ဘာရှား အယ်လ်အာဆတ် - လန်ဒန်မှာ မျက်စိအထူးကု ပညာသင်ဘဝကနေ ဆီးရီးယားရဲ့ အာဏာရှင်သမ္မတဖြစ်လာသူ

ဆီးရီးယား သမ္မတ ဘာရှား အယ်လ်အာဆတ်ဘဝမှာ အချိုးအကွေ့ဆန်လှတဲ့ အခိုက်အတန့်တွေ အများကြီးရှိခဲ့ပြီး အဲဒီထဲက အလွှမ်းမိုးဆုံးဖြစ်ရပ်ကတော့ အဲဒီအချိန်က သူနေထိုင်တဲ့နေရာကနေ မိုင်ပေါင်းထောင်ချီဝေးတဲ့နေရာမှာ ဖြစ်သွားခဲ့တဲ့ ကားတိုက်မှုတစ်ခုပါ။

ဘာရှား အာဆတ်ဟာ သူ့ဖခင်ဆီကနေ အာဏာကို ဆက်ပြီးလွှဲပြောင်းရယူဖို့ ရည်ရွယ်ပြီး ပျိုးထောင်ခံခဲ့ရသူတော့ မဟုတ်ပါဘူး။ ဒီအလှည့် အပြောင်းဟာ သူ့အကိုဖြစ်သူ ဘာဆဲလ် ၁၉၉၄ ခုနှစ်အစောပိုင်းမှာ ဒမတ်စကပ်မြို့အနီးမှာ ကားတိုက်မှုဖြစ်ပြီးတဲ့နောက်သေဆုံးခဲ့ရာကနေ စတင်ပါတယ်။ အဲဒီအချိန်မှာ ဘာရှားဟာ ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့မှာ မျက်စိအထူးကုပညာရပ်ကို လေ့လာနေတာဖြစ်ပါတယ်။

ဘာဆဲလ် သေဆုံးခဲ့အပြီးမှာတော့ ညီဖြစ်သူ ဘာရှား တစ်ယောက် ဆီးရီးယားမှာ အာဏာ ဆက်ခံဖို့ ပြင်ဆင်တဲ့ အစီအစဥ်တွေ ပေါ်လာပါတယ်။ အဲဒီနောက်မှာတော့ သူဟာ လူ ပေါင်းထောင်သောင်းချီတဲ့ အသက်တွေ ဆုံးရှုံးပြီး နောက်ထပ် လူသန်းချီ အိုးအိမ်မဲ့ခဲ့ရတဲ့ သွေးစွန်းစစ်ပွဲကနေ နိုင်ငံကို ဦးဆောင်သူဖြစ်လာပါတယ်။

ဘာရှား အယ်လ်အာဆတ် ဆရာဝန်တစ်ယောက်ဘဝကနေ စစ်ရာဇဝတ်မှုတွေကို ကျူးလွန်သူလို့ စွပ်စွဲခံရတဲ့ အာဏာထူထောင်ချုပ်ကိုင်သူ ဘယ်လိုဖြစ်လာခဲ့တာပါလဲ။

သူ့ ဘဝခရီးလမ်းကြောင်းကို ခြေရာကောက်ကြည့်ကြရအောင်ပါ။

ဖခင်ရဲ့ အမွေ

ဘာရှာ အယ်လ် အာဆတ်ကို ၁၉၆၅ ခုနှစ်မှာ ဖခင် ဟာဖက်ဇ် အယ်လ်အာဆတ်နဲ့ မိခင် အာနီဆာ မာခလော့ဖ် တို့ကနေ မွေးဖွားပါတယ်။

သူမွေးဖွားချိန်ဟာ ဆီးရီးယား၊ အရှေ့အလယ်ပိုင်းနဲ့ ဒေသတွင်းမှာ ထူးခြားအရေးပါတဲ့အပြောင်းအလဲတွေဖြစ်တဲ့အချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။ အဲဒီအချိန်တုန်းက အာရပ် အမျိုးသားရေးဝါဒဟာ ဒေသတွင်းက နိုင်ငံအများစုမှာ စိုးမိုးနေချိန်ဖြစ်ပြီး ဆီးရီးယားလည်း ထူးမခြားနား ဖြစ်နေခဲ့ပါတယ်။

အီဂျစ်နဲ့ ဆီးရီးယားတို့ ၁၉၅၈ - ၁၉၆၁ ခုနှစ်အတွင်းမှာ အချိန်ခပ်တိုတို ပေါင်းစည်းခဲ့အပြီး မအောင်မမြင်ဖြစ်ခဲ့အပြီးမှာ ဘာ့သ် ပါတီက အာဏာကို ရယူခဲ့ပြီး အာရပ် အမျိုးသားရေးဝါဒကိုလည်း မြှင့်တင်ခဲ့ပါတယ်။ အဲဒီအချိန်တုန်းက အာရပ် နိုင်ငံအများစုလိုပဲ ဆီးရီးယားဟာ ဒီမိုကရေစီ နိုင်ငံတစ်နိုင်ငံ မဟုတ်ခဲ့သလို ပါတီစုံ ရွေးကောက်ပွဲတွေလည်း မရှိခဲ့ပါဘူး။

