ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဗာဂနာတပ်ဖွဲ့ ဘာလဲ၊ ဘာကြောင့် မော်စကိုကို ချီတက်ခဲ့တာလဲ
ရုရှားအစိုးရက ဗာဂနာကြေးစားတပ်ဖွဲ့ကို ဖျက်သိမ်းပစ်တော့မယ့်ပုံ ရပါတယ်။
ဗာဂနာအဖွဲ့ရဲ့ အကြီးစားလက်နက်တွေနဲ့ ယာဥ်ယန္တရားတွေကို အဖွဲ့ဆီကနေ ပြန်ဖယ်ရှားပစ်မယ်လို့ ကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။
ဗာဂနာဖွဲ့ ခေါင်းဆောင် ယက်ဂေနီ ပရီဂေါ့ဂျင်က မော်စကိုအထိ တပ်ဖွဲ့တွေကို ချီတက်ပြီး ရုရှားကို ပုန်ကန်ခဲ့တဲ့နောက် အခုလို ဖြစ်လာတာပါ။ သူတို့ဟာ အင်အား ၅,၀၀၀ လောက်နဲ့ ချီတက်ခဲ့ပြီး မြို့တော် မော်စကို မရောက်ခင် ကီလိုမီတာ ၂၀၀ လောက် ကျမှ ချီတက်တာ ရပ်ပစ်ခဲ့တာပါ။
ဗာဂနာတပ်ဖွဲ့ကဘာလဲ၊ ဘယ်လောက်ကြီးလဲ
ပုဂ္ဂလိကစစ်တပ်ကုမ္ပဏီ PMC ဗာဂနာ - လို့လည်း ခေါ်တဲ့ ဗာဂနာအုပ်စုဟာ ၂၀၁၄ ခုနှစ်မှာ စတင်ပေါ်ပေါက်ခဲ့ပါတယ်။ ယူကရိန်းနိုင်ငံ အရှေ့ပိုင်းက ရုရှားဘက်ယိမ်းတဲ့ ခွဲထွက်ရေးသမားတွေကို ထောက်ခံခဲ့ပြီး စတင်ခဲ့တာပါ။ အဲဒီနှစ်ထဲမှာပဲ ရုရှားက ခရိုင်းမီးယားကို ကျူးကျော်ချိန်ကလည်း သူတို့ အကူအညီပေးခဲ့ပုံရပါတယ်။
ဒါ့အပြင် ဗာဂနာ တပ်ဖွဲ့တွေဟာ အာဖရိကနဲ့ အရှေ့အလယ်ပိုင်း ဒေသတွေမှာလည်း လှုပ်ရှားမှုတွေ ရှိပါတယ်။
ယူကရိန်းစစ်ပွဲမစခင်ကတော့ သူတို့အဖွဲ့မှာ တပ်ဖွဲ့ဝင်အင်အား ၅,၀၀၀ လောက် ရှိမယ်လို့ ယူဆရပါတယ်။ အများစုက ရုရှား အထူးတပ်ရင်း၊တပ်ဖွဲ့တွေက တပ်ဖွဲ့ဝင်ဟောင်းတွေပါ။
ဒါပေမဲ့ အဲဒီကတည်းက တပ်ဖွဲ့အင်အားက သိသိသာသာ တိုးလာခဲ့ပါတယ်။
မော်စကိုကို "တရားမျှတမှုအတွက် ချီတက်" မယ်လို့ ကြေညာခဲ့ချိန်က ဗာဂနာခေါင်းဆောင် ယက်ဂေနီ ပရီဂေ့ါဂျင်က တပ်ဖွဲ့ဝင် အင်အား ၂၅,၀၀၀ ကို ဦးစီးနေတယ်လို့ ပြောပါတယ်။
ကြေးစားတပ်ဖွဲ့ဆိုတာ ရုရှားမှာ တကယ်တမ်း တရားမဝင်လို့ ဗာဂနာတပ်ဖွဲ့ကို ၂၀၂၂ ခုနှစ်မှာ ကုမ္ပဏီတစ်ခုအဖြစ် မှတ်ပုံတင်ထားခဲ့တာပါ။
အမေရိကန်ကတော့ အဲဒီတပ်ဖွဲ့ကို “နိုင်ငံဖြတ်ကျော်ရာဇဝတ်ဂိုဏ်း”အဖြစ် ၂၀၂၃ ဇန်န၀ါရီမှာ သတ်မှတ်ခဲ့ပါတယ်။
ယူကရိန်းမှာ ဗာဂနာအဖွဲ့ ဘာတွေ လုပ်ခဲ့လဲ
