ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ယူကရိန်းကျူးကျော်စစ်မှာ ရုရှားဘက်က စစ်ရေးအမှားအယွင်းတွေ
- ရေးသားသူ, ဂျိုနသန်ဘီးလ်
- ရာထူးတာဝန်, ကာကွယ်ရေးသတင်းထောက်၊ ဘီဘီစီသတင်း
ရုရှားစစ်တပ်ဟာ ကမ္ဘာပေါ်မှာ အင်အားအကောင်းဆုံး စစ်တပ်တွေထဲက တစ်ခုဖြစ်တယ် ဆိုပေမဲ့ယူကရိန်းကို စတင် ကျူးကျော်စစ်ဆင်တဲ့ အချိန်မှာ အခုလို အင်အားကောင်းတဲ့ အခြေအနေက အပြည့်အဝ မပေါ်လွင်တာကို တွေ့ရပါတယ်။
ရုရှားရဲ့ တိုက်ခိုက်တဲ့ ပုံစံကို အနောက်နိုင်ငံတွေက စစ်ဘက်ရေးရာ သုံးသပ်သူတွေက တအံ့တသြဖြစ်ခဲ့ကြပြီး တစ်ယောက်ကဆိုရင် အတော်ညံ့ဖျင်းတဲ့ တိုက်ခိုက်ပုံပဲ လို့တောင် ပြောဆိုခဲ့တာ တွေ့ရပါတယ်။
ရုရှားက ယူကရိန်းနိုင်ငံထဲကို ဝင်လာတဲ့ စစ်ကြောင်းအများစုဟာလည်း မတ်လ ၁၉ ရက်နေ့ ရောက်တဲ့အထိ ရှေ့ မတိုးပဲ ဖြစ်နေပြီး အခုအထိ ဝင်လာတဲ့ လမ်းကြောင်းတလျှောက်မှာ ရုရာုးစစ်တပ်ကြုံရတဲ့ ဆုံးရှုံးမှုတွေကနေ ပြန် နာလံထူနိုင်ပါ့မလား ဆိုတာကိုတောင် တချို့ ပညာရှင်တွေက မေးခွန်းထုတ်လာကြပါတယ်။
ရုရှားဟာ ယူကရိန်းကျူးကျော်စစ်မှာ သူတို့မျှော်မှန်းထားတဲ့ ပန်းတိုင်တွေကို မရသေးသလို နောက်ဆုံး စစ်ပွဲပြီးသွားမယ့် အချိန်မှာတောင် မရဘဲ ဖြစ်သွားနိုင်တယ်လို့ မြောက်အတ္တလန္တိတ် စစ်စာချုပ် နေတိုးအဖွဲ့ ထိပ်တန်းအရာရှိတဦးက ဘီဘီစီကို ပြောပါတယ်။
ဘီဘီစီရဲ့ ကာကွယ်ရေးဆိုင်ရာ သတင်းထောက် ဂျိုနသန် ဘီးလ်က အနောက်နိုင်ငံတွေက ဝါရင့် စစ်ရေး အရာရှိတွေ၊ ထောက်လှမ်းရေး အရာရှိတွေနဲ့ တွေ့ဆုံစကားပြောခဲ့ပြီး အောက်ပါ သုံးသပ်ချက်တွေကို ရေးသားခဲ့ပါတယ်။
ရုရှားက ယူကရိန်းရဲ့ ခုခံနိုင်စွမ်းကို လျှော့တွက်ခဲ့သလား
ရုရှားရဲ့ ယူကရိန်းကျူးကျော်စစ်အတွင်းမှာ ကျူးလွန်တဲ့ ပထမဆုံး အမှားကတော့ ယူကရိန်းဘက်က ပြန်လည် ခုခံနိုင်စွမ်းနဲ့တကွ ယူကရိန်းရဲ့ ရုရှားနဲ့ ယှဉ်ရင် အားနည်းတဲ့ စစ်တပ်ရဲ့ စွမ်းဆောင်ရည်ကို လျှော့တွက်တဲ့ အမှားဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။
