု ဖြစ်လာစေပါတယ်။

ဒီကြေးစားသမားတွေဟာ African Corps ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့ နားလည်ရပေမဲ့ ရုရှား ကာကွယ်ရေးဝန်ကြီးဌာနကရော အဲဒီအဖွဲ့ကပါ တရားဝင်မှတ်ချက်ပေး ပြောဆိုတာမရှိသေးပါဘူး။

အာရပ်ရိုးရာပဝါကွက်ဝတ်တဲ့ ဗာဂနာတပ်ဖွဲ့ဝင်ဟောင်း တိုက်ခိုက်ရေးသမား လူငယ်ဟာလည်း အဲဒီ ကတည်းက ဘီဘီစီက ပေးပို့ခဲ့တဲ့ မက်ဆေ့စာတွေကို ပြန်ဖြေတာ မရှိတော့ပါဘူး။ ဒါပေမဲ့ သူ့မိခင်ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာတော့ အောက်မေ့ဖွယ်အဖြစ် မှတ်ယူနိုင်တဲ့ ဖယောင်းတိုင် လေးတစ်တိုင်ရဲ့ ပုံကို တင်ထားတာ တွေ့ရပါတယ်။