နီဂျဲအာဏာသိမ်းမှုကို ထောက်ခံတယ်လို့ ရုရှား စစ်ပုန်ကန်သူ ပရီဂိုဂျင် ပြော - ဇူလိုင် ၂၈ ရက် ညနေခင်း နိုင်ငံတကာသတင်းများ

နီဂျဲမှာ အခုနောက်ဆုံး အာဏာသိမ်းမှု ဖြစ်တာကို ရုရှား ဗာဂနာအဖွဲ့ခေါင်းဆောင် ယက်ဂေးနီ ပရီဂိုဂျင်က ကြိုဆိုလိုက်ပါတယ်။

သူ့ရဲ့ အသံဖိုင်ကို ဗာဂနာ အဖွဲ့နဲ့ မဟာမိတ် လုပ်ထားတဲ့ ကုမ္ပဏီက ဖြန့်ဝေခဲ့တာပါ။

ဒီအသံဖိုင်ကို အတည်ပြုလို့ မရနိုင်ပေမဲ့ ကိုလိုနီပြုသူတွေကို စစ်တပ်က ဆန့်ကျင် တိုက်ခိုက်တာ ဖြစ်တယ်လို့ သူက ပြောထားတာ ဖြစ်ပါတယ်။

ရက်စက်ကြမ်းကြုတ်တဲ့ ကျူးလွန်မှုတွေရှိနေတယ်လို့ စွပ်စွဲ ပြောဆို ခံထားရတဲ့ အာဖရိက နိုင်ငံတော်တော်များများမှာ ဗာဂနာ တပ်ဖွဲ့တွေ လှုပ်ရှားနေတာပါ။

ပြီးခဲ့တဲ့ လတုန်းက ရုရှားမှာ မအောင်မြင်တဲ့ စစ်ပုန်ကန်မှု ဖြစ်ခဲ့ပြီးနောက် မစ္စတာ ပရီဂေါ်ဂျင်းဟာ အဖမ်းအဆီးမရှိ ဆက်ပြီး လွတ်လပ်စွာ သွားလာနေပုံ ရပါတယ်။

မနေ့ ကြာသပတေးနေ့တုန်းကတော့ ဗဟိုအာဖရိက သမ္မတ နိုင်ငံက တာဝန်ရှိသူတယောက်နဲ့ အစည်းအဝေး လုပ်နေတဲ့ ဓာတ်ပုံ တပုံ ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။

နီဂျဲမှာ သမ္မတ အိမ်တော်အစောင့်တပ်ဖွဲ့ ခေါင်းဆောင်ဟာ တိုင်းပြည်ကို အုပ်ချုပ်သူသစ် အဖြစ် ရုပ်မြင်သံကြားကနေ ထွက်ပေါ်လာပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက အာဏာသိမ်းမှု ဖြစ်ခဲ့တဲ့ နီဂျဲမှာ ဗိုလ်ချုပ်ကြီး အဗ္ပဒူဟာမန် တီချနီကို စစ်၀တ်စုံ အပြည့်နဲ့ တွေ့ရတာပါ။

သူဟာ ပြည်တွင်းလုံခြုံရေး အမျိုးသားကောင်စီအစား ထုတ်ပြန်ချက်ကို ဖတ်ကြားပြခဲ့ပါတယ်။

ရွေးကောက်ခံ နီဂျဲ သမ္မတကတော့ ဆက်လက် ထိန်းသိမ်းခံနေရဆဲ ဖြစ်ပါတယ်။

အခု အသစ်တက်လာတဲ့ အာဏာသိမ်းအဖွဲ့ဟာ တိုင်းပြည်ထဲမှာ ဆန္ဒပြမှု အားလုံးကို တားမြစ်ထားပါတယ်။

ဒါ့အပြင် လုယက် ဖျက်ဆီးမှု နဲ့ ငြိမ်းချမ်းမှုကို ပျက်ပြားအောင်လုပ်မှုတွေကို သည်းခံမှာ မဟုတ်ဘူးလို့လည်း ဆိုထားပါတယ်။

