ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အိုင်အက်စ်ခေါင်းဆောင်ရဲ့ ကျန်ရစ်သူဇနီး ထုတ်ပြောလာတဲ့ အတူဖြတ်သန်းမှုဘဝအကြောင်း
- ရေးသားသူ, ဖာရက်စ် ကီလာနီ
- ရာထူးတာဝန်, ဘီဘီစီ အာရဗီ ဘာသာစကားဌာန
- ရေးသားပေးပို့သည့်နေရာ, ဘဂ္ဂဒတ်
အစ္စလာမ်နိုင်ငံ အိုင်အက်စ်အဖွဲ့ခေါင်းဆောင်ရဲ့ ကျန်ရစ်သူ ဇနီးသည်ကို အီရတ်မှာ ထောင်ကျနေစဥ် ရှားရှားပါးပါး တွေ့ဆုံမေးမြန်းခွင့်ရချိန်မှာ သူက သူတို့ ဘဝအကြောင်းကို ပြောပြခဲ့ပါတယ်။
အွမ်ဟိုဒေးဖားက အိုင်အက်စ် ခေါင်းဆောင် အဘူဘက်ခ် အယ်လ် ဘက်ဂ်ဒါဒီရဲ့ ပထမဇနီးပါ။ အိုင်အက်စ်ခေါင်းဆောင်ဟာ ဆီးရီးယားနဲ့ အီရတ်က နေရာအတော်များများကို အိုင်အက်စ်အဖွဲ့ ကြမ်းကြမ်းတမ်းတမ်း ကိုင်တွယ်အုပ်ချုပ်နေစဥ် သူတို့ လက်ထပ်ခဲ့ကြတာ ဖြစ်ပါတယ်။
သူက အခု အီရတ်အကျဥ်းထောင်မှာ ထိန်းသိမ်းခံထားရပြီး အကြမ်းဖက်မှုနဲ့ ဆက်နွှယ်တဲ့ ရာဇဝတ်မှုတွေ အကြောင်း စုံစမ်းစစ်ဆေးခံနေရပါတယ်။
၂၀၁၄ နွေကာလတွေမှာ ဟိုဒေးဖားဟာ အိုင်အက်စ်တို့ ခြေကုပ်ယူရာ ဆီးရီးယားက ရာကာဒေသမှာ ခင်ပွန်း ဖြစ်သူနဲ့ အတူ နေထိုင်ခဲ့တာပါ။
နိုင်ငံတော်တော်များများက ဖမ်းဆီးလိုနေတဲ့အတွက် အစွန်းရောက် ဂျီဟတ်ဝါဒီ အိုင်အက်စ် ခေါင်းဆောင် အဘူဘက်ခ် အယ်လ် ဘက်ဂ်ဒါဒီ ဟာ တခြား နေရာတွေမှာ မကြာခဏ နေထိုင်လေ့ရှိပါတယ်။
တစ်ခါတစ်လေမှာ သူ့အစောင့်ကို စေလွှတ်ပြီး သူတို့ သားငယ်နှစ်ယောက်ကို ခေါ်ခိုင်းလေ့ရှိပါတယ်။
ကလေးတွေကို ရေကူးသင်ပေးဖို့လို့ ဆိုကြောင်း အွမ် ဟိုဒေးဖားက ပြန်ပြောပြခဲ့ ပါတယ်။
အဲဒီတုန်းက သူတို့အိမ်မှာ ခိုးကြည့်ရတဲ့ တီဗီ တလုံး ရှိခဲ့ပါတယ်။ သူ့ခင်ပွန်းမရှိတဲ့ အချိန်မှ ကြည့်ကြရတယ်လို့ သူက ဆိုပါတယ်။ အဘူဘက်ခ် အယ်လ် ဘက်ဂ်ဒါဒီ ဟာ ဇနီးဖြစ်သူကို ကမ္ဘာကြီးနဲ့ အဆက်ဖြတ်ထားစေလိုပြီး တီဗီလည်း မကြည့်ခိုင်းသလို ၂၀၀၇ ကနည်းက မိုဘိုင်းဖုန်းလို လက်ကိုင်ဖုန်း နဲ့ တခြား နည်းပညာသုံးတာမျိုးတွေ ခွင့်မပြုခဲ့ဘူးလို့ သူက ပြောပါတယ်။
အစောင့်က ကလေးတွေကို ခေါ်သွားပြီး ရက်ပိုင်းအကြာမှာ တီဗီ ဖွင့်ကြည့်တော့ သူ့ခင်ပွန်းက အီရတ်နိုင်ငံ မိုဆိုးလ်မြို့က အယ်နူရီ ဗလီမှာ မိန့်ခွန်းပြောနေတာ တွေ့ရတဲ့အခါ သူ့အနေနဲ့ အကြီးအကျယ် အံ့အားသင့်ရကြောင်းနဲ့ ခင်ပွန်းသည်ဟာ ကာလီဖာ နိုင်ငံတော် အကြီးအကဲ ဖြစ်နေတာ ပထမဆုံး အကြိမ် တွေ့ရတာ ဖြစ်ကြောင်း သူက ဆိုပါတယ်။
အဲဒီတုန်းက အိုင်အက်စ် တိုက်ခိုက်ရေးသမားတွေ အဲဒီမှာ သိမ်းထားခဲ့တာ သီတင်းပတ်တွေပဲ ကြာပါသေးတယ်။
အယ်လ် ဘက်ဂ်ဒါဒီ တယောက် ဝတ်ရုံနက်ကြီးဝတ်ပြီး မုတ်ဆိတ်ရှည်နဲ့ လူထုရှေ့ ပထမဆုံးထွက်ပေါ်လာကာ မွတ်ဆလင်တွေ သစ္စာခံဖို့ ပန်ကြား မိန့်ခွန်းပြောတဲ့ပုံကို ကမ္ဘာတလွှား တွေ့မြင်ရပြီး အဲဒီအချိန်ဟာ အီရတ်နဲ့ ဆီးရီးယား တလွှားမှာ အိုင်အက်စ်တို့ နယ်မြေတွေ သိမ်းပိုက် အနိုင်ရနေချိန်လည်း ဖြစ်ပါတယ်။