အာဆတ်မိသားစုလည်း အပါအဝင်ဖြစ်တဲ့ အာလာဝိုက် ဘာသာရေးအခြေခံလူမျိုးစု အသိုင်းအဝိုင်းဟာ ဆီးရီးယားမှာ ဘေးဖယ်နောက်တန်းပို့ခံထားရသူတွေ ဖြစ်ပြီး စီးပွားရေး ကျပ်တည်းကြလို့ အများစုဟာ ဆီးရီးယားစစ်တပ်ထဲ ဝင်ကြပါတယ်။ အာဆတ်ရဲ့ ဖခင် ဟာဖက်ဇ် အယ်လ် အာဆတ်ဟာ စစ်တပ်အရာရှိတစ်ဦးအနေနဲ့ ထင်ရှားလာခဲ့ပြီး ဘာ့သ်ပါတီဝင်လည်းဖြစ်တဲ့အတွက် ၁၉၆၆ ခုနှစ်မှာ ကာကွယ်ရေးဝန်ကြီးဖြစ်လာပါတယ်။

ဟာဖက်ဇ် အယ်လ်အာဆတ်ဟာ အာဏာကို သူ့လက်ထဲမှာပဲ တဖြည်းဖြည်းချုပ်ကိုင်လာခဲ့ပြီး ၁၉၇၁ ခုနှစ်မှာ သမ္မတ ဖြစ်လာပါတယ်။ အဲဒီရာထူးကိုလည်း ၂၀၀၀ ပြည့်နှစ်မှာ ကွယ်လွန်ချိန်အထိ ဆက်ယူသွားပါတယ်။ လွတ်လပ်ရေးရပြီးချိန်ကတည်းက စစ်အာဏာသိမ်းမှု အကြိမ်ကြိမ်ဖြစ်ခဲ့တဲ့ ဆီးရီးယားမှာ အခုလောက်ကြာအောင် အာဏာကို ကိုင်သွားနိုင်တာက ထူးခြားတယ်လို့ ဆိုရမှာပါ။

သူဟာ တင်းတင်းကျပ်ကျပ် ချုပ်ကိုင်ပြီး နိုင်ငံကို အုပ်ချုပ်ပါတယ်။ အတိုက်အခံတွေကို ဖိနှပ်ပြီး ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲတွေကို ပယ်ချခဲ့ပါတယ်။ ဒါပေမဲ့ နိုင်ငံခြားရေးမူဝါဒမှာတော့ လက်တွေ့ ကျတဲ့အကြောင်း သူပြသပါတယ်။ ဆိုဗီယက်ပြည်ထောင်စုနဲ့ မဟာမိတ်ပြုခဲ့သလို ၁၉၉၁ ခုနှစ် ပင်လယ်ကွေ့ စစ်ပွဲမှာ အမေရိကန်ဦးဆောင်တဲ့ ညွန့်ပေါင်းမဟာမိတ်အဖွဲ့မှာလည်း ပါဝင်ခဲ့ပါတယ်။

လန်ဒန်မှာ ဆေးပညာသင်ယူခဲ့သူ

ဘာရှား အာဆတ်ဟာ နိုင်ငံရေးတို့ စစ်တပ်တို့နဲ့ ဝေးကွာတဲ့ မတူညီတဲ့လမ်းကို ရွေးခဲ့ပါတယ်။ ဆေးပညာဘက်ကို လေ့လာလိုက်စားဖို့ သူဆုံးဖြတ်ခဲ့ပါတယ်။

ဒမတ်စကပ် တက္ကသိုလ်ကနေ ဘွဲ့ရပြီးတဲ့နောက် ၁၉၉၂ ခုနှစ်မှာ သူ ယူကေကို ပြောင်းလာပါတယ်။ လန်ဒန်မြို့က အနောက်ပိုင်း မျက်စိဆေးရုံမှာ မျက်စိအထူးကုပညာရပ်ကို သင်ယူပါတယ်။

ဘာရှား အာဆတ်ဟာ လန်ဒန်မှာ ဘဝကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းခဲ့တယ်ဆိုတာကို ၂၀၁၈ ခုနှစ်မှာ ဘီဘီစီ ထုတ်လွှင့်ခဲ့တဲ့ A Dangerous Dynasty: The Assads ဆိုတဲ့ ရုပ်သံမှတ်တမ်းမှာဖော်ပြပါတယ်။ အင်္ဂလိပ်အဆိုတော် ဖီလ်ကောလင်းစ် ကို သဘောကျသူဖြစ်သလို အနောက်ယဥ်ကျေးမှုကိုလည်း သူ နှစ်သက်လက်ခံပါတယ်။

ဘာရှားဟာ သူ့ရဲ့ ဇနီးလောင်း အက်စ်မာ အယ်လ်အက်ခရက်စ် ကို လန်ဒန်မှာပဲ ဆုံစည်းခဲ့ပါတယ်။ အဲဒီတုန်းက အက်စ်မာက လန်ဒန်က ကင်းစ်ကောလိပ်မှာ ကွန်ပြူတာ သိပ္ပံပညာသင်ယူနေခဲ့တာပါ။ နောက်တော့ စီးပွားစီမံမဟာဘွဲ့အတွက် ဟားဗတ်တက္ကသိုလ်ကို ဝင်ခွင့်ရခဲ့ပါတယ်။ ဒါပေမဲ့ သူ့ရဲ့ ဘဝဟာလည်း မကြာခင်မှာပဲ အလှည့်အပြောင်းဖြစ်လာခဲ့ပါတယ်။

