ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ရုရှားကြေးစားတပ် ဗာဂနာကို အကြမ်းဖက်အဖွဲ့အဖြစ် ဗြိတိန်ကြေညာဖို့ရှိ
ရုရှားကြေးစားတပ် ဗာဂနာအဖွဲ့ကို အကြမ်းဖက်အဖွဲ့အဖြစ် ဗြိတိန်အစိုးရက ကြေညာဖို့ ရှိနေတာကြောင့် ဒီအဖွဲ့ဝင်ဖြစ်သူ ဒါမှမဟုတ် အဖွဲ့ကိုထောက်ပံ့သူဟာ တရားမဝင်သူဖြစ်ပြီလို့ ဆိုလိုရာလည်းရောက်ပါတယ်။
လွှတ်တော်ကို တင်မယ့် ဥပဒေမူကြမ်းအရဆိုရင် ဗာဂနာအဖွဲ့ရဲ့ ပိုင်ဆိုင်မှုတွေကို အကြမ်းဖက်အဆောက်အအုံအဖြစ် သတ်မှတ်မှာဖြစ်ပြီး ချိပ်ပိတ်သိမ်းဆည်းမှာလည်းဖြစ်ပါတယ်။
ဗြိတိသျှ ပြည်ထဲရေးဝန်ကြီးကတော့ ဗာဂနာအဖွဲ့ဟာ '' ရုရှားခေါင်းဆောင် ဗလာဒီမာ ပူတင်ရဲ့ လက်ကိုင်တုတ်ဖြစ်ပြီး အကြမ်းဖက်၊ အဖျက်အမှောင့်အဖွဲ့ဖြစ်တယ်...''လို့ပြောပါတယ်။
ယူကရိန်းနဲ့ အာဖရိကမှာ ဗာဂနာအဖွဲ့လုပ်ရှားနေတာတွေဟာ ''ကမ္ဘာလုံးဆိုင်ရာလုံခြုံရေးကို ခြိမ်းခြောက်မှု''ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။
ပြည်ထဲရေးဝန်ကြီး ဆူလာ ဘရေ့ဗာမန်းကတော့ ''ဗာဂနာအဖွဲ့ရဲ့ မတည်မငြိမ်ဖြစ်အောင်လုပ်တဲ့လုပ်ရပ်တွေဟာ ကရင်မလင်ရဲ့ နိုင်ငံရေးရည်မှန်းချက်တွေအကျိုးဖြစ်ဖို့သာဖြစ်တယ်'' လို့ ပြောပါတယ်။
''ရှင်းရှင်းပြောရရင် သူတို့ဟာ အကြမ်းဖက်သမားတွေပါ။ အခု တားမြစ်ပိတ်ပင်မိန့်ကြောင့် ဗြိတိန်ဥပဒေမှာ ဒါကို ရှင်းရှင်းလင်းလင်းဖြစ်စေမယ်''
ဗာဂနာအဖွဲ့ဟာ ယူကရိန်းအပေါ် ရုရှားကျူးကျော်မှုမှာ အခရာကျတဲ့အခန်းကဏ္ဍကနေ ပါဝင်နေပြီး လစ်ဗျားနဲ့ မာလီအပါအဝင် အာဖရိကနိုင်ငံတွေအပြင် ဆီးရီးယားနိုင်ငံမှာလည်း လှုပ်ရှားနေတဲ့အဖွဲ့ဖြစ်ပါတယ်။
သူ့အဖွဲ့ဝင် တိုက်ခိုက်ရေးသမားတွေဟာ ယူကရိန်းနိုင်ငံသားတွေကို သတ်ဖြတ်မှုနဲ့ နှိပ်စက်မှု ရာဇဝတ်မှုတွေနဲ့ စွပ်စွဲခံထားရပါတယ်။
၂၀၂၀ ခုနှစ်မှာ အမေရိကန်က ဗာဂနာ စစ်သားတွေဟာ လစ်ဗျားနိုင်ငံမြို့တော် ထရီပိုလီတဝိုက်မှာ မြေမြှုပ်မိုင်းတွေ ထောင်ခဲ့တယ်လို့ ပြောခဲ့ဖူးပါတယ်။