သူ့သားတွေဟာ ယူဖရေးတီးစ်မြစ်ထဲမှာ ရေကူးသင်နေတာ မဟုတ်ဘဲ မိုဆိုးလ် မြို့မှာ သူ့ခင်ပွန်းနဲ့ ရှိနေတာတွေ့ရတဲ့အခါ သူအံ့သြသွားတယ်လို့ ဆိုပါတယ်။
အီရတ်နိုင်ငံ မြို့တော် ဘဂ္ဂဒက်က လူတွေ ပြည့်ကျပ်ညပ်နဲ့တဲ့ အကျဉ်းထောင်ကနေ သူက မြင်ကွင်းတွေကို ပြန်ပြောပြခဲ့ပါတယ်။ အဲဒီမှာ သူ့ကို အိုင်အက်စ်နဲ့ အဲဒီအဖွဲ့ရဲ့ ရာဇဝတ်မှုတွေမှာ သူဘယ်လို ပတ်သက်နေသလဲဆိုတာ အီရတ် အာဏာပိုင်တွေက စစ်ဆေးဖို့ ထိန်းသိမ်းထားပါ။ အဲဒီက အကျဥ်းသားတွေဟာ ပြစ်မှုမျိုးစုံနဲ့ စွပ်စွဲခံထားရသူတွေပါ။ မူးယစ်ဆေးသုံးမှု၊ လိင်လုပ်ငန်းလုပ်မှုနဲ့လည်း စွပ်စွဲခံထားရပါတယ်။ ထောင်ထဲမှာ လှည့်ပတ်သွားနေတဲ့ သူတို့ရယ်၊ အပြင်က အစားအသောက်လာပို့တာတွေရယ်နဲ့ ဆူညံနေပါတယ်။
နှစ်နာရီနီးပါး တွေ့ဆုံမေးမြန်းချိန်အတွင်း သူ့ကိုယ်သူ ခင်ပွန်းဖြစ်သူရဲ့ သားကောင်သဖွယ် ပြောဆိုခဲ့တဲ့ သူဟာ သူ့ခင်ပွန်းလက်က လွတ်မြောက်ဖို့ ကြိုးစားခဲ့ပြီး အိုင်အက်စ်ရဲ့ ရက်စက်တဲ့ လုပ်ရပ်မှန်သမျှမှာ သူပါဝင်မှု မရှိခဲ့ဘူးလို့ ပြောပါတယ်။
ဒါဟာ အိုင်အက်စ်အဖွဲ့က ဖမ်းဆီး မုဒိမ်းကျင့်ခဲ့တဲ့ ယာဇီဒီ မိန်းကလေးတွေအမှု တရားရုံး စစ်ဆေးမှုမှာ ပြောကြတဲ့ သူ့အကြောင်းနဲ့ ကွဲလွဲနေပါတယ်။ သူဟာ မိန်းကလေးတွေနဲ့ အမျိုးသမီးတွေကို ပြန်ပေးဆွဲ ၊လိင်ကျွန်ပြုရာမှာ ပူးပေါင်း ပါဝင်တယ်လို့ စွပ်စွဲခံရထားပါတယ်။
သူဟာ ဘီဘီစီက သူ့ကို အင်တာဗျူးတဲ့ အချိန်တလျှောက်လုံးမှာ သူ့ခေါင်းကို မဖော်ဘဲ တကိုယ်လုံး အမဲရောင်ဝတ်ဆင်ထားကာ မျက်နှာတခုလုံးမှာ နှာခေါင်းအောက်ပိုင်းလေးသာ ဖော်ထားပါတယ်။
အွမ် ဟိုဒေးဖားကို ၁၉၇၆ ခုနှစ်မှာ ရှေးဆန်တဲ့ အီရတ်မိသားစုမှာ မွေးခဲ့ပါတယ်။ သူဟာ အီဘရာဟင် အာဝတ် အယ်လ် ဘတ်ဒါဒီ၊ နောက်ပိုင်းမှာ အဘူဘက်ခ် အယ်လ် ဘက်ဂ်ဒါဒီ ဆိုတဲ့ နာမည်နဲ့ သိကြသူနဲ့ ၁၉၉၉ မှာ လက်ထပ်ခဲ့ပါတယ်။
အဘူဘက်ခ် အယ်လ် ဘက်ဂ်ဒါဒီဟာဘဂ္ဂဒက် တက္ကသိုလ်မှာ အစ္စလာမ်မစ် ရှရီယာ ဥပဒေနဲ့ ဘွဲ့ရခဲ့ပါတယ်။ အဲဒီအချိန်က သူဟာ ဘာသာရေးနဲ့ ပတ်သက်ရင် ရှေးရိုးစွဲ ဆန်ပေမယ့် အမြင်ကျယ်ပြီး အစွန်းရောက် ဘ၀ကို မရောက်သေးဘူးလို့ ဇနီးသည်က ပြောပါတယ်။
အမေရိကန်တွေ ဦးဆောင်ကာ အီရတ်ကို ဝင်တိုက်ခဲ့ပြီး တနှစ်အကြာ ၂၀၀၄ ခုနှစ်မှာ အမေရိကန် တပ်တွေက အယ်ဘက်ဂ်ဒါဒီကို ဖမ်းဆီးခဲ့တာပါ။ အဲဒီနောက် နိုင်ငံ တောင်ပိုင်းက ဘူကာ စခန်းမှာ အိုင်အက်စ် ထိပ်ပိုင်းခေါင်းဆောင် ဖြစ်လာမယ့်သူတွေ ၊ တခြား ဂျီဟတ်အဖွဲ့တွေက လူတော်တော်များများနဲ့ အတူ သူ့ကို တနှစ်ကြာ ထိန်းသိမ်း ထားခဲ့တာ ဖြစ်ပါတယ်။