ဘာရှားဟာ ဟာဖက်ဇ် အယ်လ်အာဆတ်ရဲ့ ဒုတိယမြောက်သားဖြစ်ပေမဲ့ အကိုဖြစ်သူ ဘာဆဲလ်က အဖေ့အရိုက်အရာကို ဆက်ခံမယ့်သူလို့ ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်ခံရသူဖြစ်တာကြောင့် အကိုဖြစ်သူရဲ့ အရိပ်က သူ့အပေါ် လွှမ်းမိုးလှပါတယ်။

၁၉၉၄ ခုနှစ်၊ ဇန်နဝါရီလမှာ အကိုဖြစ်သူ ဘာဆဲလ် သေဆုံးမှုဟာ ဘာရှားအတွက် ဘဝ တစ်ဆစ်ချိုး အပြောင်းအလဲ ဖြစ်စေခဲ့ပါတယ်။ လန်ဒန်ကနေ ချက်ချင်းဆင့်ခေါ် ခံရပြီး ဆီးရီးယားရဲ့ ခေါင်းဆောင်လောင်းတစ်ဦးအဖြစ် လက်သပ်မွေးတာ ခံရပါတော့တယ်။

စစ်တပ်ထဲကို ဘာရှား ဝင်ပြီး အနာဂတ်မှာ သူရယူမယ့် ရာထူးနေရာအတွက် လူထုအမြင်ကောင်းအောင် ပြင်ဆင်မှု စတင်ပါတော့တယ်။

အပြောင်းအလဲဖြစ်လာဖို့ အိပ်မက်တွေ

ဟာဖက်ဖ် အယ်လ်အာဆတ်ဟာ ၂၀၀၀ ပြည့်နှစ်၊ ဇွန်လမှာ ကွယ်လွန်ပါတယ်။ အဲဒီအချိန်မှာ ဆီးရီးယားနိုင်ငံ့ဖွဲ့စည်းပုံမှာ သမ္မတတာဝန်ထမ်းဆောင်နိုင်တဲ့အသက်ကို အသက် ၄၀ နှစ်အောက်လို့ ပြင်ဆင်လျှော့ချလိုက်တာကြောင့် အသက် ၃၄ နှစ်အရွယ် ဘာရှား တစ်ယောက် မြန်မြန်ဆန်ဆန်ပဲ သမ္မတ ဖြစ်လာပါတယ်။

ဘာရှား အာဆတ်ဟာ သမ္မတအဖြစ် ၂၀၀၀ ပြည့်နှစ် နွေမှာ ကျမ်းကျိမ်ပါတယ်။ ပြီးတော့ နိုင်ငံရေးလေသံအသစ်ကို စပစ်ပါတယ်။ ''ပွင့်လင်းမြင်သာမှု၊ ဒီမိုကရေစီ၊ ဖွံ့ဖြိုးတိုးတက်ရေး၊ ခေတ်မီတိုးတက်ရေး၊ တာဝန်ခံမှုနဲ့ အဖွဲ့အစည်းအလိုက်တွေးတောဆင်ခြင်မှု'' စတဲ့ စကားလုံးတွေကို သူပြောပါတယ်။

သမ္မတတာဝန်ယူပြီး လပိုင်းအကြာမှာပဲ သူ လန်ဒန်မှာ ဆုံခဲ့တဲ့ ချစ်သူ အက်စ်မာ အယ်လ်အက်ခရက်စ်ကို လက်ထပ်ပါတယ်။ သူတို့မှာ ဟာဖက်ဇ်၊ ဇိမ်းနဲ့ ကာရင်းမ်ဆိုတဲ့ သားသမီး ၃ ဦး ထွန်းကားပါတယ်။

အစောပိုင်းတုန်းကတော့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုနဲ့ မီဒီယာလွတ်လပ်မှုဆိုတဲ့ ဘာရှားရဲ့ စကားတွေဟာ ဆီးရီးယားလူထုကြားမှာ မျှော်လင့်ချက်တွေနဲ့ ပြည့်စေခဲ့ပါတယ်။ သူ့ရဲ့ ခေါင်းဆောင်မှုပုံစုံနဲ့ အနောက် ပညာတတ် သမ္မတကတော်ကြောင့်လည်း အပြောင်းအလဲတစ်ခတ်ဆန်းပြီလို့ ထင်မြင်ခဲ့ကြပါတယ်။

''ဒမတ်စကပ်နွေဦး'' လို့ သိကြတဲ့ လွတ်လပ်စွာထုတ်ဖော် ပြောဆိုမှုနဲ့ အရပ်ဘက် ငြင်းခုံဆွေးနွေးမှုတွေရှိခဲ့တဲ့ ကာလတိုတစ်ခု ဆီးရီးယားမှာ ရှိခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၀၁ ခုနှစ်မှာတော့ လုံခြုံရေးတပ်ဖွဲ့တွေဟာ နှိမ်နင်းမှုတွေ ပြန်စလုပ်လာပြီး အသံကျယ်ကျယ်ဝေဖန်တဲ့ အတိုက်အခံတွေကို ဖမ်းပါတော့တယ်။

