ယူကရိန်းကို ရုရှားကျူးကျော်မှု - ရုရှားကို လက်နက် မတပ်ဆင်ဖို့ တရုတ်ကို ဘိုင်ဒန် တိုက်တွန်းမယ်

ရုရှားကို လက်နက် မတပ်ဆင်ဖို့ တရုတ်ကို ဘိုင်ဒန် တိုက်တွန်းမယ်

အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က တရုတ် သမ္မတ ရှီကျင့်ဖျင်ကို ဒီကနေ့ တယ်လီဖုန်းနဲ့ ဆက်သွယ်ပြောကြားချိန်မှာ ယူကရိန်းစစ်ပွဲအတွက် ရုရှားကို လက်နက်ပစ္စည်းတွေ မထောက်ပံ့ဖို့ ပြောမှာ ဖြစ်ပါတယ်။

ရုရှားရဲ့ ကျူးကျော်မှုကို တရုတ်က မရှုတ်ချတဲ့အတွက် အမေရိကန်က တရုတ်ကို ဝေဖန်ခဲ့ပါတယ်။

မနေ့တုန်းကလည်း အမေရိကန်လွှတ်တော်မှာ ဘိုင်ဒန်က ရုရှားသမ္မတ ပူတင်ကို "လူမိုက်စစ်စစ်"၊ "သတ်ချင်ဖြတ်ချင်နေတဲ့ အာဏာရှင် " လို့ ခေါ်ခဲ့ပြီး ယူကရိန်းကလူတွေကို "စည်းမစောင့်တဲ့ စစ်" ဆင်နွှဲနေတယ်လို့ ပြောခဲ့ပါတယ်။ အဲဒါမတိုင်ခင်ကလည်း "စစ်ရာဇဝတ်သား"လို့ သုံးနှုန်းခဲ့ပါသေးတယ်။

အဲဒီလို ပြောဆိုမှုတွေနဲ့ ပတ်သက်ပြီး ရုရှားဘက်က ပြောခွင့်ရသူ ဒီမစ်ထရီ ပက်စကော့ဗ်က ဘိုင်ဒန်ရဲ့ ပြောဆိုချက်တွေဟာ "လုံးဝလက်မခံနိုင်စရာတွေနဲ့ ခွင့်မလွှတ်နိုင်စရာတွေ" လို့ သတင်းထောက်တွေကို တုံ့ပြန်ပြောဆိုခဲ့ပါတယ်။

တရုတ်နိုင်ငံမြို့တော်ဘေဂျင်းမှာရောက်နေတဲ့ ဘီဘီစီ သတင်းထောက်ကတော့ တရုတ်အစိုးရဟာ ရုရှားအာဘော်တွေကို ဖြန့်ချိနေတယ်လို့ ဆိုပါတယ်။ အမေရိကန်နဲ့ ဥရောပတို့က ရုရှားကို ပိတ်ဆို့အရေးယူရာမှာ တရုတ်ပါကြားညပ်မှာကို တရုတ်အစိုးရက စိုးရိမ်ပူပန်နေပုံရတယ်လို့လည်း ဆိုပါတယ်။

ရုရှားဝိုင်းထားတဲ့ တောင်ပိုင်းဆိပ်ကမ်း မာရီယူပိုးလ်မြို့လယ်ကို ရုရှားတပ်တွေ ရောက်ပြီလို့ဆို

ယူကရိန်းဆိပ်ကမ်းမြို့ မာရီယူပိုးလ်ရဲ့ မြို့လယ်ကို ရုရှားတပ်ဖွဲ့တွေရောက်ရှိလာပြီလို့ ရုရှားကဆိုပါတယ်။

ရုရှားတပ်ဖွဲ့နဲ့ မဟာမိတ်တွေဟာ မာရီယူပိုးလ်ကို ဝိုင်းထားရာမှာ စက်ဝိုင်းကို တဖြည်းဖြည်းချုံ့ပြီး ရှေ့တိုးချီတက်လာတယ်လို့ ဆိုပါတယ်။

ရုရှားဘက်က အဆက်မပြတ်ပြင်းပြင်းထန်ထန် ပစ်ခတ်တိုက်ခိုက်မှုကြောင့် မာရီယူပိုးလ်ဟာ အဆောက်အအုံအများစု ပြိုကျခဲ့ပြီးလည်း ဖြစ်ပါတယ်။