သူပြန်လွတ်လာခဲ့ပြီး နောက်ပိုင်းနှစ်တွေမှာတော့ သူဟာ စိတ်တို ဒေါသထွက်မြန်သူ ဖြစ်လာပါတယ်လို့ ဆိုပါတယ်။
အယ်ဘဂ်ဒါဒီကို သိကြတဲ့ တခြားသူတွေက သူဟာ ဘူကာ ထိန်းသိမ်းရေး စခန်း မရောက်ခင် ကတည်းက အယ်ကိုင်းဒါးမှာ ပါဝင် ပတ်သက်ခဲ့တယ်လို့ ဆိုကြပြီး ဇနီးသည် ဟိုဒေးဖားကတော့ အဲဒီအချိန်မှာနောက်ပိုင်းမှ သူဟာ ပိုအစွန်းရောက်လာခဲ့တာလို့ ပြောပါတယ်။
ဒါ့အပြင် သူဟာ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကို စတင်ခံစားလာရတယ်လို့ ဆိုပါတယ်။
"သူဘာကြောင့် အခုလို ဖြစ်နေရသလဲလို့ မေးတဲ့အခါ မင်းနားမလည်နိုင်တဲ့ အခြေအနေတွေနဲ့ ကြုံခဲ့ရလို့"လို့ သူ့ခင်ပွန်းကက ပြောခဲ့တယ်လို့ ဆိုပါတယ်။
သူက ပွင့်ပွင့်လင်းလင်း ထုတ်မပြောခဲ့ပေမယ့် သူ့ကို ဖမ်းဆီး ထိန်းသိမ်း ထားချိန် အတွင်း လိင်ပိုင်းဆိုင်ရာ နှိပ်စက်ခံရတယ်လို့ ယုံကြည်တယ်လို့ ဇနီးဖြစ်သူက ယုံကြည်ထားပါတယ်။
အကြောင်းကတော့ တခြား အီရတ်က အမေရိကန် ထိန်းချုပ်တဲ့ အဘူဂါရစ်ဘ် အကျဉ်းထောင်ရဲ့ အဲဒီနှစ်တွေက အခြေအနေတွေရဲ့ ဓာတ်ပုံတွေ ထွက်ပေါ်လာရာမှာ အကျဉ်းသားတွေ ထောင်ထဲမှာ လိင်မှု ပုံစံတွေ လုပ်ပြရ၊ အရှက်တကွဲ ပုံတွေ အတင်းအကျပ်လုပ်ခိုင်းခံခဲ့ရတာတွေ ရှိပါတယ်။
ဟိုဒေးဖားရဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ ပင်တာဂွန် ၊ အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် တုံ့ပြန်မှု မရခဲ့ပါဘူး။
အဲဒီနောက် သူက သူ့ခင်ပွန်းသည်ဟာ အစွန်းရောက်အဖွဲ့တွေနဲ့ ဆက်နွှယ်မှု ရှိသလား ဆိုတာ စပြီး သိချင်လာတယ်လို့ ဟိုဒေးဖားက ပြောပါတယ်။
သူအိမ်ပြန်လာလို့ ရေချိုးနေချိန် အိပ်နေချိန်မှာ သူ့အဝတ်အစားတွေကို ရှာဖွေ စစ်ဆေးကြည့်မိတယ်လို့ ပြောပါတယ်။
တခါတလေ သူ့ကိုယ်မှာ အမာရွတ်တွေ၊ ဒဏ်ရာတွေ ရှိမလားဆိုပြီး ကြည့်ပေမယ့် ဘာမှမတွေ့လို့ ဇဝေဇဝါ ဖြစ်မိတယ်လို့ ပြောပါတယ်။
အဲဒီတုန်းက သူ့ကိုလည်း ရှင်ဟာ ပုံမှန်တော့မဟုတ်ဘူး တစ်ခုခုပဲလို့ သူက ပြောတော့ သူ့ခင်ပွန်းက ယမ်းပုံမီးကျ ဒေါသထွက်ခဲ့တယ်လို့ ပြောပါတယ်။
အဲဒီနောက် သူတို့ တခါတလေ အိမ်ဘယ်လို ပြောင်းခဲ့ရသလဲ၊ အထောက်အထား အတုတွေ ဘယ်လိုသုံးခဲ့သလဲ ဆိုတာနဲ့ ခင်ပွန်းသည်က ဒုတိယ အိမ်ထောင်ပြုခဲ့တဲ့ အကြောင်းတွေကိုလည်း ဟိုဒေးဖားက ပြောပြပါတယ်။
သူတို့ ကွာရှင်းဖို့ သူကတောင်းဆိုခဲ့ပေမယ့် ကလေးနှစ်ယောက်ကို ခင်ပွန်းဆီပေးခဲ့ရမယ် ဆိုတာကြောင့် မကွာရှင်းတော့ဘဲ သူနဲ့ ဆက်နေခဲ့တာလို့ ဆိုပါတယ်။
အီရတ်မှာ၂၀၀၆ ကနေ ၂၀၀၈ ခုနှစ်အထိ ဘာသာရေး အုပ်စုကွဲတွေကြား စစ်ပွဲ ပြင်းထန်ခဲ့တဲ့အတွက် ဘက်ဂ်ဒါဒီ ဟာ ဆွန်နီ ဂျီဟတ် အဖွဲ့တွေမှာ ပါဝင် ပတ်သက်နေတယ် ဆိုတာကို ဟိုဒေးဖား အနေနဲ့ သံသယဝင်စရာမလိုတော့ပါဘူး။