ဗြိတိန်နိုင်ငံကတော့ ဗာဂနာအဖွဲ့ဟာ ''မာလီနဲ့ ဗဟိုအာဖရိကသမ္မတနိုင်ငံတို့မှာ သတ်ဖြတ်မှုနဲ့ နှိပ်စက်မှုတွေလုပ်ဆောင်ခဲ့တယ်လို့ ဇူလိုင်လမှာ ပြောထားပါတယ်။
ဗာဂနာအဖွဲ့ရဲ့ခေါင်းဆောင် ယက်ဂေးနီ ပရီဂေါ့ဂျင်က ရုရှားစစ်ခေါင်းဆောင်တွေကို အခုနှစ်အစောပိုင်းတုန်းက ဆန့်ကျင်တဲ့ပုန်ကန်မှု မအောင်မြင်ခဲ့တဲ့နောက် ဒီအဖွဲ့ရဲ့အနာဂတ်ဟာ မရေရာမှုအောက်ကို ရောက်ခဲ့ပါတယ်။
ပရီဂေါ့ဂျင်က ဒီအဖွဲ့ကို ၂၀၁၄ ခုနှစ်မှာ ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ သူဟာ သြဂုတ်လ ၂၃ ရက်မှာ အခြားဗာဂနာအဖွဲ့ဝင်တွေနဲ့အတူ သံသယဖြစ်ဖွယ် လေယာဥ်ပျက်ကျမှုကြောင့် သေဆုံးခဲ့ပြီး စိန့်ပီတာစဘတ်မြို့မှာ သူ့ကို မြေမြှုပ်ခဲ့ပါတယ်။
အခုတော့ ဒီအဖွဲ့နာမည်ကို ဟားမက်စ်နဲ့ ဘိုကိုဟာရမ်တို့လိုပဲ အကြမ်းဖက်အဖွဲ့အမည်စာရင်းထဲကို ဗြိတိန်က ထည့်သွင်းတော့မှာဖြစ်ပါတယ်။
၂၀၀၀ ပြည့်နှစ် ဗြိတိန်အကြမ်းဖက်အက်ဥပဒေအရ အကြမ်းဖက်မှုနဲ့ စိုးရိမ်ရတယ်လို့ ယုံကြည်တယ်ဆိုရင် ပြည်ထဲရေးဝန်ကြီးဟာ အဖွဲ့အစည်းတစ်ခုကို တားမြစ်တာမျိုးလုပ်ပိုင်ခွင့်ရှိပါတယ်။
အဲဒီအက်ဥပဒေမတိုင်ခင်တုန်းကတော့ မြောက်အိုင်ယာလန်မှာ အကြမ်းဖက်မှုနဲ့ဆက်နွယ်တဲ့အဖွဲ့တွေကိုပဲ တားမြစ်ဖို့ ဖြစ်နိုင်ခဲ့ပါတယ်။
အမိန့်ဟာ တားမြစ်ခံအဖွဲ့အစည်းပိုပြီး လှုပ်ရှားနိုင်အောင် ရည်ရွယ်ဖို့ အစည်းအဝေးစီစဥ်တာအပါအဝင် အဲဒီအဖွဲ့အစည်းကို ထောက်ခံကြောင်းပြသတာ ဒါမှမဟုတ် အဲဒီအဖွဲ့ရဲ့တံဆိပ် ဒါမှမဟုတ် အလံတွေကို အသုံးပြုတာတွေဟာ ရာဇဝတ်မှုမြောက်အောင် ပြုလုပ်မှာဖြစ်ပါတယ်။
တားမြစ်မိန့်ကို ကျူးလွန်မယ်ဆိုရင် ထောင်ဒဏ် ၁၄ နှစ် ဒါမှမဟုတ် ငွေဒဏ် စတာလင်ပေါင် ၅ ထောင်အထိ ချမှတ်နိုင်ပါတယ်။
ဗာဂနာအဖွဲ့ကို တားမြစ်ဖို့ ဗြိတိသျှလွှတ်တော်အမတ်တွေက အစိုးရကို ဖိအားပေးနေတာဖြစ်ပါတယ်။