ဗာဂနာအဖွဲ့ဟာ ယူကရိန်းအရှေ့ခြမ်းက ဘာမုမြို့ကို ရုရှားအတွက် သိမ်းယူပေးခဲ့တုန်းက အင်အားအများအပြား ပါဝင်ခဲ့ပါတယ်။
ဗာဂနာတပ်ဖွဲ့ဝင်တွေဟာ အကာအကွယ်မရှိတဲ့ စစ်မြေပြင်ထဲကို အများအပြား အပို့ခံခဲ့ရပြီး အဲဒီမှာ အသေအပျောက်အများကြီး ရှိခဲ့တယ်လို့ ယူကရိန်းတပ်တွေက ပြောပါတယ်။
အစပိုင်းမှာ ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက ဗာဂနာတပ်ဖွဲ့တွေ ဝင်တိုက်ပေးနေတယ်ဆိုတာ တရားဝင် အသိအမှတ် မပြုခဲ့ပါဘူး။ အဲဒါကနေ ယက်ဂေနီ ပရီဂေါ့ဂျင်ရဲ့ ရုရှား စစ်တပ်ခေါင်းဆောင်တွေကို ပထမဆုံး မကျေနပ်မှု ထွက်ပေါ်လာခဲ့ပါတယ်။
မစ္စတာ ပရီဂေါ့ဂျင်က လက်နက်ခဲယမ်းတွေ နည်းလာလို့ သူ့တပ်တွေကို ဘာမုကနေ ပြန်ထုတ်ပစ်မယ်လို့လည်း ခြိမ်းခြောက်ခဲ့ဖူးပါတယ်။
ရုရှားက ယူကရိန်းကို မကျူးကျော်ခင် သီတင်းပတ်တွေ အလိုမှာ ရုရှားက ယူကရိန်းကို ကျူးကျော်ဖို့ အကြောင်းပြချက်ရအောင် ဗာဂနာတပ်ဖွဲ့က “အကွက်ချကြံစည်"တိုက်ခိုက်မှုတွေ လုပ်ခဲ့တယ်လို့လည်း ယူဆကြပါတယ်။
အဲဒါဟာ တိုက်တော့ တစ်ဖက်က တိုက်ပြီး အပြစ်တင်တော့ တခြားဘက်ကို အပြစ်တင်တဲ့ သဘောကို ပြောတာပါ။
ဗာဂနာအဖွဲ့ဟာ ယူကရိန်းထဲရောက်နေတဲ့ ရုရှားတပ်တွေရဲ့ တပ်ထိန်းတပ်ဖွဲ့အဖြစ်လည်း လုပ်ခဲ့တယ်လို့ လန်ဒန် ဘုရင့်ကောလိပ်က ဒေါက်တာ မာရီနာ မီရွန်က ပြောပါတယ်။
"သူတို့ကို ရုရှားအစိုးရက စစ်မြေပြင် စည်းကမ်းထိန်းသိမ်းရေးအတွက် သုံးခဲ့တယ်"လို့ ပြောပါတယ်။
ဗာဂနာတပ်ဖွဲ့ ဘယ်တုန်းက စခဲ့လဲ၊ နာမည်ဘယ်လို ပေးခဲ့လဲ
ယက်ဂေနီ ပရီဂေါ့ဂျင်က ဗာဂနာတပ်ဖွဲ့ကို ၂၀၁၄ ခုနှစ်မှာ သူစတင် တည်ထောင်ခဲ့တယ်လို့ ပြောပါတယ်။
ချမ်းသာတဲ့ စီးပွားရေးသမား၊ ပြစ်မှုကျူးလွန်ဖူးသူ ယက်ဂေနီ ပရီဂေါ့ဂျင်ကို "ပူတင်ရဲ့ စားဖိုမှူး"လို့ လည်း ခေါ်ကြပါတယ်။ သူက ရုရှားအစိုးရအတွက် ဧည့်ခံစားသောက်ရေးတွေ စီစဥ်ပေးခဲ့လို့ ဒီလို ခေါ်ကြတာပါ။
၂၀၂၁ ခုနှစ်မှာ ဘီဘီစီ စုံစမ်းထောက်လှမ်းမှုအရ ရုရှားစစ်တပ်က အရာရှိဟောင်း ဒီမစ်ထရီ အူကင်း ပါဝင် ပတ်သက်နေတယ်လို့ ယူဆရာနိုင်စရာ တွေ့ရပါတယ်။