၂၀၁၀ မှာတော့ သူဟာ အီရတ်က အစ္စလာမ်မစ် နိုင်ငံအဖွဲ့(IS)ခေါင်းဆောင် ဖြစ်လာခဲ့ပါတယ်။ ၂၀၀၆ ခုနှစ်က တည်ထောင်ခဲ့တဲ့ အိုင်အက်စ် အဖွဲ့ဟာ အီရတ်က ဂျီဟတ် အဖွဲ့တွေထဲက တဖွဲ့ ဖြစ်ပါတယ်။
၂၀၁၂ ဇန်နဝါရီမှာတော့ သူတို့တွေ ဆီးရီးယားနိုင်ငံ အစွန်အဖျားက အစ်ဒ်လစ်ဘ် ဘက်ကို ပြောင်းရွှေ့ခဲ့ကြပြီး သူ့ခင်ပွန်း ခေါင်းဆောင် ဖြစ်လာတာကို သူ ရှင်းရှင်းလင်းလင်း သိလာရတယ်လို့ အွမ် ဟိုဒေးဖားက ပြောပါတယ်။
အီရတ်က အစ္စလာမ်မစ် နိုင်ငံအဖွဲ့ ဟာ နောက် ၂ နှစ်အကြာမှာ ကာလီဖာလို့ ခေါ်တဲ့ ပိုကျယ်ပြန်တဲ့ အစ္စလာမ်မစ် နိုင်ငံအဖွဲ့ကြီး ထူထောင်ဖို့ နောက်ပိုင်း ပူးပေါင်း ပါဝင်ခဲ့တဲ့ အုပ်စုတွေထဲက တခု ဖြစ်လာပါတယ်။ အဲဒီ အစ္စလာမ်မစ် နိုင်ငံ အဖွဲ့ကြီးကို အစ္စလာမ် ဥပဒေ ရှရှီယာနဲ့ အညီ ဖွဲ့စည်း အုပ်ချုပ်ခဲ့တာ ဖြစ်ပါတယ်။ ဒီအဖွဲ့ကို ကမ္ဘာမြေပေါ်က တမန်တော် မိုဟာမက်ရဲ့ လက်ထောက်က အုပ်ချုပ်တဲ့သဘောလို့ မှတ်ယူကြပါတယ်။
အဲဒီအချိန်မှာ အယ်လ် ဘက်ဂ်ဒါဒီဟာ ပစ်စတိုတလက် ကိုင်ဆောင်ပြီး မုတ်ဆိတ်ထား၊ အာဖဂန် ဝတ်ရုံကြီး စ ဝတ်ခဲ့တော့တာပဲလို့ ဟိုဒေးဖားက ပြောပါတယ်။
ပြည်တွင်းစစ် ကာလအတွင်း ဆီးရီးယား အနောက်မြောက်ပိုင်းမှာ လုံခြုံရေး အခြေအနေ ယိုယွင်းလာတာနဲ့ အမျှ သူတို့လည်း နိုင်ငံ အရှေ့ပိုင်းက ရက်ကာမြို့ဆီ ပြောင်းရွှေ့လာခဲ့တယ်လို့ ဆိုပါတယ်။
သူတို့ပြောင်းလာတဲ့ နေရာကို အိုင်အက်စ်တွေရဲ့ ကာလီဖာလို့ခေါ်တဲ့ အစ္စလာမ်မစ် နိုင်ငံရဲ့ မြို့တော် အဖြစ် နောက်ပိုင်းမှာ မှတ်ယူခဲ့ကြပါတယ်။
အဲဒီမှာကျမှ ရုပ်မြင်သံကြားပေါ်မှာ ခင်ပွန်းဖြစ်သူကို တွေ့မြင်ရတာလို့ သူက ဆိုပါတယ်။
အိုင်အက်စ် အုပ်စုတွေရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို လူတွေကြား နက်နက်ရှိုင်းရှိုင်း သိထားပြီး ဖြစ်ပေမယ့် ၂၀၁၄ ကနေ ၂၀၁၅ အတွင်းမှာတော့ ဒီရက်စက်ကြမ်းကြုတ်မှုတွေက ပိုမိုကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာသလို ပိုပြီးလည်း ကြောက်မက်ဖွယ် ကောင်းလာပါတယ်။
အိုင်အက်စ်အဖွဲ့ဟာ အီရတ်က ယာဇီဒီ လူနည်းစု လူမျိုးစုတွေ အပေါ် လူမျိုးတုန်း သတ်ဖြတ်မှု၊ လူသတ်မှု ၊ နှိပ်စက်ညှဥ်းပန်း၊ ပြန်ပေးဆွဲ၊ ကျေးကျွန်အဖြစ် စေခိုင်းမှုတွေ အပါအဝင် လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ ကျူး လွန် ခဲ့တဲ့ အထောက်အထားတွေ တွေ့ရှိထားတယ်လို့ ကုလ စုံစမ်းရေး အဖွဲ့က ပြောပါတယ်။
ဒါ့အပြင် အိုင်အက်စ် အဖွဲ့ဟာ ဓားစားခံတွေကို ခေါင်းဖြတ်တာတွေနဲ့ ဂျော်ဒန် လေယာဥ်မှူး တယောက်ကို မီးရှို့တာအပါအဝင် သူတို့ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို လူမှုကွန်ရက်ပေါ်က တဆင့် ထုတ်လွှင့်ခဲ့ပါတယ်။