ဘာရှားဟာ သူ့သမ္မတ သက်တမ်းအစောပိုင်းနှစ်တွေမှာ စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေကို အကန့်အသတ်နဲ့ ပြုလုပ်ခဲ့တာကြောင့် ပုဂ္ဂလိကကဏ္ဍ တိုးတက်မှုမြင်ခဲ့ရပြီး သူ့ညီဝမ်းကွဲ ရာမီ မာခလော့ဖ်လည်း တန်ခိုးထွားလာပါတယ်။ မာခလော့ဖ်ဟာ စီးပွားရေးအင်ပါယာကြီးကို ထူထောင်ပါတယ်။ မာခလော့ဖ်ဟာ ကြွယ်ဝမှုနဲ့ အာဏာ ရောပြွမ်းမှု သာဓကလို့ အကဲခတ်တွေက သုံးသပ်ကြပါတယ်။

အီရတ်နဲ့ လက်ဘနွန်

၂၀၀၃ ခုနှစ် အီရတ်စစ်ပွဲကြောင့် ဘာရှား အယ်လ်အာဆတ်နဲ့ အနောက်အစိုးရတွေကြားမှာ ဆက်ဆံရေး အကြီးအကျယ် ယိုယွင်းခဲ့ပါတယ်။ ဆီးရီးယား သမ္မတဟာ အမေရိကန် ဦးဆောင်ပြီး အီရတ်ကို ကျူးကျော်တာကို ကန့်ကွက်ပါတယ်။ တချို့ကတော့ ဆီးရီးယားဟာ နောက်ထပ် အမေရိကန်ရဲ့ စစ်ရေး ပစ်မှတ် ဖြစ်လာမှာကို အာဆတ်က စိုးရိမ်တာကြောင့်လို့ သုံးသပ်ကြပါတယ်။

ဝါရှင်တန်အစိုးရကတော့ ဆီးရီးယားဟာ အီရတ်ကို အမေရိကန် ဝင်တိုက်တာကို ဆန့်ကျင်နေတဲ့ သူပုန်တွေဆီ လက်နက်တွေ မှောင်ခိုရောက်နေတာကို မျက်နှာလွှဲ မမြင်ချင်ယောင်ဆောင်နေတယ်လို့ ဆိုပြီး နှစ်နိုင်ငံကြား ရှည်လျားလှတဲ့နယ်စပ်ကိုလည်း အစွန်းရောက်တွေကို ဖြတ်သန်းခွင့်ပေးနေတယ်လို့လည်း စွပ်စွဲပါတယ်။

၂၀၀၃ ခုနှစ်၊ ဒီဇင်ဘာမှာတော့ အမေရိကန်ဟာ ဒမတ်စကပ်ကို အကြောင်းအမျိုးမျိုးအောက်မှာ အရေးယူဒဏ်ခတ်တာတွေ စလုပ်ပါတယ်။ အီရတ်နဲ့ ဆက်နွှယ်နေတဲ့ အကြောင်းအတွက်ရော လက်ဘနွန်နိုင်ငံထဲ ဆီးရီးယား ရှိနေတာတွေ အပေါ်ပါ အရေးယူမှုတွေ လုပ်လာတာပါ။

၂၀၀၅ ခုနှစ်မှာတော့ လက်ဘနွန်က ဆီးရီးယားရဲ့ အဓိကအတိုက်အခံတစ်ယောက် ဖြစ်တဲ့ လက်ဘနွန် ဝန်ကြီးချုပ်ဟောင်း ရာဖစ် ဟာရီရီဟာ ဘေရွတ်မြို့လယ်က ပေါက်ကွဲမှုကြီးတစ်ခုမှာ လုပ်ကြံခံရပါတယ်။ အဲဒီဖြစ်ရပ်အတွက် လက်ညှိုးတွေအားလုံးက ဆီးရီးယားနဲ့ သူ့မဟာမိတ်တွေဆီကို ထိုးပါတယ်။

လက်ဘနွန်မှာ ဆန္ဒပြမှုကြီးတွေ ပေါ်ခဲ့ပြီး ဒမတ်စကပ်ကို နိုင်ငံတကာ ဖိအားပေးမှုတွေလည်း တိုးလာတာကြောင့် နှစ်ပေါင်း ၃၀ နီးပါးလောက် လက်ဘနွန်ထဲ နေရာယူထားတဲ့ ဆီးရီးယားစစ်တပ်တွေ ပြန်လည်ထွက်ခွာပေးခဲ့ရပါတယ်။

ဒါပေမဲ့လည်း အာဆတ်နဲ့ သူ့ရဲ့ အဓိက မဟာမိတ် ဟစ်ဇ်ဘိုလာအဖွဲ့တို့က ဟာရီရီ လုပ်ကြံခံရမှုမှာ သူတို့ မပါဝင်တဲ့အကြောင်း မပြတ် ငြင်းဆိုခဲ့ပါတယ်။ အဲဒီဖြစ်ရပ်မှာ ဟစ်ဇ်ဘိုလာအဖွဲ့ဝင် တစ်ယောက် ပါဝင်ပြီး အပြစ်ရှိတဲ့အကြောင်း နိုင်ငံတကာအထူးခုံရုံးက ၂၀၂၀ ပြည့်နှစ်မှာ ဆုံးဖြတ်ခဲ့တာတောင် ငြင်းဆိုနေကြတုန်းဖြစ်ပါတယ်။

