အလက်ပိုကို သိမ်းလိုက်တဲ့ ဆီးရီးယား သူပုန်ခေါင်းဆောင် အဘူမိုဟာမက် အယ် ဂျိုလန်နီက ဘယ်သူလဲ

ဘီဘီစီ အာရပ်ဌာန၊ BBC Monitoring နဲ့ BBC Explainers

အစ္စလာမ်မစ် လက်နက်ကိုင်အဖွဲ့ ဟာရက် တီဟာ အရှမ် (Hayat Tahrir al-Sham - HTS) က ခေါင်းဆောင်တဲ့ သူပုန်တွေဟာ ဆီးရီးယားက ဒုတိယအကြီးဆုံးမြို့ အလက်ပို ကို ရုတ်တရက်ဝင်တိုက်ပြီး ထိန်းချုပ်ထားလိုက်ပါပြီ။

ဟာရက် တီဟာ အရှမ် - HTS အဖွဲ့ ဦးဆောင်တဲ့ တခြား လက်နက်ကိုင်သူပုန်တွေ ကလည်း ဟာမာမြို့ ကို ဦးတည် သွားနေကြပါတယ်။ HTS အဖွဲ့ဟာ ဆီးရီးယား အစိုးရကို တိုက်ခိုက်နေတဲ့ အဓိက သူပုန်အဖွဲ့တွေထဲက တခုဖြစ်ပြီး နိုင်ငံ အနောက်မြောက်ပိုင်းက နယ်မြေအတော်များများကို ထိန်းချုပ်ထားပါတယ်။

ဒီအဖွဲ့က အယ်လ်ကိုင်းဒါးနဲ့ အစ္စလာမ်မစ်နိုင်ငံတော် အဖွဲ့တွေရဲ့ လက်ခွဲလို့ဆိုကာ အစိုးရ အတော်များများက အကြမ်းဖက်အဖွဲ့အစည်း (terrorist organisation) တခုအဖြစ် သတ်မှတ်ထားပါတယ်။

HTS အဖွဲ့ခေါင်းဆောင် အဘူ မိုဟာမက် အယ် ဂျိုလန်နီကို လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ စွပ်စွဲထားကြပြီး အမေရိကန်က သူ့ကို ဖမ်းမိရင် ဆုကြေး ဒေါ်လာ ၁၀ သန်း ပေးမယ်လို့ ကမ်းလှမ်းထားပါတယ်။

အယ် ဂျိုလန်နီရဲ့ ဇစ်မြစ်ကို ဘယ်လိုပြောနေကြလဲ

အဘူ မိုဟာမက် အယ် ဂျိုလန်နီက အမည်ဝှက်တခုပါ။ သူ့ရဲ့ တကယ့်နာမည်နဲ့ တကယ့် အသက်တွေကတော့ အမျိုးမျိုးပြောနေကြပါတယ်။

သူက ဆီးရီးယားလူမျိုးဖြစ်ကာ သူ့ ဖခင်က အာမက် အယ် ရှာရာဖြစ်ပြီး သူတို့မိသားစုက ဂိုလန် ကုန်းမြင့်ဒေသဘက်ကဖြစ်ကြောင်း အယ် ဂျိုလန်နီက အမေရိကန် သတင်းဌာန ပီဘီအက်စ် ကို ပြောဖူးပါတယ်။

သူ့ရဲ့ ဖခင် အလုပ်လုပ်ကိုင်တဲ့ ဆော်ဒီအာရေဗီးယား မြို့တော် ရီယတ်မှာ သူ့ကို မွေးဖွားခဲ့တာဖြစ်ပြီး ဒမားစကတ်မှာ သူ ကြီးပြင်းခဲ့တယ်လို့ သူက ပြောပါတယ်။ ဒါပေမဲ့ ဆီးရီးယား အရှေ့ပိုင်းက ဒီယာ အက်ဇောမှာ သူ မွေးဖွားခဲ့တာဆိုတဲ့ သတင်းတွေလည်း ထွက်ခဲ့သလို၊ သူ အစ္စလာမ်မစ် လက်နက်ကိုင် မဖြစ်ခင် ဆေးပညာ သင်ယူခဲ့တယ်ဆိုတဲ့ ကောလာဟလတွေလည်း ရှိပါတယ်။

