ဘီဘီစီကို အိမ်တိုင်းက ဖွင့်တာ နားဆင်နိုင်တယ်

burma
ဓာတ်ပုံ ပုံစာ, ဟိုတုန်းက ဘီဘီစီ
    • ရေးသားသူ, ဘိုဘို
    • ရာထူးတာဝန်, ဘီဘီစီမြန်မာပိုင်း

ဘီဘီစီမြန်မာပိုင်း အစီအစဉ်ကို ဒုတိယကမ္ဘာစစ်ခိုးစစ်ငွေ့တွေကြားမှာ ထူထောင်ခဲ့ပြီးနောက် ကမ္ဘာစစ်ပြီးခေတ် ရန်ကုန်မှာ အသစ်ထူထောင်ခဲ့တဲ့ ဗမာ့အသံနဲ့ အပြိုင် အသံလွှင့်ဌာနကြီးတခု ဖြစ်လာပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းတို့ လွတ်လပ်ရေးအတွက် အရေးဆိုဖို့ လန်ဒန်လာစဉ်ကလည်း ဘီဘီစီက လေဆိပ်ထိ ဆင်းပြီး ဗိုလ်ချုပ်ကို ဗမာလူထုပရိသတ်အတွက် နှုတ်ဆက်စကားပြောဖို့ ပန်ကြားကာ အသံသွင်းယူခဲ့ပြီး ထုတ်လွှင့်ပေးခဲ့ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းတို့ကျဆုံးပြီးနောက် လွတ်လပ်ရေးအပြီးသတ်ယူဖို့အတွက် စာချုပ်ချုပ်ဖို့ လန်ဒန်ကို သခင်နုတို့ ရောက်လာချိန်မှာတော့ ဘီဘီစီက ဦးသောင်းတင်တို့ ကားနဲ့ သတင်းလာယူကြောင်း ကိုယ်စားလှယ်အဖွဲ့နဲ့ ပါလာတဲ့ သတင်းစာဆရာကြီး ဦးထွန်းဖေက ကမ္ဘာတခွင် ရောက်ခဲ့စဉ်က စာအုပ်မှာ ဖော်ပြပါတယ်။

BBC
ဓာတ်ပုံ ပုံစာ, ဦးတင်မောင်၊ ဒဂုံပဦးဘတင်၊ စိန်အောင်မင်းနဲ့ ရွှေမန်းတင်မောင်

ခေါင်းလိမ်းဆီကြော်ငြာအသံရှင်

စစ်ကြီးပြီးနောက် ဒေါက်တာလှဘေက လန်ဒန်တက္ကသိုလ်မှာ ကထိကလုပ်ဖို့၊ ဦးခင်ဇော်က ဗမာ့အသံကို တည်ထောင်အုပ်ချုပ်ဖို့ ဘီဘီစီက ထွက်ခွာသွားကြပြီးနောက် လူသစ်တွေ ရောက်လာပါတယ်။ မြန်မာပြည် ပြန်ကြားရေး ဌာနက အရာရှိတွေကို လန်ဒန်ပို့ပြီး ဘီဘီစီမှာ ထမ်းဆောင်စေတဲ့အလေ့ကလည်း ၁၉၇ဝ လောက်ထိ ရှိခဲ့ပါတယ်။ မြန်မာ့အသံက ဝန်ထမ်းတွေကို ဘီဘီစီပို့ပြီး ရေဒီယိုနဲ့ ရုပ်သံဆိုင်ရာ သင်တန်းတွေကို တက်စေခဲ့ကြောင်း မြန်မာ့အသံကျော်ဦးရဲ့ အင်္ဂလန်ပြည်ရောက် ပညာတော်သင်ဘဝနေ့စဉ်မှတ်တမ်းမှာ ပါရှိပါတယ်။