အခုနှစ်အစောပိုင်းတုန်းကဆိုရင် လေဘာပါတီရဲ့ ရှဲဒိုး နိုင်ငံခြားရေးဝန်ကြီး ဒေးဗစ် လမ်မီက '' ယူကရိန်းနဲ့ ကမ္ဘာတလွှားမှာ ရက်စက်မှုတွေအတွက် တာဝန်ရှိတယ်''လို့ ပြောပြီး ဗာဂနာအဖွဲ့ကို တားမြစ်မိန့်ထုတ်ဖို့ အစိုးရကို တိုက်တွန်းခဲ့ဖူးပါတယ်။
အခုအမိန့်မူကြမ်းကို ကြိုဆိုရင်း မစ္စတာ လမ်မီက ''ဒါက အစောပိုင်းကတည်းက လုပ်ရမယ့်ကိစ္စပါ။ ဒါပေမဲ့ အစိုးရက နောက်ဆုံးမှာ အရေးယူလုပ်ဆောင်လာတာကို ကြိုဆိုပါတယ်။ အခုတော့ အစိုးရအနေနဲ့ ပူတင်ကို ကျူးကျော်မှု အထူးခုံရုံးတင် တရားဆွဲဆိုဖို့ လုပ်သင့်ပါတယ်။
ဗြိတိသျှနိုင်ငံခြားရေးဝန်ကြီးဌာနကတော့ ဗာဂနာအဖွဲ့ခေါင်းဆောင်နဲ့ ထိပ်ပိုင်းတပ်မှူးအတော်အများများရဲ့ ပိုင်ဆိုင်မှုတွေကို အလွှဲအပြောင်းမလုပ်နိုင်အောင် ပိတ်ပင်ထားပါတယ်။
ဗြိတိသျှလွှတ်တော် နိုင်ငံခြားရေးရာကော်မတီဥက္ကဋ္ဌလည်းဖြစ်၊ ကွန်ဆာဗေးတစ် လွှတ်တော်အမတ်လည်းဖြစ်တဲ့ အလီရှာကီန်းစ်ကတော့ ''အရေးယူပိတ်ဆို့တာတွေနဲ့မလုံလောက်ပါဘူး။ ဗြိတိန်အနေနဲ့ ဗာဂနာတပ်ဖွဲ့ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာဖို့လိုအပ်ပါတယ်'' လို့ ဇူလိုင်လတုန်းက ပြောထားပါတယ်။
ဇွန်လတုန်းက ပြုလုပ်ခဲ့တဲ့ မအောင်မြင်တဲ့ပုန်ကန်မှုနဲ့ အဖွဲ့ခေါင်းဆောင် မကြာသေးခင်တုန်းက သေဆုံးခဲ့မှုတို့ဟာ ဗာဂနာအဖွဲ့ကို အင်အားလျော့နည်းစေခဲ့တဲ့အကြောင်းရင်းတွေဖြစ်စေတယ်လို့ ဘီဘီစီ လုံခြုံရေးဆိုင်ရာသတင်းထောက် ဖရန့်ဂါနာက ရေးပါတယ်။
ဒါပေမဲ့ ဥပဒေနဲ့ တားမြစ်လိုက်တာကြောင့် ဗာဂနာအဖွဲ့ဝင်တွေဟာ ငွေကြေးအရွှေ့အပြောင်းတွေ ပိုခက်သွားစေမယ်လို့ သူက ထပ်လောင်းပြောဆိုပါတယ်။ ဒီတားမြစ်မိန့်ဟာ ဗာဂနာအဖွဲ့ကို ယူကရိန်းတွေရော၊ အခြားသူတွေပါ ဗြိတိသျှတရားရုံးတွေကနေတဆင့် တရားတဘောင်အတွင်းကနေ ပေါင်ငွေသန်းထောင်ချီကို လျော်ကြေးတောင်းနိုင်ဖို့ အထောက်အကူဖြစ်လာနိုင်ပါတယ်။