ပြီးခဲ့တဲ့ ကြာသပတေးနေ့တုန်းက အာဏာသိမ်းခံခဲ့ရတဲ့ သမ္မတ ရုံးချုပ်ကို လူအုပ်စုတွေက လုယက် ဖျက်ဆီးမှု ရှိခဲ့ပြီးနောက် အခုလို ထုတ်ပြန်ချက် ထွက်ပေါ်လာတာပါ။

တချို့က နီဂျဲနဲ့ ရုရှားအလံတွေ ဝှေ့ယမ်းနေတာကိုလည်း တွေ့ရပြီး ကုလအကြီးအကဲ အန်တိုနီယို ဂူးတားရက်ရှ်ကတော့ ထိန်းသိမ်းခံ သမ္မတ မစ္စတာ ဘန်နိုအမ်ကို ချွင်းချက်မရှိ ချက်ချင်း ပြန်လွှတ်ပေးဖို့ တောင်းဆိုထားပါတယ်။

ရုရှားကို ကားနဲ့ အပိုပစ္စည်းတင်ပို့မှု ပိတ်ပင်ချက်ကို ဂျပန်သက်တမ်းတိုး

ယူကရိန်းကို ကျူးကျော်ခဲ့တဲ့ စစ်ပွဲကြောင့် ရုရှားကို ထပ်မံပိတ်ဆို့ အရေးယူမှုတွေ ထွက်ပေါ်လာရာမှာ ရုရှားကို ကားတင်ပို့မှုတားမြစ်ထားချက်ကို ဂျပန်က ထပ်မံ သက်တမ်းတိုးလိုက်ပါတယ်။

၁.၉ လီတာ အထက် အင်ဂျင်ပါ ကားတွေ ရုရှားကို တင်ပို့မှု ပိတ်ပင်ထားချက်ဟာ မကြာခင် သက်တမ်း ကုန်ဆုံးတော့မှာပါ။

ဟိုင်းဘရစ်ဒ် နဲ့ လျှပ်စစ်ကားတွေ အပြင် ယာဉ်အပိုပစ္စည်းနဲ့ တာယာတွေလည်း တင်ပို့မှု ပိတ်ဆို့တဲ့အထဲ ပါဝင်ပါတယ်။

ရုရှားရဲ့ စက်မှုလုပ်ငန်း ကြီးထွားလာမှုကို ဒီပိတ်ဆို့မှုက ပစ်မှတ်ထား ရည်ရွယ်တယ်လို့ ဂျပန် ကုန်သွယ်ရေး ဝန်ကြီးက ပြောပါတယ်။

တကယ်တော့ ယူကရိန်း ပဋိပက္ခ စကတည်းက ဂျပန် တပတ်ရစ်ကားတွေ ရုရှားတင်ပို့မှု တိုးလာနေတာပါ။

မနှစ်တုန်းကဆိုရင် အဲဒီလို တပတ်ရစ်ကား တင်ပို့မှုကနေ အမေရိကန် ဒေါ်လာ သန်းနှစ်ထောင် အထိဝင်ငွေ ရခဲ့တာ ဖြစ်ပါတယ်။

ဥရောပ သမဂ္ဂနဲ့ အတူ ရုရှားကို ပိတ်ဆို့အရေးယူမှုတွေ ချမှတ်ခဲ့တဲ့ ဂျပန်ရဲ့ ကားတင်ပို့မှု ကန့်သတ်ချက်တိုးမြှင့်မှုဟာ လာမယ့်လမှာ အသက်ဝင်မှာ ဖြစ်ပါတယ်။

'Glory to Hong Kong' သီချင်းကို ပိတ်ပင်ဖို့ အစိုးရတင်သွင်းချက် ဟောင်ကောင်တရားသူကြီးပယ်ချ

ဒီမိုကရေစီ သီချင်းတပုဒ်ကို တားမြစ်မိန့်ထုတ်ပေးဖို့ အစိုးရရဲ့ လျှောက်ထားမှုကို တရားသူကြီးတယောက်က ငြင်းပယ်လိုက်ပါတယ်။