စစ်ပြီးခေတ် ဘီဘီစီမှာ အသံလွှင့်သူတွေထဲမှာ စစ်အတွင်း လန်ဒန်ကို ရောက်လာပြီး ၁၉၄၆ ကနေ ၂၂ နှစ်ကြာ ဘီဘီစီမှာ အမှုထမ်းခဲ့သူ ဦးတင်မောင်လည်း ပါပါတယ်။ စစ်ကိုင်းသား ဦးတင်မောင်ဟာ ယုဒသန်ကောလိပ်မှာ ပါဠိနဲ့ မြန်မာစာပေ ကထိကလုပ်နေရာက လန်ဒန်ရောက်လာပြီး ဘီဘီစီအသံလွှင့်သူ အဖြစ် ဆယ်စုနှစ်တွေနဲ့ချီ ထမ်းဆောင်ခဲ့ပါတယ်။ ဦးတင်မောင်ဟာ မှတ်ဉာဏ်အလွန်ကောင်းပြီး ခေတ်ဟောင်း လူမှုအကြောင်းအရာတွေကို ခုနှစ်နဲ့တကွ ပြောနိုင်တယ်လို့ နေဝင်း (လန်ဒန်) ရဲ့ ဘဝမှတ်တမ်း မှာ ပါရှိပါတယ်။ စစ်ပြီးခေတ် မြန်မာပြည်ကိုလာတဲ့ ဗြိတိသျှသတင်းကားတွေမှာ နောက်ခံ မြန်မာစကားပြောသူအဖြစ် ဦးတင်မောင်ရဲ့အသံကို ကြားရသလို ဘရိုင်းလ်ခရင်းမ် ခေါင်းလိမ်းဆီကြော်ငြာကိုလည်း သူ့အသံနဲ့ ကြော်ငြာခဲ့တယ်လို့ မြန်မာ့အသံဦးကျော်ဦးက ရေးပါတယ်။

BBC

ဓာတ်ပုံ ရင်းမြစ်, Carolynne Skinner

ဓာတ်ပုံ ပုံစာ, ဘီဘီစီဦးတင်မောင်နဲ့ တင့်တယ်

နောက်ထင်ရှားသူတယောက်ကတော့ စာရေးဆရာတင့်တယ် ဖြစ်ပါတယ်။ ပြန်ကြားရေးဌာနဝန်ထမ်း ဦးဝင်းစိန်ဘဝနဲ့ လာခဲ့တဲ့ တင့်တယ်ဟာ ဂျုံးနီဒေါက်တာဂျင်းနင်း စတဲ့ လန်ဒန်နောက်ခံ ဝတ္ထုအများအပြား ရေးခဲ့ပြီး တင့်တယ်ရဲ့ တင့်တယ် ကိုယ်ရေးအတ္ထုပ္ပတ္တိမှာလည်း ဘီဘီစီအသံလွှင့်အတွေ့အကြုံတွေနဲ့ လန်ဒန်ဘဝကို ရေးဖွဲ့ပြခဲ့ပါတယ်။

ဘီဘီစီဦးတက်ထွဋ်လို့ ထင်ရှားသူကတော့ ကမ္ဘာစစ်မဖြစ်ခင်က မြန်မာဘာသာကို တရုတ်ဘက်က လှည့်လေ့လာဖို့ လန်ဒန်တက္ကသိုလ်ကို ပို့ထားသူဖြစ်ပါတယ်။ စစ်ပြီးခေတ် လန်ဒန်ကို ရောက်လာကြတဲ့ စစ်ဘက် အရပ်ဘက် ပညာတော်သင်တွေကို ဗြိတိန်အတွေ့အကြုံတွေကို မေးမြန်းတဲ့ အစီအစဉ်ကို ဦးတက်ထွဋ်က လုပ်ခဲ့ကြောင်း ဒေါက်တာသန်းထွန်းက ငါပြောချင်သမျှငါ့အကြောင်း စာအုပ်မှာ ရေးပါတယ်။ ရာသီဥတုကလည်းဆိုး၊ အစားကလည်းညံ့တယ်လို့ ဒေါက်တာသန်းထွန်းက ဖြေလို့ ဦးတက်ထွဋ်က ပြေရာပြေကြောင်းပြောနေရတာနဲ့ အချိန် ငါးမိနစ်စေ့သွားတယ်လို့ ဆိုပါတယ်။ အစီအစဉ်မှာ ဝင်ဖြေသူတွေကို ငါးဂီနီ (ငါးပေါင် ငါးရှီလင် ) ပေးတယ်လို့လည်း သိရပါတယ်။