နောက်ထပ် ဆိုးဆိုးရွားရွား ဖြစ်ရပ်တခုကတော့ ဘဂ္ဂဒက်မြောက်ပိုင်းက စပီးချား စစ်အခြေစိုက် စခန်းကနေ သူတို့နေရပ်မြို့တွေကို ပြန်လာတဲ့ ရှီးယား လေ့ကျင့်ရေးတပ်သား ၁,၇၀၀ ကိုအစုလိုက် သတ်ပစ်ခဲ့မှု ဖြစ်ပါတယ်။
အိုင်အက်စ်တွေနဲ့ နေထိုင်ခဲ့တဲ့ အမျိုးသမီး တချို့က ဘာတွေ ဖြစ်နေခဲ့သလဲ ဆိုတာ သူတို့အနေနဲ့ နားမလည်ခဲ့ကြဘူးလို့ အခု ပြန်ပြောကြပါတယ်။ ဒါကြောင့် အွမ် ဟိုဒေးဖား အနေနဲ့လည်း အဲဒီအချိန်တုန်းက အမြင် ဘယ်လို ရှိခဲ့သလဲလို့ မေးမြန်း ဖြစ်ခဲ့ပါတယ်။
သူ့အနေနဲ့တော့ လူမဆန်တဲ့ ဖြစ်ရပ်တွေအတွက် အကြီးအကျယ် တုန်လှုပ်မိတာကြောင့် ဒီရက်စက်ကြမ်းကြုတ်တဲ့ပုံတွေကို မကြည့်ရဲ လောက်အောင် ဖြစ်ခဲ့ရတယ် ၊ မတရားတဲ့ သွေးချောင်းစီး ဖြစ်ရပ်တွေဟာ ကြောက်မက်ဖွယ် ကောင်းလွန်းလှတာကြောင့် လူသားချင်း စာနာမှုဆိုတဲ့ဘောင်ကို ကျော်လွန်သွားခဲ့တယ်လို့ သူက ပြောပါတယ်။
အပြစ်မဲ့တဲ့လူတွေရဲ့သွေး ရှင့်လက်မှာ စွန်းထင်းနေပြီလို့ ခင်ပွန်းဖြစ်သူကို ဟိုဒေးဖားက ပြောကြားခဲ့ပြီး အခုလို လုပ်တာတွေအစား အစ္စလာမ် ဥပဒေ အရ သူတို့ကို တခြားနည်းတွေနဲ့ ဆက်ဆံခဲ့လို့ ရတာပဲလို့ သူက ပြောပါတယ်။
သူ့ခင်ပွန်း ဟာ တခြား အိုင်အက်စ် ခေါင်းဆောင်တွေနဲ့ ကွန်ပျူတာ လက်ပ်တော့ပ် ပေါ်ကနေ တဆင့် ဆက်သွယ်ဆောင်ရွက်လေ့ရှိတယ်လို့ ဆိုပါတယ်။
သူ့ကွန်ပျူတာကိုလည်း ခရီးဆောင်အိတ်ထဲ အမြဲသော့ခတ်ထားတာပါ။
ဟိုဒေးဖား အနေနဲ့ ဒီကွန်ပျူတာဖို့ ဖွင့်ဖို့ ကြိုးစားခဲ့ပေမဲ့ နည်းပညာ အားနည်းတာရယ် ၊ ဖွင့်ဖို့ လျှို့ဝှက်နံပါတ် တချိန်လုံး တောင်းနေတာတွေရယ်ကြောင့် မအောင်မြင်ခဲ့ဘူးလို့ ပြောပါတယ်။
သူ့အနေနဲ့ ထွက်ပြေးဖို့ ကြိုးစားပေမယ့် စစ်ဆေးရေးဂိတ်က သေနတ်သမားတွေက ထွက်ခွင့်မပေးဘဲ အိမ်ပြန်ပို့တာ ခံခဲ့ရတယ်လို့ ဟိုဒေးဖားက ပြောပါတယ်။
သူသိရသလောက် ခင်ပွန်း ဖြစ်သူဟာ တိုက်ခိုက်မှု တစုံတရာမှာမှ ပါဝင်ခဲ့တာမျိုး မရှိခဲ့ဘဲ၊ အိုင်အက်စ်တွေ မိုဆိုးလ်ကို ထိန်းချုပ်ခဲ့တုန်းကဘဲ သူက ရက်ကာမှာ နေပြီး အဲဒီကနေ မိုဆိုးလ်ကို သွားပြီး မိန့်ခွန်းပေးတာမျိုးပဲ ရှိခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီနောက် အယ်လ်ဘဂ်ဒါဒီဟာ ၁၂ နှစ်အရွယ် သမီးဖြစ်သူ အူမိုင်မာ ကို မိသားစု အရေးကိစ္စ လိုက်လံဆောင်ရွက်ပေးတဲ့ မိတ်ဆွေ မန်ဆူး နဲ့ ထိမ်းမြားပေးခဲ့ပါတယ်။ ဒီကိစ္စကို သူ့အနေနဲ့ တားမြစ်ခဲ့ပေမဲ့ အရာမဝင်ခဲ့ဘူးလို့ ဟိုဒေးဖားက ဆိုပါတယ်။
အူမိုင်မာဟာ အသက် ၈ နှစ်အရွယ်တုန်းက ဆီးရီးယား အိုင်အက်စ် ပြောခွင့်ရသူနဲ့ အိမ်ထောင် တခါ ကျခဲ့ဖူးသားဖြစ်တယ်လို့ အီရတ် လုံခြုံရေးအဖွဲ့ သတင်း ရင်းမြစ် တယောက်က ဘီဘီစီကို ပြောပါတယ်။