ဒီနှစ်နိုင်ငံရဲ့ စစ်တပ်အင်အားကို နှိုင်းယှဉ်ရာမှာ နှစ်စဉ် စစ်အသုံးစရိတ်ကို ကြည့်မယ်ဆိုရင်ပဲ ယူကရိန်းက နှစ်စဉ် စစ်အသုံးစရိတ် အမေရိကန်ဒေါ်လာ ၄ ဘီလျံ သုံးနေခဲ့တာကို တွေ့ရပြီး ရုရှားရဲ့ နှစ်စဉ် စစ်အသုံးစရိတ်က အမေရိကန်ဒေါ်လာ ဘီလျံ ၆၀ အထိ ရှိတာကို တွေ့ရပါတယ်။
ဒီလို အနေအထားမျိုး ရှိတဲ့အတွက်ကြောင့် တဖက်မှာလည်း ရုရှားကိုယ်တိုင်အပါအဝင် လူအများက ရုရှားစစ်တပ်ရဲ့ အင်အားစွမ်းရည်ကို အများကြီးပိုတွက်ထားခဲ့ ကြတာကို တွေ့ရပါတယ်။
ရုရှားက ယူကရိန်းကို မကျူးကျော်ခင် နှစ်ဖက် စစ်အင်အား အကျဉ်းချုပ်
ရုရှားဟာ ယူကရိန်းထက် နှစ်စဉ် စစ်အသုံးစရိတ်မှာ ဆယ်ဆကျော် များပြားပေမယ့် တပ်သား အရေအတွက်မှာဆိုရင်တော့ သုံးဆနီးပါးလောက်အထိသာ များပြားပြီး ရုရှားက သုံးသန်းနီးပါးနဲ့ ယူကရိန်းက တသန်းကျော် ရှိတာကို တွေ့ရပါတယ်။
တင့်ကားအရေအတွက်မှာဆိုရင်လည်း အလားတူ အနေအထားရှိတာတွေ့ရပြီး ယူကရိန်းက တင့်ကား ၁၀ဝ၀ နီးပါး ရှိချိန်မှာ ရုရှားဘက်က တင့်ကား ၃၅၀ဝ နီးပါး ရှိနေပါတယ်။
တိုက်လေယာဉ် အရေအတွက်မှာကတော့ ရုရှားက ယူကရိန်းထက် ဆယ်ဆကျော် အားသာသွားပြီး ယူကရိန်းက ၁၂၄ စင်းသာ ရှိချိန်မှာ ရုရှားတိုက်လေယာဉ် အရေအတွက်က ၁၄၀ဝ နီးပါး ရှိနေပါတယ်။
တိုက်ခိုက်ရေး ရဟတ်ယာဉ် အရေအတွက်မှာ ဆိုရင်လည်း ရုရှားက ရှစ်ဆလောက်အထိ အားသာပြီး ယူကရိန်း ၅၇ စင်းနဲ့ ရုရှား ၄၀၇ စင်း ရှိနေပါတယ်။
တပ်သားတင် ကျည်ကာကား အရေအတွက်မှာလည်း အလားတူပဲ ရုရှားက ခုနှစ်ဆကျော် အားသာရာမှာ ၇၂၇၂ စီးနဲ့ ၈၃၁ စီး အသီးသီး ရှိကြတာကို တွေ့ရပါတယ်။
အဝေးပစ် လက်နက်ကြီး အရေအတွက်မှာတော့ ရုရှားက ခြောက်ဆနီးပါး အားသာမှု ရှိပြီး ရုရှား ၅၈၉၉ လက် နဲ့ ယူကရိန်း ၁၈၁၈ လက် တို့ ဖြစ်ပါတယ်။
ရုရှားစစ်တပ်က သူတို့ ဆီမှာ ရှိတယ်လို့ အများယူဆတဲ့ လက်နက်တွေ အပြည့်အဝသုံးရဲ့လား
ဗြိတိသျှ ထိပ်တန်းစစ်အရာရှိတဦးရဲ့ အပြောအရ ရုရှားဟာ သူ့ရဲ့ စစ်အသုံးစရိတ်အများစုကို နျူကလီးယားလက်နက် စမ်းသပ်ရေးနဲ့ ထုတ်လုပ်ရေး အပိုင်းတွေမှာ သုံးနေတယ်လို့ ဆိုပါတယ်။