ကုလသမဂ္ဂနဲ့ ဥရောပ သမဂ္ဂတို့ရဲ့ အစီရင်ခံစာတွေ အရ သူဟာ ၁၉၇၅ နဲ့ ၁၉၇၉ ကြားမှာ မွေးဖွားခဲ့တယ်လို့ သိရပါတယ်။ နိုင်ငံတကာရဲ အဖွဲ့ အင်တာပိုလ်ကတော့ သူဟာ ၁၉၇၉ မှာ မွေးဖွားခဲ့တာလို့ ဆိုပါတယ်။ အာရပ် သတင်းစာ As-Safir ကတော့ သူဟာ ၁၉၈၁ မှာ မွေးတာလို့ ပြောပါတယ်။

အယ် ဂျိုလန်နီဟာ အစ္စလာမ်မစ်အဖွဲ့တခုရဲ့ ခေါင်းဆောင် ဘယ်လို ဖြစ်လာလဲ

အီရတ်နိုင်ငံကို အမေရိကန်ဦးဆောင်တဲ့ ညွန့်ပေါင်းတပ်တွေ ဝင်ကျူးကျော်လာတဲ့ ၂၀၀၃ နောက်ပိုင်းမှာ အယ် ဂျိုလန်နီဟာ အီရတ်က ဂျီဟတ်ဝါဒီ အယ်ခိုင်းဒါးအဖွဲ့ကို ဝင်ခဲ့တယ်လို့ မှတ်ယူကြပါတယ်။

ညွန့်ပေါင်းတပ်တွေဟာ သမ္မတ ဆက်ဒမ်ဟူစိန်ကို ရာထူးကနေ အမြန်ဖယ်ရှားပစ်ကာ သူ့ရဲ့ ဘတ်ထ် ပါတီကို ဖျက်သိမ်းခဲ့ပေမဲ့လည်း စစ်သွေးကြွအဖွဲ့ မျိုးစုံရဲ့ ဆန့်ကျင် တိုက်ခိုက်မှုကို ခံခဲ့ရပါတယ်။

၂၀၁၀ မှာ အီရတ်မှာရှိတဲ့ အမေရိကန် တပ်ဖွဲ့တွေက အယ် ဂျုလန်နီကို ဖမ်းဆီးခဲ့ပြီး ကူဝိတ် နယ်စပ်နားက ဘတ်ကာ စခန်းမှာ သူ့ကို ထိန်းသိမ်းထားခဲ့ပါတယ်။ အဲဒီမှာ သူဟာ နောက်ပိုင်းမှာ အစ္စလာမ်မစ် နိုင်ငံတော် အဖွဲ့ - အိုင်အက်စ်ကို ထူထောင်မယ့် ဂျီဟတ်ဝါဒီတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ သူ အဲဒီကာလက တွေ့ခဲ့တဲ့ ဂျီဟတ်ဝါဒီတွေထဲ တချိန် အိုင်အက်စ် ခေါင်းဆောင်ဖြစ်လာမယ့် အဘူဘက်ခ် အယ် ဘက်ဂ်ဒါဒီလည်း ပါဝင်ပါတယ်။

၂၀၁၁ မှာ သမ္မတ ဘာရှား အယ် အာဆတ် အစိုးရကို လက်နက်ကိုင်ဆန့်ကျင် တိုက်ခိုက် နေကြတဲ့အခါ အယ် ဘက်ဂ်ဒါဒီက သူ့ကို အဲဒီနိုင်ငံကို သွားဖို့ စီစဉ် ပေးခဲ့ကာ အိုင်အက်စ် အဖွဲ့ခွဲတခု စတင်ထူထောင်ဖို့ လုပ်ခဲ့တယ်လို့ အယ် ဂျိုလန်နီက သတင်း မီဒီယာတွေကို ပြောခဲ့ပါတယ်။