ဒါပေမဲ့ ပထမအိမ်ထောင်တုန်းက စီစဉ် လက်ထပ်ပေးခဲ့တာမျိုး ဖြစ်ပြီး အယ်ဘက်ဂ်ဒါဒီ အိမ်မှာ မရှိတဲ့အချိန် အဲဒီအမျိုးသားက အိမ်ကို အဝင်အထွက်လုပ်တာမျိုး ရှိပြီး သူတို့ဆက်ဆံရေးဟာ လိင်ပတ်သက်မှု မရှိခဲ့ဘူးလို့ ဆိုပါတယ်။
အဲဒီနောက် ၂၀၁၄ သြဂတ်မှာ အွမ် ဟိုဒေးဖား နောက်ထပ် သမီးတယောက် ဖြစ်တဲ့ နာစီဘာကို မွေးဖွားခဲ့ပါတယ်။ အဲဒီသမီးဟာ နှလုံးရောဂါ မွေးရာပါပါခဲ့တယ်။ တချိန်တည်းမှာဘဲ တိုက်တိုက်ဆိုင်ဆိုင် မန်ဆူး ကလည်း ယာဇီဒီ အမျိုးသမီး နဲ့ မိန်းကလေးငယ် ၉ ယောက်ကို အိမ်ကို ခေါ်လာပါတယ်။ သူတို့အသက်တွေက ၉ နှစ်ကနေ အသက် ၃၀ အတွင်း ရှိသူ တွေ ဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီအမျိုးသမီးတွေဟာ အိုင်အက်စ် အဖွဲ့တွေရဲ့ ကျွန်ပြုခဲ့တဲ့ ထောင်သောင်းချီတဲ့ အမျိုးသမီးနဲ့ ကလေးတွေထဲက အနည်းအကျဉ်းမျှသာ ဖြစ်ပြီး အိုင်အက်စ် အဖွဲ့ဟာ သူတို့တွေကို ထောင်ချီ သတ်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။
ဒီကိစ္စတွေနဲ့ ပတ်သက်လို့ အွမ် ဟိုဒေးဖား အနေနဲ့ တုန်လှုပ်ပြီး ရှက်မိတယ်လို့ ဘီဘီစီကို ပြန်ပြောပြခဲ့ပါတယ်။
အဲဒီ အုပ်စုထဲက ဆမာ နဲ့ ဇီနာ (နာမည်ရင်းမဟုတ်) ဆိုတဲ့ မိန်းကငယ်လေး နှစ်ယောက် ရှိခဲ့ပြီး သူတို့အပြောင်းမခံရခင် အချိန်မှာ ရာကာက သူတို့အိမ်မှာ ရက်အနည်းငယ်ပဲ လာနေခဲ့ဖူးတယ်လို့ ဟိုဒေးဖားက ပြောပါတယ်။
အဲဒီနောက် သူတို့မိသားစု မိုဆိုးလ်ကို ပြောင်းသွားကြပါတယ်။ နောက်ပိုင်းမှာ ဆမာ ပြန်ပေါ်လာပြီး နှစ်လလောက် ဟိုဒေးဖား တို့နဲ့ နေခဲ့တယ်လို့ ဆိုပါတယ်။
ဘီဘီစီ သတင်းထောက်ဟာ ဆမာရဲ့ ဖခင် ဟာမစ်ကို ခြေရာခံ ဆက်သွယ်ခဲ့ပါတယ်။ သူက တချိန်က ဆမာကို ခေါ်သွားကြတဲ့ အကြောင်းတွေကို မျက်ရည်လည်ရွှဲနဲ့ ပြန်ပြောပြခဲ့ပါတယ်။
သူ့မှာဇနီး ၂ ယောက်ရှိပြီး သူတို့နဲ့ရထားတဲ့ ကလေး ၂၆ယောက် အပြင် သူ့ညီအစ်ကိုတွေနဲ့ သူတို့မိသားစုတွေပါ အကုန်လုံး ဆင်ဂျားက ခန်ဆိုလ်မြို့ဆီ ပြန်ပေးဆွဲခံခဲ့ကြရတယ်လို့ဆိုပါတယ်။ သူကတော့ အနားက တောင်တန်းတွေမှာ ပြန်ပေးသမားတွေ လက်ထဲက လွတ်မြောက်ခဲ့တယ်လို့ ဟာမစ်က ပြောပါတယ်။
ဆမာ အပါအဝင် သူ့ကလေး ၆ ယောက် ပျောက်နေပြီး တချို့ကတော့ ပြန်ပေးငွေပေးပြီးရွေးခဲ့လို့ အိမ်ပြန်ခေါ်လာနိုင်ခဲ့ပြီး တချို့လည်း သူတို့ဖမ်းခံထားရတဲ့ နေရာတွေ လွတ်မြောက်သွားလို့ အိမ်ပြန်ရောက်လာတာတွေ ရှိပါတယ်။
နောက်မိန်းကလေး တယောက်ဖြစ်တဲ့ ဇီနာက သူ့တူမ ဖြစ်ပြီး ဆီးရီးယား မြောက်ပိုင်းမှာ ပိတ်မိနေခဲ့တယ်လို့ ယူဆရပါတယ်။ ဇီနာနဲ့ ညီအစ်မ တော်စပ်သူ ဆွာအက်ဒ် ဟာ အွမ် ဟိုဒေးဖားနဲ့ မဆုံဖူးခဲ့ပါဘူး။ သူက မုဒိမ်းကျင့် ၊ ကျွန်ပြုခံရတဲ့အပြင် ၇ ကြိမ်လောက် ရောင်းစားခံခဲ့ရသူ ဖြစ်ပါတယ်။