အဲဒီအပိုင်းတွေပြီးရင် ရုရှားစစ်အသုံးစရိတ်ကို နောက်ထပ် အဓိက အသုံးပြုနေတဲ့အပိုင်းကတော့ အသံထက်မြန်တဲ့သွားနှုန်းရှိတဲ့ ဒုံကျည်လက်နက်လို လက်နက်အမျိုးအစားသစ်တွေ စမ်းသပ်မှုဖြစ်တယ်လို့ လည်း သူက ပြောပါတယ်။
ရုရှားဟာ သူတို့နှစ်စဉ် ကျင်းပနေကျ နာဇီဂျာမနီကို အောင်နိုင်တဲ့ အထိမ်းအမှတ် စစ်ရေးပြ ချီတက်ပွဲတစ်ခုမှာ ကမ္ဘာ့နည်းပညာ အဆင့်အမြင့်ဆုံးလို့ ဆိုကြတဲ့ T-14 Armata ကို ပြသခဲ့ပေမယ့် ဒီတင့်ကားအမျိုးအစားကို ယူကရိန်း စစ်မြေပြင်မှာ မတွေ့ ကြရပါဘူး။
ရုရှားရဲ့ ယူကရိန်းကျူးကျော်စစ်မှာ အများစုတွေ့ရတဲ့ တင့်ကားအမျိုးအစားကတော့ ၁၉၇၀ ကျော်လောက်ကတည်းက စတင် အသုံးပြုလာတဲ့ T-72 တင့်ကား အမျိုးအစားတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒီတင့်ကားတွေကို တပ်သားသယ် ကျည်ကာကားတွေ၊ အဝေးပစ် လက်နက်ကြီးတွေ၊ အဝေးပစ် ဒုံးကျည် လက်နက်တွေနဲ့ အတူ အများစု အသုံးပြုနေတာကို တွေ့ရပါတယ်။
ရုရှားမျှော်မှန်းသလောက် လေကြောင်း အသာမရဘဲ ဖြစ်ခဲ့သလား
ရုရှားစစ်တပ်ဟာ ယူကရိန်းကို ကျူးကျော်ကာစ အချိန်မှာ သူတို့ ရဲ့ လေတပ် တိုက်လေယာဉ်တွေကို ယူကရိန်းနဲ့ နယ်စပ်ကို ရွှေ့ခဲ့ပြီး ယူကရိန်းရဲ့ တိုက်ပွဲဝင် တိုက်လေယာဉ် အရေအတွက်ထက် သုံးဆကျော်လောက်အထိ များခဲ့ပါတယ်။
အခုလို အနေအထားမှာ ရုရှားတပ်တွေဟာ လေကြောင်းမှာ လျင်လျင်မြန်မြန် အသာစီးရသွားမယ်လို့ စစ်ရေးကျွမ်းကျင်သူ အများစုက ယူဆခဲ့ကြပေမယ့် ယူကရိန်းရဲ့ လေကြောင်းကာကွယ်ရေး လက်နက်စနစ်တွေက ရုရှား တိုက်လေယာဉ်တွေရဲ့ လှုပ်ရှားမှုတွေကို ကန့်သတ်နိုင်တဲ့ အထိတော့ ထိရောက်ပုံရတာကို တွေ့ရတယ်လို့ ဆိုပါတယ်။
ရုရှားတပ်ဖွဲ့တွေဟာ စစ်အစပိုင်းမှာ ယူကရိန်းမြို့တော် အပြင်ဘက်က ဟော့စတိုမယ် လေဆိပ်ကို ရဟတ်ယာဉ်တွေနဲ့ တိုက်ခိုက် သိမ်းပိုက်ဖို့ ကြိုးစားခဲ့ပါသေးတယ်။
ဒါပေမဲ့ မအောင်မြင်ခဲ့တဲ့အတွက် အဲဒီလေဆိပ်ကို အသုံးချပြီး တပ်သားတွေ၊ စက်ပစ္စည်း ကိရိယာတွေနဲ့ ထောက်ပံ့ရေးပစ္စည်းတွေ ချပေးနိုင်မယ့် “လေတံတားထိုးလမ်းကြောင်း” မရပဲ ဖြစ်သွားခဲ့တယ်လို့ အနောက်နိုင်ငံတစ်နိုင်ငံက ဝါရင့်ထောက်လှမ်းရေး အရာရှိတစ်ဦးက ဘီဘီစီကို ပြောပါတယ်။