အာရပ်နွေဦး တော်လှန်ရေး

ဘာရှား အယ်လ်အာဆတ်ရဲ့ အုပ်စိုးမှု ပထမ ဆယ်စုနှစ်ဟာ အီရန်၊ နောက် ကာတာနဲ့ တူရကီနိုင်ငံတို့နဲ့ ဆက်ဆံရေး တိုးမြှင့်ခဲ့တာကို မြင်ခဲ့ရပါတယ်။ ဒါပေမဲ့ ကာတာ၊ တူရကီတို့နဲ့တော့ နောက်ပိုင်းမှာ ဆက်ဆံရေး ပြောင်းလဲခဲ့ပါတယ်။ ဆော်ဒီအာရေဗျဘက်က သက်တမ်းနုနု လူငယ်သမ္မတ အာဆတ်ကို အစောပိုင်းမှာ ထောက်ခံမှု ရှိခဲ့ပေမဲ့ ဆော်ဒီအာရေဗျနဲ့ ဆက်ဆံရေးကတော့ အနိမ့်အမြင့် အတက်အကျတွေ ရှိခဲ့ပါတယ်။

ခြုံကြည့်မယ်ဆိုရင်တော့ ဘာရှား အယ်လ်အာဆတ်ဟာ နိုင်ငံခြားရေး မူဝါဒမှာ ဖခင်ရဲ့ ခြေလှမ်းအတိုင်း ထပ်ကြပ်မကွာ လိုက်တယ်လို့ မြင်နိုင်ပါတယ်။ စစ်ရေးစစ်ရာ ထိပ်တိုက်တွေ့တာတွေကို သတိကြီးကြီး တိမ်းရှောင် ချဥ်းကပ်တယ်လို့ ဆိုနိုင်ပါတယ်။

နိုင်ငံ့အာဏာကို ဆယ်စုနှစ် တစ်ခုနီးပါး ချုပ်ကိုင်ခဲ့အပြီးမှာတော့ အာဆတ်ရဲ့ အုပ်ချုပ်မှုဟာ အာဏာရှင်ပုံစံ ချဥ်းကပ်မှုအဖြစ် ပုံဖော်ခံရပါတယ်။ အတိုက်အခံအသံတွေလည်း ဆက်ပြီး ဖိနှိပ်ခံနေရပါတယ်။

၂၀၁၀ ပြည့်နှစ်၊ ဒီဇင်ဘာလမှာတော့ ဇနီးဖြစ်သူ အက်စ်မာ အယ်လ်အာဆတ်ဟာ ဗို့ဂ် မဂ္ဂဇင်းကို အင်တာဗျူးတစ်ခု ပေးပါတယ်။ အဲဒီမှာ သူတို့အိမ်ကို ''ဒီမိုကရေစီနည်းကျကျ'' ပဲ စီမံအုပ်ချုပ်နေတာလို့ ထည့် ပြောပါတယ်။

အဲဒီတစ်နေ့တည်းမှာပဲ တူနီးရှားနိုင်ငံက ဟင်းသီးဟင်းရွက်သည် မိုဟာမက် ဘူဝါဇီဇီဟာ ရဲမေ တစ်ဦးရဲ့ ပါးရိုက်တာကို ခံရလို့ သူ့ကိုယ်သူ မီးရှို့သေကြောင်းကြံပါတယ်။ အဲဒီဖြစ်ရပ်ကြောင့်ပဲ တူနီးရှားမှာ လူထုအုံ့ကြွမှုတစ်ခုစတင်ခဲ့ပြီး သမ္မတ ဇိုင်း အယ်လ် အဘီဒင်း ဘန် အလီကို ရာထူးကနေ ဖြုတ်ချနိုင်ခဲ့ပါတယ်။

တူနီးရှား အုံကြွမှုဟာ အီဂျစ်၊ လစ်ဗျား၊ ယီမင်၊ ဘာရိန်းနဲ့ ဆီးရီးယားတို့အထိရောက်ပြီး အာရပ်ကမ္ဘာတလွှားမှာ တော်လှန်ရေး လှုပ်ရှားမှုတွေ ပေါ်ပေါက်စေခဲ့ပါတယ်။

ဗို့ဂ် မဂ္ဂဇင်းဟာ ''ကန္တာရ နှင်းဆီ'' (A Rose in the Desert) လို့ ခေါင်းစဥ်နဲ့ နာမည်ပေးထားတဲ့ အဲဒီ အင်တာဗျူးကို ၂၀၁၁ ခုနှစ်၊ မတ်လမှာ ဖြန့်ချိခဲ့ပါတယ်။ အဲဒီမှာ ဆီးရီးယားကို ''ဗုံးကွဲမှုတွေ၊ တင်းမာမှုတွေနဲ့ ပြန်ပေးဆွဲတာတွေ ကင်းစင်တဲ့တိုင်းပြည်တစ်ပြည်'' လို့ ဖော်ပြပါတယ်။ ဒါပေမဲ့ ဒီပုံရိပ်ဟာ နောင်လာမယ့် လပိုင်းတွေအတွင်းမှာပဲ ရုတ်ချည်း ပြောင်းလဲခဲ့ပါတယ်။ ဗို့ဂ်က အဲဒီအင်တာဗျူးကို နောက်ပိုင်းမှာ ပြန်ဖြုတ်သွားခဲ့ပါတယ်။