ဒီနေ့မနက်ပိုင်းမှာလည်း ယူကရိန်းအရှေ့ပိုင်းက ဒုတိယအကြီးဆုံးမြို့ ဟာကိဗ်ကို ရုရှားက တိုက်ခိုက်ခဲ့ရာမှာ တက္ကသိုလ်အဆောက်အအုံတခုနဲ့ တိုက်ခန်းတွဲနှစ်ခုကို ထိမှန်ပြီး လူ ၁ ယောက်သေ၊ ၁၁ ယောက်ဒဏ်ရာရခဲ့ပါတယ်။

ယူကရိန်းအနောက်ပိုင်းက လေယာဥ်ပြင်စခန်း ဒုံးကျည်နဲ့တိုက်ခံရ

ယူကရိန်းအနောက်ပိုင်း လဗိဗ်မြို့က လေယာဥ်ပြုပြင်ထိန်းသိန်းရေးစခန်းကို ရုရှားက ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ မြို့တော်ဝန်က ပြောပါတယ်။

ပင်လယ်နက်ထဲကနေ ခရုဇ်ဒုံးကျည် ခြောက်စင်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ယူကရိန်း လေတပ်က ပြောပါတယ်။ အဲဒီထဲက နှစ်စင်းကို ဒုံးခွင်းဒုံးတွေနဲ့ ဖျက်ဆီးပစ်ခဲ့တယ်လို့လည်း ဆိုပါတယ်။

ဓာတ်ပုံနဲ့ဗီဒီယိုတွေထဲမှာ အကြီးအကျယ်ပေါက်ကွဲမှုဖြစ်နေပြီး မှိုပွင့်သဏ္ဌာန်မီးခိုးလုံးကြီးတွေ တက်လာတာတွေ့မြင်ရပါတယ်။ လူတယောက်ဒဏ်ရာရတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

ရုရှား ရုပ်သံ RT ရဲ့ ပြည်တွင်းလုပ်ကိုင်ခွင့် ယူကေ ရုပ်သိမ်း

ရုရှားအစိုးရရုပ်သံ Russia Today- RT ရဲ့ ယူကေမှာ လုပ်ကိုင်ခွင့် လိုင်စင်ကို ယူကေ မီဒီယာကြီးကြပ်ရေး Ofcom က ရုပ်သိမ်းလိုက်ပါတယ်။

RT ရဲ့ထုတ်လွှင့်မှုတွေကို လွတ်လပ်တဲ့စစ်ဆေးမှုတွေလုပ်ပြီးနောက် ဗြိတိန်နိုင်ငံမှာ လိုင်စင်ပေးဖို့ မသင့်တော်ကြောင်းတွေ့ရှိရလို့ ရုပ်သိမ်းခဲ့တာလို့ Ofcom အကြီးအကဲ မီလာနီဒေါစ်က ဆိုပါတယ်။

အဲဒီရုပ်သံလိုင်းဟာ ဥရောပသမ္မဂရဲ့ ပိတ်ဆို့မှုတွေ ချမှတ်ခဲ့တာကြောင့် ဒီလအစောပိုင်းကတည်းက ယူကေက မီဒီယာ ပြသထုတ်လွှင့်မှုမျိုးစုံကနေ ပျောက်ကွယ်သွားပြီး ဖြစ်ပါတယ်။

RT ဘက်က တုံ့ပြန်ရာမှာ Ofcom ဟာ ယူကေအစိုးရရဲ့ လက်ကိုင်တုတ်ထက် ဘာမှမပိုဘူးဆိုတာ ပြခဲ့တာပဲလို့ ဆိုပါတယ်။

ယူကရိန်းမှာရှိတဲ့ ရုရှားစကားပြောလူမျိုးစုတွေကို လူမျိုးတုံးအသတ်ခံရမဲ့အရေးက အကာအကွယ်ပေးဖို့အတွက် ရုရှားက အထူးစစ်ဆင်ရေးပြုလုပ်နေတာပါဆိုတဲ့ ရုရှားကပြောဆိုနေတဲ့အတိုင်း RT က တသမတ်တည်း သတင်းထုတ်လွှင့်လေ့ရှိပါတယ်။