အိုင်အက်စ်နဲ့ ပူးပေါင်းချိတ်ဆက်ထားတဲ့ နပ်စ်စရာ တပ်ဦး (Nusra Front သို့မဟုတ် Jabhat al-Nusra) လက်နက်ကိုင်အဖွဲ့မှာ အယ် ဂျိုလန်နီက တပ်မှူးတယောက် ဖြစ်လာခဲ့ပါတယ်။ အဲဒီအဖွဲ့ဟာ စစ်မြေပြင်မှာ အောင်ပွဲတွေ အများကြီးရခဲ့ပါတယ်။

၂၀၁၃ မှာ အယ် ဂျိုလန်နီဟာ နပ်စ်စရာ တပ်ဦးကို အိုင်အက်စ်နဲ့ ချိတ်ဆက် မထားတော့ဘဲ အဆက်ဖြတ်လိုက်ကာ အဲဒီအဖွဲ့ကို အယ်လ်ကိုင်းဒါးရဲ့ ထိန်းချုပ်မှု အောက်ကို ပြောင်းထားခဲ့ပါတယ်။

ဒါပေမဲ့ ၂၀၁၆ မှာတော့ သူဟာ အယ်လ်ကိုင်းဒါးနဲ့လည်း လမ်းခွဲလိုက်ပြီလို့ သူအသံသွင်း ထားတဲ့ သတင်းစကားက တဆင့် ကြေညာခဲ့ပါတယ်။

အယ် ဂျိုလန်နီက သူ့ တပ်ဖွဲ့ဝင်တွေဟာ ဆီးရီးယားက တခြား သူပုန်အဖွဲ့တွေနဲ့ ပေါင်းလိုက်ပြီး ဟာရက် တီဟာ အရှမ် (Hayat Tahrir al-Sham - HTS) ကို ဖွဲ့စည်းလိုက်ပြီလို့ ၂၀၁၇ မှာ ကြေညာခဲ့ကာ သူက အဖွဲ့ရဲ့ ခေါင်းဆောင် ဖြစ်လာ ပါတယ်။

အယ် ဂျိုလန်နီက ဘယ်လို ခေါင်းဆောင်ပါလဲ

အယ် ဂျိုလန်နီရဲ့ ဦးဆောင်မှုအောက်မှာ HTS ဟာ ဆီးရီးယား နိုင်ငံ အနောက် မြောက်ဘက်က အစ်လစ်ဘ် မြို့နဲ့ အနီးတဝိုက်ဒေသမှာ အဓိက သူပုန်အဖွဲ့ ဖြစ်လာခဲ့ပါတယ်။

ဆီးရီးယား စစ်မဖြစ်ခင်တုန်းက အဲဒီမြို့ဟာ လူဦးရေ ၂. ၇ သန်းရှိခဲ့ပြီး နောက်ပိုင်းမှာ အိုးအိမ်စွန့်ခွာထွက်ပြေးလာရသူတွေ ဝင်ရောက်လာတာကြောင့် လူဦးရေက ၄ သန်း အထိ ဖြစ်လာတယ်လို့ ခန့်မှန်းကြပါတယ်။

အစ်လစ်ဘ် ပြည်နယ်မှာ ကျန်းမာရေး၊ ပညာရေးနဲ့ လုံခြုံရေးတွေ ဆောင်ရွက်ပေးတဲ့ ဒေသအစိုးရ - ကယ်တင်ရေး အစိုးရ ကို HTS က ထိန်းချုပ်ကိုင်တွယ်ပါတယ်။