ချေချင်းညှာတိုက်ပွဲတွေမှာ တိုက်ခဲ့ဖူးတဲ့ ရုရှားစစ်ပြန် ဒီမစ်ထရီ အူကင်းဟာ ဗာဂနာတပ်ဖွဲ့ရဲ့ ပထမဆုံး တိုက်ပွဲဝင် တပ်မှူးလို့ ယူဆရပါတယ်။ သူက သူအရင်သုံးဖူးတဲ့ ရေဒီယိုသင်္ကတကို ဒီတပ်ဖွဲ့နာမည်အဖြစ် ပေးခဲ့တယ်လို့ ယူဆရပါတယ်။
မစ္စတာ ပရီဂေ့ါဂျင်က သူ့တပ်အင်အားကို တိုးချဲ့ခဲ့ပြီး ၂၀၂၂ ခုနှစ်မှာတော့ ရုရှား အကျဥ်းသားတွေကို သူ့တပ်သားတွေအဖြစ် စုဆောင်းခဲ့ပါတယ်။
ယူကရိန်းမှာရှိတဲ့ ၈၀ ရာခိုင်နှုန်းသော သူ့တပ်တွေဟာ အဲဒီက ဆွဲခေါ်လာတာ ဖြစ်တယ်လို့ အမေရိကန် အမျိုးသားလုံခြုံရေးကောင်စီရဲ့ အဆိုအရ သိရပါတယ်။
ဗာဂနာနဲ့ ရုရှားဗိုလ်ချုပ်တွေ ဘယ်မှာကွဲပြဲခဲ့လဲ
ရုရှား ကာကွယ်ရေးဝန်ကြီး ဆာဂေးရွှေဂူနဲ့ ယူကရိန်းထဲက ရုရှားတပ်ဖွဲ့တွေရဲ့ ခေါင်းဆောင် ဗာလေးရီ ယက်ရာစီမော့တို့ကို အသုံးမကျဘူးဆိုပြီး မစ္စတာ ပရီဂေါ့ဂျင်က ထပ်ခါထပ်ခါ စွပ်စွဲနေခဲ့တာပါ။
ပြီးတော့ သူ့တပ်ဖွဲ့ကို ရုရှား ကာကွယ်ရေးဝန်ကြီးဌာန တိုက်ရိုက်အုပ်ချုပ်မှုအောက် ရောက်သွားစေမယ့် သဘောတူစာချုပ် ချုပ်ဖို့ ညွှန်ကြားတာကိုလည်း သူက ငြင်းခဲ့ပါတယ်။
အခုနှစ် ဇွန်လ ၂၃ ရက်နေ့မှာတော့ ယူကရိန်းက ဗာဂနာတပ်ဖွဲ့တွေကို ရုရှားက ဗုံးကြဲတိုက်ခိုက်တယ်ဆိုပြီး ရုရှား စစ်တပ်ထိပ်တန်း ခေါင်းဆောင်တွေကို သူက စွပ်စွဲပါတယ်။
နောက်တစ်ရက်မှာပဲ ရုရှားတောင်ပိုင်းက ရော့စတော့ဗွန်ဒန်မြို့ကို သူ့တပ်တွေက ထိန်းချုပ်လိုက်ပါတယ်။ ပြီးတော့ ရုရှား စစ်တပ်ခေါင်းဆောင်တွေကို ဖြုတ်ချပစ်ဖို့ဆိုပြီး မော်စကိုကို သူ့တပ်တွေ ချီတက်သွားခဲ့ပါတယ်။
ဒါပေမဲ့ ရုရှားရဲ့ အိမ်နီးချင်း ဘယ်လာရုစ် ခေါင်းဆောင် အလက်ဇန်းဒါး လူကာရှန်ကိုရဲ့ ကြားဝင်စေ့စပ်ပေးမှုနဲ့ ရုရှားအစိုးရနဲ့ သူညှိနှိုင်းပြီးတဲ့နောက် တပ်ချီတက်နေတာကို ရပ်လိုက်ပါတယ်။
ဒီလိုနဲ့ သူ့ကို ဆက်ပြီးသစ္စာခံမယ့် ဗာဂနာ တပ်ဖွဲ့ဝင်တွေနဲ့အတူ ဘယ်လာရုစ်ဘက်ကို သူတိမ်းရှောင်ထွက်သွားဖို့ သဘောတူလိုက်ပါတယ်။
တခြားတပ်သားတွေကိုတော့ ရုရှားရဲ့ စစ်တပ်ထဲ သွင်းလိုက်မှာပါ။
ပြီးတော့ ပုန်ကုန်မှုအတွက် သူတို့ကို ရာဇဝတ်ကြောင်းအရ အရေးယူမှာတွေကိုလည်း ရုပ်သိမ်းပေးခဲ့ပါတယ်။
ဗာဂနာတပ်ဖွဲ့ ဘယ်နေရာတွေမှာ ရှိသေးလဲ