အခုလို ယာဇီဒီ အမျိုးသမီးတွေကို ကျွန်ပြုခိုင်းစေ၊ ပြန်ပေးဆွဲမှုတွေနဲ့ ဆက်စပ်ပြီး အွမ် ဟိုဒေးဖားကို ဟာမစ်ဒ်နဲ့ ဆွာအက်ဒ်တို့က တရားစွဲခဲ့ပါတယ်။ သူဟာ ကူကယ်ရာမဲ့ သားကောင်တစ်ယောက်လို့ သူတို့တွေက မယုံဘဲ သူ့ကို သေဒဏ်ပေးဖို့ တောင်းဆိုနေကြပါတယ်။
"သူဟာ အစစအရာရာအတွက် တာဝန်ရှိတယ် ၊ သူ့ကို ခြေဆုပ်လက်နယ်ပြုဖို့ က ဘယ်သူ ၊ သူ့ယောကျားကို ပြုစုဖို့က ဘယ်သူ ဆိုပြီး မိန်းကလေးတွေကို သူကပဲ ရွေးပေးခဲ့တာ။ ကျွန်မ ညီမလေးက မိန်းကလေးတွေထဲက တယောက်ပါ"လို့ ဆွာအက်ဒ်က ပြောပါတယ်။
နှိပ်စက် ကျွန်ပြုခံရပြီးနောက် အိမ်ပြန်ရောက်လာသူတွေရဲ့ ပြောပြချက်တွေအပေါ် အခြေခံပြီး ဆွာအက်ဒ်က ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
ဟိုဒေးဖားဟာ ရာဇဝတ်ကောင် အဘူဘက်ခ် အယ် ဘက်ဂ်ဒါဒီရဲ့ ဇနီးသည် ဖြစ်ပြီး သူလည်း ခင်ပွန်းသည်လိုပဲ ရာဇဝတ်သားလို့ ဆွာအက်ဒ်က ဆိုပါတယ်။
ဆွာအက်ဒ်နဲ့ မေးမြန်းထားတာတွေကို အွမ် ဟိုဒေးဖားကို ဖွင့်ပြတဲ့အခါ သူက "ကျွန်မခင်ပွန်းသည်က ရာဇဝတ်သားဆိုတာ မငြင်းပါဘူး။ သူတို့အတွက် အရမ်းကို စိတ်မကောင်းဖြစ်မိပါတယ်"လို့ ဟိုဒေးဖားက ပြောပြီး သူ့အပေါ် စွပ်စွဲချက်တွေကိုလည်း ငြင်းထားပါတယ်။
နည်းနည်းကြာတဲ့အခါ ၂၀၁၅ ဇန်နဝါရီမှာ သူဟာ ပြန်ပေးဆွဲခံရတဲ့ အမေရိကန် လူမှုကယ်ဆယ်ရေးဝန်ထမ်း ခေးလာ မူရဲလားနဲ ခဏဆုံခဲ့ပါတယ်။ ခေးလားဟာ ၁၈ လကြာ ဓားစာခံ အဖြစ် ဖမ်းဆီး ခံခဲ့ရပြီး ထိန်းသိမ်းထားစဉ်မှာ ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။
အွမ် ဟိုဒေးဖားဟာ ရာကာက ဘေးကင်းလုံခြုံရာနေရာတခုဆီ ခေါ်ဆောင် ထားခံခဲ့ရပြီး အပေါ်ထပ်မှာ အသံတွေကြားရလို့ သူသွားကြည့်ခဲ့ပါတယ်။
"အိပ်ခန်း တခုထဲမှာ ခေးလားကို သူ့တွေ့ခဲ့ရာမှာ သူ့ကြည့်ရတာ ပျော်နေပုံရပြီး သူဟာ (အကြီးအကဲ)ရှိတ်ခ် ရဲ့ ဇနီးသည် ဖြစ်တယ်လို့ ဆိုတယ်။ သူဆိုလိုသူက ကျွန်မ ခင်ပွန်းသည်ကို ပြောတာလို့ သဘောပေါက်လိုက်တယ်လို့ " ဟိုဒေးဖားက ပြောပါတယ်။
ခေးလားက သူ့ခင်ပွန်းအကြောင်း နှစ်လိုဖွယ် ပြောပြခဲ့လို့ သူမနာလို ဒေါသထွက်မိတယ်လို့ ပြောပါတယ်။ သူကတော့ အဲဒီအချိန်မှာ နေမကောင်းဖြစ်နေတဲ့ သူ့သမီး နာဆီဘာအတွက် အသက်ကယ်နိုင်ဖို့ လုံးပန်းနေခဲ့ရတာပါ။ အဲဒီသမီးကလည်း နောက်တော့ သေဆုံးသွားခဲ့ပါတယ်။
ဒီပြောဆိုချက်ဟာ ခေးလားနဲ့အတူ အဖမ်းခံရသူတွေရဲ့ ထွက်ဆိုချက်နဲ့ ကွဲလွဲမှု ရှိခဲ့ပါတယ်။
ခေးလား သေဆုံးခဲ့ပြီးနောက် သူ့အမေ မာရှာက သူနဲ့အတူ အဖမ်းခံခဲ့ရသူတွေ ပြောတာတွေကို ကိုးကားပြီး ပြန်ပြောပြခဲ့ပါတယ်။ ခေးလားဟာ အဲဒီလူနဲ့ လက်ထပ်ခဲ့တာမဟုတ်ဘဲ အယ်လ် ဘက်ဂ်ဒါဒီ ကသာ သူ့သမီးကို အတင်းအဓမ္မ မုဒိမ်းကျင့်၊ လိင်အကြမ်းဖက်ခဲ့တာကြောင့် သမီးဖြစ်သူ သူ့အခန်းက ပြန်လာတဲ့အခါ ငိုယိုနေတယ်လို့ ဆိုပါတယ်။