ရုရှားက လေကြောင်းအရ အသာစီး မယူနိုင်လို့ အခြားအခက်အခဲတွေ ပိုလာသလား
ရုရှားက အခုလို လေကြောင်းကတဆင့် ထောက်ပို့ ပေးမယ့် လမ်းကြောင်း မရတာကြောင့် ကုန်းလမ်းကပဲ လူနဲ့ ပစ္စည်းတွေ ဝင်ရောက်ရတဲ့ အချိန်မှာ လမ်းကြော ကျပ်တဲ့နေရာတွေမှာ ပိတ်ဆို့ကုန်ပြီး ယူကရိန်းတပ်တွေက ချုံခို ပုန်းအောင်း တိုက်ခိုက်ဖို့ အခွင့်အလမ်းရသလို ဖြစ်သွားခဲ့တယ်လို့လည်း စစ်ရေး သုံးသပ်သူတချို့က ပြောပါတယ်။
အခုလို အခြေအနေမှာ ယူကရိန်းမြောက်ဘက်က ချီတက်လာတဲ့ ရုရှားစစ်ယာဉ်တန်းကြီးဟာ ယူကရိန်းမြို့တော် ကိယက်ဗ်ကို ဝိုင်းမထားနိုင်ခဲ့တာကိုလည်း ဂြိုဟ်တုကတဆင့် ရိုက်တဲ့ ဓါတ်ပုံတွေကနေ တွေ့ ကြရပါတယ်။
ရုရှားတွေရဲ့ ထိုးစစ်ပိုင်း သိသိသာသာ ရှေ့တိုးသွားနိုင်တာကတော့ ယူကရိန်းတောင်ပိုင်းမှာ ဖြစ်ပြီး အဲဒီဒေသက ရထားလမ်းတွေကတဆင့် လူနဲ့ ပစ္စည်းတွေ အရောက်ပို့နိုင်မှုကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။
ရုရှားတပ်တွေဟာ ဝင်လာတဲ့ လမ်းကြောင်းတွေမှာ ရှေ့မတိုးနိုင်ပဲ ကြန့်ကြာနေပြီး တဖြည်းဖြည်းနဲ့ သိသာတဲ့ ထိတွေ့ တိုက်ခိုက်ပျက်စီးမှုတွေ ခံလာရတယ်လို့ ယူကေ ကာကွယ်ရေးဝန်ကြီး ဘန်ဝေါလေ့စ်က ဘီဘီစီကို ပြောပါတယ်။
ရုရှားဘက်က အကျအဆုံးတွေကြောင့်တပ်ဖွဲ့ဝင်တွေရဲ့ စိတ်ဓာတ်အင်အားပါ ကျနေသလား
ရုရှားဟာ ယူကရိန်းကျူးကျော်စစ်အတွက် တပ်သားအင်အား ၁၉၀,ဝ၀ဝ လောက်ကို စစ်ပြင်ခဲ့ပြီး အားလုံးနီးပါးလောက်လည်း တိုက်ပွဲဝင်နေကြပြီ ဖြစ်ပါတယ်။
ဒီစစ်ပွဲအတွင်းမှာ နှစ်ဖက် ကျဆုံးမှုနဲ့ ပတ်သက်တဲ့ အသေးစိတ်တွေ အတည်မပြုနိုင်သေးပေမယ့် ယူကရိန်းဘက်က ပြောဆိုတဲ့ ရုရှားဘက်က သေဆုံးမှု ကိန်းဂဏန်း ၁၄,ဝ၀ဝ အရဆိုရင် ရုရှားဘက်က ပါဝင်တဲ့ တပ်သားရဲ့ ၁၀ ရာခိုင်နှုန်းလောက်အထိ သေဆုံးထားပြီးဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။