၂ဝ၁၉ တုန်းက ဆန္ဒပြပွဲတွေ အတွင်း ဆိုတဲ့ 'Glory to Hong Kong' သီချင်းကို ကျယ်ကျယ်ပြန့်ပြန့် သီဆို ဟစ်ကြွေးခဲ့ကြတာပါ။

တရုတ်အစိုးရက ဟောင်ကောင်အပေါ် ချမှတ်ထားတဲ့ လုံခြုံရေး ဥပဒေသစ်မှာ ဒီသီချင်းဟာ နိုင်ငံတော် အကြည်ညိုပျက်စေတယ်လို့ ဖော်ပြထားတာ ဖြစ်ပါတယ်။

အဲဒီနောက်ပိုင်း အားကစားပွဲတော်တော်များများမှာ တရုတ်အမျိုးသား သီချင်းအစား 'Glory to Hong Kong' သီချင်းကို မှားယွင်းဖွင့်လေ့ရှိတက်ပါတယ်။

ဒီသီချင်းကို တားမြစ်မိန့်ထုတ်ဖို့ စီစဉ်တာဟာ လွတ်လပ်စွာ ပြောဆိုမှုကို နောက်တွန့်သွားစေနိုင်တယ်လို့ အစိုးရလျှောက်ထားမှုကို ငြင်းချက်ထုတ်ခဲ့တဲ့ တရားသူကြီးက ပြောပါတယ်။

စင်္ကာပူ - အမျိုးသမီးတယောက်ကို ကွပ်မျက်မှုဟာ စိတ်မကောင်းဖွယ် လုပ်ရပ်ပဲလို့ လူ့အခွင့်အရေးအဖွဲ့တွေပြော

စင်္ကာပူမှာ အမျိုးသမီးတယောက်ကို ကွပ်မျက်တာဟာ နှစ်ပေါင်း ၂ဝ အတွင်း ပထမဆုံးပေါ်ပေါက်တဲ့ စိတ်မကောင်းဖွယ်ဖြစ်ရပ်ပဲလို့ လူ့အခွင့်အရေး အဖွဲ့တွေက ပြောပါတယ်။

ဆာရီဒဲဝီ ဂျာမာနီ ဆိုတဲ့ စင်္ကာပူ အမျိုးသမီးဟာ မူးယစ်ဆေးဝါး တအောင်စကို တရားမဝင် ရောင်းဝယ်ဖောက်ကားမှုနဲ့ ကွပ်မျက်ခံခဲ့ရတာပါ။

အသက် ၄၈ နှစ် အရွယ်ရှိ မစ္စဂျမန်နီကို ၂၀၁၈ ကတည်းက စီရင်ချက် ချထားတာ ဖြစ်ပါတယ်။

မူးယစ်ဆေးနဲ့ ပတ်သက်ရင် စင်္ကာပူဥပဒေတချို့ဟာ ကမ္ဘာပေါ်မှာ အပြင်းထန်ဆုံး ဖြစ်ပြီး အောင်စဝက်လောက် ရှာတွေ့ရင်ကို သေဒဏ်ချမှတ်တာ ဖြစ်ပါတယ်။

ဒီလို အရေးယူ ဆောင်ရွက်တာဟာ စင်္ကာပူကိုအာရှမှာ မူးယစ်ဆေးဝါး အကင်းဆုံးနိုင်ငံအဖြစ် ထူထောင်ချင်တာကြောင့်လို့ စင်္ကာပူ အရာရှိ တယောက်က ပြောပါတယ်။

လူ့အခွင့်အရေးအဖွဲ့တွေကတော့ ဒါဟာ မထိရောက်တဲ့ တားမြစ်မှုဖြစ်တယ်ဆိုတာ ခိုင်မာတဲ့အထောက်အထားတွေ တိုးလားတယ်လို့ ဆိုပါတယ်။

စင်္ကာပူမှာ မနှစ်မတ်လကတည်းက မူးယစ်ဆေး ရောင်းဝယ်မှုနဲ့ ကွပ်မျက်ခံရသူပေါင်း ၁၅ ယောက် အထိ ရှိပါတယ်။