အယ်ခိုင်းဒါးရဲ့ ကမ္ဘာလုံးဆိုင်ရာ ဂျီဟတ်ဝါဒ သေနင်္ဂဗျူဟာကို သူ မလိုက်နာ တော့ဘူးလို့ အယ် ဂျိုလန်နီက ၂၀၂၁ ခုနှစ်မှာ ပီဘီအက်စ် သတင်းဌာနကို ပြောခဲ့ပါတယ်။ သူ့ရဲ့ ရည်ရွယ်ချက်က ဆီးရီးယား သမ္မတ အယ် အာဆတ်ကို ဖယ်ရှားဖို့ ဖြစ်တယ်လို့ သူက ဆိုပါတယ်။ အာဆတ်ကို ဖြုတ်ချရေး ရည်ရွယ်ချက်ကို အမေရိကန်နဲ့ အနောက်အုပ်စုတို့ကလည်း စွဲကိုင်ထားတာပါလို့လည်း သူက ပြောပါတယ်။

“ဒီဒေသဟာ ဥရောပနဲ့ အမေရိကန်ရဲ့ လုံခြုံရေးကို ခြိမ်းခြောက်မယ့်နေရာ မဟုတ်ဘူး“ လို့လည်း အယ် ဂျိုလန်နီက ပြောပါတယ်။

“ဒီဒေသဟာ နိုင်ငံခြားကို ဂျီဟတ်ဝါဒီတွေ ပို့လွှတ်မယ့် နေရာမဟုတ်ဘူး။“

၂၀၂၀ မှာ HTS အဖွဲ့ဟာ အစ်လစ်ဘ်မှာ အခြေစိုက်တဲ့ အယ်လ်ကိုင်းဒါးစခန်းတွေကို ပိတ်ပစ်ခဲ့ပြီး လက်နက်တွေ သိမ်းကာ အယ်လ်ကိုင်းဒါးခေါင်းဆောင်တချို့ကို အကျဉ်းချခဲ့ပါတယ်။ အစ်လစ်ဘ်က အိုက်အက်စ် လှုပ်ရှားမှုတွေကိုလည်း ဒီအဖွဲ့က နှိမ်နင်းခဲ့ပါတယ်။

HTS က သူတို့ ထိန်းချုပ်ရာနယ်မြေတွေမှာ အစ္စလာမ်မစ် ဥပဒေတွေကို ကျင့်သုံးပါတယ်၊ ဒါပေမဲ့ ဂျီဟတ်အဖွဲ့တွေလောက် သူတို့က မတင်းကျပ်ပါဘူး။

သူတို့က ခရစ်ယာန်တွေ၊ မွတ်စလင်မဟုတ်သူတွေနဲ့လည်း အများရှေ့မှာ ထိတွေ့ ဆက်ဆံတာတွေ လုပ်ပါတယ်။ ဂျီဟတ်အဖွဲ့တွေက သူတို့အဖွဲ့ကို သိပ်ကို လျော့ရိ လျော့ရဲလုပ်တဲ့ အဖွဲ့လို့ ဝေဖန်ပါတယ်။

လူ့အခွင့်အရေးအဖွဲ့တွေကလည်း HTS ဟာ လူထုဆန္ဒပြပွဲတွေကို နှိပ်ကွပ်တဲ့အဖွဲ့၊ လူ့အခွင့်အရေး ချိုးဖောက်တဲ့ အဖွဲ့လို့ စွပ်စွဲထားပါတယ်။ အယ် ဂျိုလန်နီကတော့ အဲဒီ စွပ်စွဲမှုတွေကို ငြင်းပယ်ထားပါတယ်။

အနောက်နိုင်ငံတွေအတော်များများ၊ အရှေ့အလယ်ပိုင်းက နိုင်ငံတွေအတော် များများနဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီတို့ က HTS ကို အကြမ်းဖက်အဖွဲ့အစည်း (terrorist organisation) လို့ သတ်မှတ်ထားပါတယ်။

အယ်လ်ကိုင်းဒါးနဲ့ ဆက်နွှယ်မှု ရှိခဲ့တာကြောင့် အယ် ဂျိုလန်နီကို အမေရိကန် အစိုးရက သူ့ကို ဖမ်းမိနိုင်ဖို့ သတင်းပေးတဲ့သူကို ဒေါ်လာ ၁၀ သန်း ဆုကြေးပေးမယ်လို့ ကမ်းလှမ်းထားပါတယ်။