ပြန်ပေးဆွဲမှုတွေကို စုံစမ်းတဲ့၊ ရဲတွေနဲ့ အတူ လုပ်ကိုင်တဲ့ စစ်ဆေးရေးမှူးက ရှင်းပြခဲ့ရာမှာ ခေးလားဟာ ဟိုဒေးဖား ပြောတဲ့အတိုင်း ဖြစ်ခဲ့ရင် ဒါဟာ ရှင်သန်ရေး ဗျူဟာ ဖြစ်နိုင်တယ်လို့ ပြောပါတယ်။
ခေးလား သေဆုံးမှုနဲ့ ပတ်သက်လို့ ဘာကြောင့်လဲ ဆိုတာကို အခုထိ မသိရသေးပါဘူး။ အခင်းဖြစ်စဉ် အိုက်အက်စ်တွေ အပြောအရ ကတော့ ဂျော်ဒန်ရဲ့ လေကြောင်းက တိုက်ခိုက်မှုကြောင့် လို့ ဆိုပါတယ်။ ဒါပေမယ့် အမေရိကန် အစိုးရကတော့ ဒီအကြောင်းနဲ့ပတ်သက်လို့ အမြဲ အငြင်းပွားလေ့ရှိပြီး အီရတ် လုံခြုံရေး သတင်းရင်းမြစ်ကတော့ အိုင်အက်စ် လက်ချက်ကြောင့် ခေးလား ဆုံးတာလို့ ဆိုပါတယ်။
၂၀၁၉မှာ ဆီးရီးယား အနောက်မြောက်ပိုင်းမှာ ပုန်းနေတဲ့ အယ်လ်ဘက်ဂ်ဒါဒီ ရှိရာ နေရာကို အမေရိကန် တပ်ဖွဲ့တွေက ဝင်ရောက် စီးနင်းခဲ့ပါတယ်။ ဘက်ဂ်ဒါဒီ ကတော့ လိုဏ်ခေါင်းထဲ ဝင်ပြီး သူဝတ်ထားတဲ့ ဖောက်ခွဲရေး အကျီက စနက်တံကို ဖြုတ်ကာ ကလေး ၂ယောက်နဲ့အတူ သေကြောင်းကြံခဲ့ပါတယ်။ သူ့ရဲ့ ဇနီးသည် ၄ ယောက်ထဲက ၂ ယောက်လည်း ပစ်ခတ်မှုအတွင်း သေဆုံးသွားခဲ့ပါတယ်။
အခင်းဖြစ်တဲ့ အချိန် အဲဒီနေရာမှာ အွမ် ဟိုဒေးဖား ရှိမနေပါဘူး။ တူရကီမှာ တခြားနာမည် တခုနဲ့ နေထိုင်နေတာပါ။ အဲဒီနေရာကနေပဲ ၂၀၁၈ မှာ သူ့ကို ဖမ်းဆီးခံခဲ့ရပါတယ်။ အဲဒီနှစ် ဖေဖော်ဝါရီလမှာ အီရတ်ဆီ သူ့ကို ပြန်ပို့ခဲ့ပြီး ထောင်ချကာ အိုင်အက်စ်နဲ့ ပတ်သက်လို့ သူ့ကို စုံစမ်းစစ်ဆေးမှုတွေ လုပ်ခဲ့ပါတယ်။
သူ့တို့ရဲ့ အကြီးဆုံး သမီး အူမိုင်မာကိုလည်း သူ့နဲ့အတူ အကျဉ်းထောင်ထဲ ထားပြီး အသက် ၁၂ နှစ်အရွယ် နောက်သမီး တယောက် ဖြစ်တဲ့ ဖာတီမာ ကိုတော့ လူငယ် ထိန်းသိမ်းရေး စခန်းမှာ ထားရှိတာ ဖြစ်ပါတယ်။
သူတို့ရဲ့ သားတွေထဲက တယောက်ကတော့ ဆီးရီးယားက ဟိုးမ်စ် မြို့နားမှာ ရုရှားရဲ့ လေကြောင်း တိုက်ခိုက်မှုအတွင်း သေဆုံးသွားခဲ့ပါတယ်။ နောက်သားတယောက်က ဖခင် ဖြစ်သူနဲ့ အတူ လိုဏ်ခေါင်းထဲမှာ သေဆုံးခဲ့တာ ဖြစ်ပြီး အငယ်ဆုံး သားကတော မိဘမဲ့ ဂေဟာမှာ ရောက်နေပါတယ်။
ဘီဘီစီနဲ့ မေးမြန်း ဆွေးနွေးခန်း ပြီးသွားတော့ ဟိုဒေးဖားဟာ ခေါင်းမော့လာတဲ့ အတွက် သူ့မျက်နှာကို ဖျတ်ကနဲ မြင်ခဲ့ရပါတယ်။ ဒါပေမဲ့ သူ့မျက်နှာအမူအရာကနေ ဘာမှ မှန်းကြည့်လို့ မရခဲ့ပါဘူး။ စုံစမ်းစစ်ဆေးရေး အရာရှိက သူ့ကို ခေါ်ဆောင်သွားစဥ်မှာ သူ့သားသမီးအငယ်ဆုံးတွေ အကြောင်း ပိုပြောပြဖို့ သူက တောင်းပန်ခဲ့ပါတယ်။ အခုတော့ ဟိုဒေးဖား တယောက်သူ့ရဲ့ အကျဉ်းထောင် အခန်းထဲ ပြန်ရောက်သွားပြီး ရာဇဝတ်မှုတွေအတွက် တရားစွဲဆို ခံရမလားဆိုတာ စောင့်စားနေရပြီ ဖြစ်ပါတယ်။