ဗာဂနာကြေးစားတပ်ဖွဲ့ကို ၂၀၁၅ ခုနှစ်ကတည်းကစပြီး ဆီးရီးယားမှာ တွေ့မြင်ခဲ့ရပါတယ်။ ဆီးရီးယား အစိုးရကိုထောက်ခံတဲ့ လက်နက်ကိုင်အဖွဲ့တွေနဲ့အတူ တိုက်ခိုက်ခဲ့ပြီး ရေနံမြေတွေအတွက် လုံခြုံရေးလုပ်ခဲ့ပါတယ်။
လစ်ဗျားမှာလည်း ဗိုလ်ချုပ်ကြီး ကာလီဖာ ဟာဖ်တာကို သစ္စာခံတဲ့ တပ်တွေနဲ့အတူ ဗာဂနာတပ်တွေ ရှိပါတယ်။
ဗဟိုအာဖရိကနိုင်ငံမှာလည်း စိန်တွင်းတွေကို ကာကွယ်စောင့်ရှောက်ဖို့ ဗာဂနာတပ်တွေကို သုံးပါတယ်။
ပြီးတော့ ဆူဒန်က ရွှေတွင်းတွေကို ဗာဂနာတပ်တွေ ကာကွယ်ပေးနေတယ်လို့လည်း ယူဆရပါတယ်။
အနောက်အာဖရိကမှာရှိတဲ့ မာလီနိုင်ငံ အစိုးရကတော့ အစ္စလာမ္မစ် စစ်သွေးကြွအဖွဲ့တွေကို တိုက်ခိုက်ဖို့ ဗာဂနာတပ်တွေကို သုံးပါတယ်။
ဒါပေမဲ့ အဲဒီတပ်တွေကို ဘယ်သူက ကွပ်ကဲအမိန့်ပေးမယ်ဆိုတာတော့ အခုထိ မရှင်းလင်းသေးပါဘူး။
ပရီဂေါ့ဂျင်အနေနဲ့တော့ အဲဒီလို နိုင်ငံတကာမှာ လုပ်ငန်းတွေ လုပ်ပြီး ပိုက်ဆံရှာနေတာလို့ ယူဆရပါတယ်။
ပရီဂေ့ါဂျင်ဟာ သူပိုင်တဲ့ မိုင်းတွင်းလုပ်ငန်းကုမ္ပဏီတွေ ပိုအကျိုးအမြတ်ရအောင် ဗာဂနာတပ်ဖွဲ့တွေကို သုံးခဲ့တာလို့ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက ပြောပါတယ်။ အဲဒီ လုပ်ငန်းတွေဟာ အမေရိကန်ရဲ့ ပိတ်ဆို့ကန့်သတ်ခံထားရပါတယ်။
ဗာဂနာတပ်ဖွဲ့တွေ ဘယ်လို ရာဇဝတ်မှုတွေ ကျူးလွန်တယ်လို့ စွပ်စွဲခံရလဲ
ရုရှားတပ်ဖွဲ့ဝင်တွေနဲ့အတူ ၂၀၂၂ ဧပြီမှာ ယူကရိန်းနိုင်ငံ ကိယက်ဗ်မြို့ အနီးမှာ ဗာဂနာ ကြေးစားတပ်ဖွဲ့ဝင် သုံးဦးက အရပ်သားတွေကို နှိပ်စက်သတ်ဖြတ်ခဲ့တယ်လို့ ယူကရိန်း တရားစွဲရှေ့နေတွေက ပြောပါတယ်။
ဘူခါမြို့မှာလည်း ၂၀၂၂ မတ်လမှာ ဗာဂနာတပ်ဖွဲ့တွေက အရပ်သားတွေကို အစုလိုက် သတ်ဖြတ်ခဲ့ဖွယ် ရှိတယ်လို့ ဂျာမန် ထောက်လှမ်းရေးသတင်းတွေအရ သိရပါတယ်။
ဗဟိုအာဖရိကနိုင်ငံမှာတော့ ဗာဂနာတပ်ဖွဲ့ဝင်တွေဟာ အရပ်သားတွေကို မုဒိမ်းမှုတွေနဲ့ လုယက်ဓားပြမှုတွေ ကျူးလွန်ခဲ့တယ်လို့ ကုလသမဂ္ဂနဲ့ ပြင်သစ်အစိုးရတို့က စွပ်စွဲထားပါတယ်။
လစ်ဗျားနိုင်ငံမြို့တော် ထရစ်ပိုလီမှာလည်း ဗာဂနာတပ်ဖွဲ့တွေက မြေမြှုပ်မိုင်းတွေနဲ့ လက်လုပ်ဗုံးတွေ သုံးခဲ့တယ်ဆိုပြီး ၂၀၂၀မှာ အမေရိကန် စစ်တပ်က စွပ်စွဲခဲ့ပါတယ်။