မတ်လအလယ်ပိုင်းရောက်တဲ့အခါမှာတော့ ဒမတ်စကပ်မြို့မှာ ဆန္ဒပြပွဲ တစ်ခု ပေါ်ပါတယ်။ အဲဒီနောက် ရက်ပိုင်းအကြာမှာတော့ နိုင်ငံတောင်ပိုင်းက ဒါရာမြို့မှာ နံရံမှာ အာဆတ် ဆန့်ကျင်ရေးစာ ရေးတယ်ဆိုပြီး ကလေးတွေ အဖမ်းခံရပြီးနောက်မှာ ဆန္ဒဖော်ထုတ်ပွဲတွေ ပေါ်ခဲ့ပါတယ်။

အာဆတ်ဟာ ဆီးရီးယား လူထုကို သီတင်းနှစ်ပတ်ကြာမှ မိန့်ခွန်းထွက်ပြောပါတယ်။ ဆီးရီးယား လူထုရဲ့ လိုအပ်ချက်ကို ပြည့်မီအောင် သူ မစွမ်းနိုင်ဘူးဆိုတာကို ဝန်ခံပေမဲ့ ဆီးရီးယားကို ပစ်မှတ်ထားတဲ့ ''ပေါင်းကြံမှု'' တစ်ခုကို တော့ ပျက်အောင် ဖျက်မယ်လို့ သူက လွှတ်တော်ထဲမှာ ပြောခဲ့ပါတယ်။

ဒါရာမြို့မှာ လုံခြုံရေးတပ်ဖွဲ့တွေက ဆန္ဒပြသူတွေကို ပစ်ခတ်လို့ ဆန္ဒပြပွဲလည်း အရှိန်ကြီးခဲ့ပါတယ်။ အဲဒီနောက် အာဆတ် နုတ်ထွက်ဖို့ နိုင်ငံတဝန်းက မြို့ကြီးတွေမှာ လမ်းပေါ်တက် ဆန္ဒထွက်ပြတဲ့အထိ ပျံ့နှံ့ခဲ့ပါတယ်။ အာဏာပိုင်တွေက အကြမ်းဖက်ပြီး တုံ့ပြန်ခဲ့သလို ''ပြည်ပ အင်အားစုတွေဦးဆောင်တဲ့ စိမ့်ဝင်ထိုးဖောက်မှုတွေနဲ့ အဖျက်အမှောင့်လုပ်သူတွေ'' လို့ အပြစ်ဖို့ပါတယ်။

လပိုင်းအတွင်းမှာတင် အခြေအနေဟာ အစိုးရတပ်တွေနဲ့ နိုင်ငံတဝန်း လက်နက်စွဲကိုင်လာတဲ့ အတိုက်အခံ အစုအဖွဲ့တွေကြား လက်နက်ကိုင် ပဋိပက္ခအဖြစ်ကို တင်းမာပြောင်းလဲခဲ့ပါတယ်။

နိုင်ငံတကာ ကြားဝင်မှု၊ ဂျီဟတ်ဝါဒီတွေနဲ့ စစ်ရာဇဝတ်မှုများ

ဆီးရီးယား ပဋိပက္ခမှာ နိုင်ငံတကာအင်အားကြီးနိုင်ငံတွေရဲ့ ပါဝင်မှု မြင့်တက်နေချိန်မှာပဲ ထိခိုက်သေဆုံးသူအရေအတွက်ဟာ သိန်းချီမြင့်တက်ခဲ့တယ်လို့ ကုလသမဂ္ဂက ခန့်မှန်းပါတယ်။

ရုရှား၊ အီရန်နဲ့ အီရန်ကျောထောက်နောက်ခံပေးထားတဲ့ လက်နက်ကိုင်အဖွဲ့တွေဟာ အာဆတ်ရဲ့ တပ်ဖွဲ့တွေဘက်ကနေ ကြားဝင်ကူညီပါတယ်။ တစ်ချိန်တည်းမှာပဲ တူရကီနဲ့ ပင်လယ်ကွေ့ နိုင်ငံတွေကတော့ အတိုက်အခံ လက်နက်ကိုင် အစုအဖွဲ့တွေကို ထောက်ပံ့ပါတယ်။

အာဆတ်ဖြုတ်ချရေး ဆန္ဒပြမှုတွေဟာ ဒီမိုကရေစီနဲ့ အားလုံးရဲ့ လွတ်လပ်မှုအတွက်လို့ အစောပိုင်းမှာ ဆိုခဲ့ကြပေမဲ့ လူမျိုးရေးခွဲခြားမှု ပြဿနာလည်း ပေါ်လာပါတယ်။ အတိုက်အခံ အင်အား စုအဖွဲ့ တချို့က အာဆတ်အစိုးရဟာ အများစု ဆွန်နီ မွတ်ဆလင်တွေထက် သူနဲ့ ဆွေမျိုးတူ အလာဝိုက်အသိုင်းအဝိုင်းကို မျက်နှာသာ ပေးတယ်လို့ စွပ်စွဲပါတယ်။