ဒါပေမယ့် အမေရိကန်ကတော့ အမှန်တကယ် ရုရှားဘက်က သေဆုံးမှုနှုန်းက အဲဒီအရေအတွက်ရဲ့ တဝက်လောက်သာ ရှိနိုင်တယ်လို့ ဆိုပါတယ်။
ဒီစစ်ပွဲအတွင်း ပါဝင်တဲ့ ရုရှားတပ်သားတွေဟာ စိတ်ဓာတ်တွေလည်း ကျဆင်းနေတယ်ဆိုတဲ့ အထောက်အထားတွေရှိထားတယ်လို့ အနောက်နိုင်ငံတွေက သက်ဆိုင်ရာ အရာရှိတွေက ဆိုကြပါတယ်။
အဲဒီ တပ်သားတွေထဲက တစ်ဦးက ဆိုရင် “တော်တော်ကို စိတ်ဓာတ်ကျနေပြီ” လို့ ပြောဆိုထားသလို နောက်တစ်ဦးကလည်း ယူကရိန်းကို ကျူးကျော်စစ် စတင်ဖို့ အမိန့်မရခင်မှာ ရုရှားတပ်သားတွေဟာ ဘယ်လာရုစ်နိုင်ငံနဲ့ ရုရှားနိုင်ငံက နှင်းတွေထဲမှာ ချမ်းချမ်းစီးစီး၊ ဆာဆာလောင်လောင်၊ ပင်ပင်ပန်းပန်းနဲ့ စောင့်နေခဲ့ရတယ်လို့ ဆိုပါတယ်။
ရုရှားဟာ ဘယ်လာရုစ်နိုင်ငံနဲ့ စစ်ရေးတွဲဖက် လေ့ကျင့်ဖို့ ရောက်လာခဲ့တဲ့တပ်တွေကို ဒေသတွင်း အခြေအနေကြောင့် အချိန်အကန့်အသတ်မရှိ ဆက်လက်ထားရှိမယ် ဆိုပြီး ပြောဆိုထားခဲ့တာ ဖြစ်ပါတယ်။
ရုရှားစစ်တပ်ဟာ သူတို့ ဆုံးရှုံးထားတဲ့ စစ်သားတွေနေရာမှာ အစားထိုးဖို့အတွက် နိုင်ငံရဲ့ အရှေ့ စွန်းဒေသက အရန်တပ်သားတွေသာမက အာမေးနီးယားနဲ့ အဇာဘိုင်ဂျန်နိုင်ငံ ပဋိပက္ခဖြစ်တဲ့အချိန်မှာ ငြိမ်းချမ်းရေးတပ်သားအဖြစ် အာမေးနီးယားမှာ ချထားတဲ့ ရုရှားတပ်သားတွေကိုပါ ခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဆီးရီးယားနိုင်ငံမှာရှိတဲ့ ရုရှားတပ်သားမဟုတ်သူ နိုင်ငံခြားသားတပ်တွေဟာလည်း မကြာခင်မှာ ဒီ ယူကရိန်းကျူးကျော်စစ်အတွင်း ဗာဂနာ ကြေးစားစစ်သား တပ်ဖွဲ့ဝင်တွေနဲ့အတူ ပါဝင် တိုက်ခိုက်ကြဖို့ ဖြစ်နိုင်ခြေ အတော်များတယ်လို့လည်း အနောက်နိုင်ငံတွေက သက်ဆိုင်ရာ အရာရှိတွေက ယူဆနေကြပါတယ်။
ရုရှားစစ်တပ် ထောက်ပို့လမ်းကြောင်းမှာ ဘယ်လို အခက်အခဲတွေ ရှိနေနိုင်သလဲ
ရုရှားစစ်တပ်ဟာ ကီလိုမီတာများစွာ ရှည်လျားတဲ့ စစ်ယာဉ်တန်းကြီးနဲ့ ဝင်ရောက်လာပေမယ့် လောင်စာ၊ ကျည်နဲ့ အစားအစာ ပြတ်တောက်မှုတွေလည်း ရှိနေတယ်လို့ ဆိုကြပြီး ဆက်မောင်းမရလို့ ထားခဲ့တဲ့ကားတွေလည်း ရှိတယ်လို့ ဆိုပါတယ်။
ရုရှားဟာ ဒီစစ်ပွဲအတွင်းမှာ တိကျ တာဝေးပစ် ဒုံးကျည် အလုံး ၉၀ဝ လောက်အထိ သုံးထားပြီး ဖြစ်ပါတယ်။
ဒီလို အဆင့်မြင့်ဒုံးကျည်တွေကို အစားထိုးရတာ မလွယ်တာကြောင့် အရန်သင့် များများ မကျန်တော့တာမျိုးကိုလည်း ရုရှားဘက်က ကြုံနေရနိုင်တယ်လို့ အနောက်နိုင်ငံတွေက အရာရှိတွေက သုံးသပ်ထားကြပါတယ်။
ရုရှားဟာ အခုလို လက်နက်မျိုးတွေ ပြတ်လတ်မှုအတွက် တရုတ်ကို အကူအညီတောင်းနေတယ်လို့လည်း အမေရိကန်အစိုးရ အရာရှိတွေက သတိပေးထားကြပြီး ဖြစ်ပါတယ်။
ယူကရိန်းစစ်တပ်အတွက်ကတော့ အမေရိကန်အစိုးရဘက်က နောက်ထပ် အမေရိကန်ဒေါ်လာ သန်း ၈၀ဝ ကာကွယ်ရေး ထောက်ပံ့မယ်လို့ ဆိုပါတယ်။
အမေရိကန်က အခုလို ရန်ပုံငွေ ထောက်ပံ့မယ့်အပြင် တင့်ကားဖျက် ဒုံးကျည်၊ လေယာဉ်ပစ် ဒုံးကျည်တွေနဲ့ တကွ ထိုးဆင်း အဆုံးခံ ဖောက်ခွဲနိုင်တဲ့ အမေရိကန်ထုတ် SwitchBlade မောင်းသူမဲ့ ယာဉ်ပျံတွေပါ ပါဝင်နိုင်တယ်လို့ ဆိုပါတယ်။
သမ္မတပူတင်ဘက်ကတော့ သူ့ရဲ့ စစ်အင်အားတွေ ထပ်တိုးပြီး ရက်ရက်စက်စက်တိုက်ခိုက်လာနိုင်သေးတယ်လို့ အနောက်နိုင်ငံအရာရှိတွေက သတိပေးထားပါတယ်။ သူ့ဆီမှာ ယူကရိန်းမြို့တွေကို နောက်ထပ်အချိန်တော်တော်ကြာအောင်ဆက်ပြီး ဗုံးကြဲတိုက်ခိုက်နိုင်တဲ့ လက်နက်အင်အားရှိနေသေးတယ်လို့လည်း ပြောပါတယ်။
လောလောဆယ် အဆုံးရှုံး အခက်အခဲတွေကြုံနေရပေမဲ့ သမ္မတပူတင်အနေနဲ့ နောက်တွန့်သွားမှာ မဟုတ်ဘဲ ပိုတောင် တိုးမြှင့်တိုက်ခိုက်လာနိုင်တယ်လို့ အနောက်နိင်ငံကထောက်လှမ်းရေးအရာရှိတစ်ယောက်က သုံးသပ်ပါတယ်။ စစ်ရေးအရ ယူကရိန်းကို အနိုင်တိုက်နိုင်မယ်လို့ သူယုံကြည်နေသေးပုံလည်း ရပါတယ်။ ယူကရိန်းတပ်ဖွဲ့တွေဘက်က အခုအထိ ကြံ့ကြံ့ခံခုခံတွန်းလှန်နေနိုင်သေးတယ်ဆိုပေမဲ့ သူတို့မှာလည်း နောက်ထပ် လက်နက်လူသူအင်အား ထပ်ဖြည့်တာတွေမရခဲ့ရင် တဖြည်းဖြည်း လူရော လက်နက်ပါ ကုန်လာလာနိုင်တယ်လို့ အဲဒီထောက်လှမ်းရေးအရာရှိက ထောက်ပြပါတယ်။ စစ်ပွဲစချိန်ကထက်စာရင် ယူကရိန်းရဲ့ စစ်ရေးစွမ်းရည်အပေါ် ယုံကြည်မှုတွေ ပိုရှိလာရပေမဲ့ ရုရှားရဲ့ စစ်အင်အားနဲ့ ရေရှည်ယှဉ်တိုက်နိုင်ဖို့ကတော့ လွယ်ကူတဲ့အနေအထားမှာ ရှိမနေသေးပါဘူး။