ဒေသတွင်း ကြားဝင်မှုကလည်း လူမျိုးဇာတ်ကွဲပြားမှုကို ပိုပြီးနက်ရှိုင်းလာပါတယ်။ အစ္စလာမ္မစ် အစုအဖွဲ့တွေဟာ အလာဝိုက်တွေအပေါ် ဆန့်ကျင်တဲ့အပြောတွေ သုံးလာသလို အီရန်သစ္စာခံ ရှီယာစစ်သွေးကြွတွေကလည်း ဟစ်ဇ်ဘိုလာရဲ့ ဦးဆောင်မှုအောက်မှာ အာဆတ်အစိုးရကို ထောက်ကူဖို့ ဆီးရီးယားထဲကို အလုံးအရင်းနဲ့ ဝင်လာကြပါတယ်။

အိမ်နီးချင်း အီရတ်မှာတော့ အစ္စလာမ္မစ် ဥပဒေသကို အတင်းကျပ်ဆုံး ပြဋ္ဌာန်းကျင့်သုံးတဲ့ အစ္စလာမ္မစ် နိုင်ငံတော် (IS) အဖွဲ့ ခေါင်းထောင်လာပါတယ်။ အဲဒီအဖွဲ့ဟာ ပြည်တွင်းစစ်ကို အမြတ်ထုတ်ပြီး ဆီးရီးယားနိုင်ငံထဲမှာလည်း နယ်မြေတွေကို သိမ်းပါတယ်။ နောက်တော့ နိုင်ငံ အနောက်ပိုင်းက ရက်ကာမြို့ကို သူတို့ မြို့တော်အဖြစ် ကြေညာပါတယ်။

၂၀၁၃ ခုနှစ် သြဂုတ်လမှာတော့ ဒမတ်စကပ်မြို့နားက သူပုန်တွေ ခြေကုတ်ယူထားတဲ့ ဂူတာအရှေ့ပိုင်းမှာ ဓာတုတိုက်ခိုက်မှုတစ်ခုဖြစ်ပြီး ရာနဲ့ချီတဲ့လူတွေ သေဆုံးခဲ့ပါတယ်။

အနောက် အင်အားကြီးနိုင်ငံတွေနဲ့ ဆီးရီးယားအတိုက်အခံအဖွဲ့ တွေကတော့ ဒီတိုက်ခိုက်မှုအတွက် အာဆတ်အစိုးရကို အပြစ်ဖို့ပါတယ်။ ဒမတ်စကပ်ဘက်ကတော့ ဒီဖြစ်ရပ်မှာ သူတို့ ပါဝင်မှုကို ငြင်းဆိုပေမဲ့ နိုင်ငံတကာ ဖိအားနဲ့ ခြိမ်းခြောက်မှုတွေအောက်မှာပဲ သူ့ရဲ့ ဓာတုလက်နက်တွေကို ဖျက်ဆီးမယ်လို့ သဘောတူခဲ့ပါတယ်။

ဒါပေမဲ့လည်း ဒါဟာ ဆီးရီးယားစစ်ပွဲအတွင်းက ရက်စက်ကြမ်းကြုတ်မှုတွေ အဆုံးမသတ်ခဲ့သလို နောက်ထပ် ဓာတု တိုက်ခိုက်မှုတွေ ဆက်ဖြစ်ခဲ့ပါတယ်။ ပဋိပက္ခမှာပါဝင်နေသူ ဘက်အားလုံးဟာ လူသတ်မှု၊ ညှင်းပမ်းမှုနဲ့ အဓမ္မပြုကျင့်မှုအပါအဝင် စစ်ရာဇဝတ်မှုတွေကို ကျူးလွန်နေတယ်လို့ ကုလသမဂ္ဂ ကော်မရှင်တွေက စွပ်စွဲ ပြောဆိုပါတယ်။

၂၀၁၅ ခုနှစ်ရောက်တဲ့အခါမှာတော့ အာဆတ်အစိုးရဟာ နိုင်ငံ့နေရာအများစုကို မထိန်းနိုင်တော့ဘဲ ပြိုလဲလုအခြေဆိုက်ခဲ့ပါတယ်။ ဒါပေမဲ့ ရုရှားရဲ့ စစ်ရေး ကြားဝင်မှုကြောင့် ဒီအခြေအနေ အလှည့် အပြောင်းဖြစ်ခဲ့ပြီး အာဆတ်ဘက်က အဓိက နယ်မြေတွေကို ပြန်ရလာခဲ့ပါတယ်။

ဂါဇာ စစ်ပွဲ

၂၀၁၈ ခုနှစ်နဲ့ ၂၀၂၀ ပြည့်နှစ်အတွင်းမှာလုပ်ခဲ့တဲ့ ဒေသတွင်းနဲ့ နိုင်ငံတကာ သဘောတူညီချက်တွေကြောင့် ဆီးရီးယားနိုင်ငံတွင်းက နေရာအများစုကို အစိုးရတပ်တွေက ထိန်းချုပ်ထားနိုင်ပြီး အစ္စလာမ္မစ် အစုအဖွဲ့တွေနဲ့ ကာ့ဒ်လက်နက်ကိုင်တွေကတော့ နိုင်ငံ့အရှေ့မြောက်ပိုင်းနဲ့ မြောက်ပိုင်းကို မျှဝေ အုပ်ချုပ်ခွင့်ရကြပါတယ်။

ဒီသဘောတူညီချက်တွေကြောင့်ပဲ အာဆတ်ရဲ့ အနေအထား တိုးလက်လာပြီး သူဟာ အာရပ် သံခင်းတမန်ခင်း အသိုင်းအဝိုင်းထဲကို တဖြည်းဖြည်းပြန်ရောက်လာပါတယ်။ ၂၀၂၃ ခုနှစ်မှာ ဆီးရီးယားဟာ အာရပ်အဖွဲ့ချုပ်ထဲ အဖွဲ့ဝင်အဖြစ် ပြန်ရောက်သလို အာရပ်နိုင်ငံတွေကလည်း ဒမတ်စကပ်မြို့ထဲမှာ သံရုံးတွေ ပြန်ဖွင့်ပါတယ်။

အာဆတ်ရဲ့ နှစ်ပေါင်း ၃၀ ကြာ အုပ်ချုပ်မှုအတွင်း ဆီးရီးယားရဲ့ စီးပွားရေးအကျပ်အတည်း ဆိုးနေပေမဲ့ သမ္မတ အာဆတ်ဟာ သူ့အတွက် အကြီးမားဆုံး စိန်ခေါ်ချက်ကနေတော့ လွတ်မြောက်ခဲ့ပုံပေါ်ပါတယ်။

ဒါပေမဲ့ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလမှာ ဟားမတ်စ်စစ်သွေးကြွတွေက အစ္စရေးကို ရုတ်တရက် တိုက်ခိုက်မှုကြောင့် ဂါဇာစစ်ပွဲ ပေါ်ပေါက်လာခဲ့ပြီး အဲဒီစစ်က လက်ဘနွန်အထိ ရိုက်ခတ်ပါတယ်။ အထူးသဖြင့်တော့ အာဆတ်ရဲ့ မဟာမိတ် ဟစ်ဇ်ဘိုလာ အဖွဲ့အပေါ်လည်း သက်ရောက်မှုတွေ ရှိလာပါတယ်။

ဒီပဋိပက္ခကြောင့်ပဲ ဟစ်ဇ်ဘိုလာအဖွဲ့ဟာ သူတို့ရဲ့ ခေါင်းဆောင် ဟာဆန် နာဆာရာလာ ကို ဆုံးရှုံးတဲ့အထိ ကြီးမားမှုရှိခဲ့ပါတယ်။

လက်ဘနွန်နိုင်ငံမှာ အစ္စရေးနဲ့ အပစ်ရပ်တဲ့တစ်နေ့တည်းမှာပဲ အစ္စလာမ္မစ်အဖွဲ့ Hayat Tahrir al-Sham (HTS) ခေါင်းဆောင်တဲ့ ဆီးရီးယားအတိုက်အခံအဖွဲ့တွေဟာ ရုတ်တရက် တိုက်ခိုက်မှု စတင်ခဲ့ပြီး ဆီးရီးယားက ဒုတိယအကြီးဆုံးမြို့ အလက်ပိုကို မြန်မြန်ဆန်ဆန် သိမ်းခဲ့ပါတယ်။

အတိုက်အခံတွေဟာ မြန်မြန်ဆန်ဆန်ရှေ့တိုးခဲ့ပြီး ဟာမာနဲ့ တခြားမြို့ကြီးတွေကို သိမ်းခဲ့သလို နိုင်ငံတောင်ပိုင်းက ဒေသတွေကိုလည်း အစိုးရ ထိန်းချုပ်မှုအောက်ကနေ ယူခဲ့ပါတယ်။

ဒီဇင်ဘာ ၈ ရက်မှာ သူပုန်တွေက မြို့တော် ဒမတ်စကပ်အပြင် အချက်အချာကျတဲ့မြို့ကြီးတွေကို သိမ်းပိုက်ချိန်မှာ သမ္မတ အာဆတ်လည်း ရာထူးကနေ နုတ်ထွက်ပြီး ပြည်ပကို ထွက်သွားပါတယ်။

သမ္မတ အာဆတ် အစောပိုင်းမှာ လေယာဥ်နဲ့ ထွက်ခွာသွားတယ်လို့ သတင်းတွေထွက်ပေါ်ပေမဲ့ ဘယ်ကို သွားတယ်ဆိုတာ ရှင်းရှင်းလင်းလင်းမသိရပါဘူး။

အဲဒီနေ့ နှောင်းပိုင်းမှာတော့ ရုရှားနိုင်ငံပိုင်မီဒီယာတွေက အာဆတ်ဟာ ဆီးရီးယားကနေ ရုရှားကို ထွက်ပြေးလာပြီး ရုရှားက သူ့ကို နိုင်ရေး ခိုလှုံခွင့်ပေးမယ်လို့ သတင်းဖော်ပြပါတယ်။