BBC

ဓာတ်ပုံ ရင်းမြစ်, Carolynne Skinner

ဓာတ်ပုံ ပုံစာ, ဘီဘီစီရဲ့ ငွေဗျိုင်းဖြူ ဒေါ်လေး ဒေါ်လှလှဝင်း

ငွေဗျိုင်းဖြူနဲ့ ပြဇာတ်မင်းသမီး

 ဘီဘီစီမြန်မာပိုင်းမှာ အမျိုးသားအသံလွှင့်သူတွေကိုသာ ခန့်ထားခဲ့ရာက ၁၉၆ဝ ဝန်းကျင်မှာ အမျိုးသမီးတွေကို စတင်ခန့်ထားခဲ့ပါတယ်။ အစောဆုံးခန့်ထားသူတယောက်က စာရေးဆရာမ ကြည်အေး ဖြစ်ပါတယ်။ ကြည်အေးဟာ ငွေဗျိုင်းဖြူကဏ္ဍ ကို ပထမဆုံး စတင်ထုတ်လွှင့်သူဖြစ်ပြီး ငွေဗျိုင်းဖြူအသင်းဥက္ကဋ္ဌအဖြစ် မြန်မာသံအမတ်ကြီးကတော်နဲ့ နာယကအဖြစ် ဗြိတိသျှရေတပ်ဦးစီးချုပ် လော့မောင့်ဘက်တန်တို့ ပါဝင်ခဲ့ကြပါတယ်။

ဒေါ်ကြည်ကြည် ခေါ် ကြည်အေးပြန်သွားပြီးနောက် ငွေဗျိုင်းဖြူဒေါ်ဒေါ်လေးအဖြစ် ဒေါ်လှလှဝင်း တာဝန်ယူခဲ့ပါတယ်။ ငွေဗျိုင်းဖြူကို သားသမီးလို မွေးခဲ့ရတယ်လို့ ဒေါ်လှလှဝင်းက ဘီဘီစီမြန်မာပိုင်း နှစ် ၅ဝ ပြည့်ချိန် ၁၉၉ဝ မှာ ပြန်ပြောင်း ပြောပြခဲ့ပါတယ်။ ငွေဗျိုင်းဖြူဒေါ်ဒေါ်လေးဟာ ဘီဘီစီရဲ့ အမှတ်အသားလို ဖြစ်လာခဲ့တယ်လို့ ဆိုပါတယ်။ နောက်ပိုင်းမှ ဒေါ်ခင်မြဆွေ၊ ဒေါ်ကြည်ကြည်မေတို့ တာဝန်ယူထုတ်လွှင့်ခဲ့ပြီး မြန်မာကလေးတွေအတွက် ကမ္ဘာတလွှားက ဗဟုသုတရစရာ အကြောင်းအရာတွေကို ပေါ့ပေါ့ပါးပါးနဲ့ နားထောင်ချင်စဖွယ် တင်ဆက်ပေးခဲ့ပါတယ်။

BBC
ဓာတ်ပုံ ပုံစာ, ဘီဘီစီရဲ့ အမျိုးသမီးတင်ဆက်သူများ
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

၁၉၆ဝ၊ ၇ဝ နဲ့ ၈ဝ ပြည့်လွန်နှစ်တွေမှာတော့ ဒေါ်မြမြမြိုင်၊ ဒေါ်မြမြဝင်း၊ ဒေါက်တာခင်လှသီ၊ ဒေါ်တင်တင်စန်း၊ ဒေါ်တင်ထားဆွေ စတဲ့ အမျိုးသမီးတင်ဆက်သူတွေ ဘီဘီစီမှာ ရှိလာပါတယ်။ အမျိုးသမီးကဏ္ဍကို စတင်တင်ဆက်တဲ့ ဒေါ်ခင်မြဆွေဟာ ဘီဘီစီမှာ အမှုထမ်းဖို့ ၁၉၇၇ မှာ ရောက်ရှိလာပြီး မြန်မာလို ဝတ်ဆင်ရုံးတက်ခဲ့တယ်လို့ ကျွန်မဘဝအမှတ်တရလေးများ စာအုပ်မှာ ခင်မြဆွေညို (လန်ဒန်) ခေါ် ဒေါ်ခင်မြဆွေက ပြန်ပြောင်းရေးခဲ့ပါတယ်။ ဒေါ်ခင်မြဆွေ လန်ဒန်လာဖို့ လေယာဉ်ပေါ် ရောက်ပြီးမှ သူ့ခင်ပွန်းရဲ့ အစ်ကိုက ပြည်ပြေး ဆရာဝန်ဆိုပြီး ပြန်ကြားရေးဝန်ကြီးထိ ဖုန်းဆက် အတိုင်ခံရလို့ ပြန်ရှင်းခဲ့ရပါတယ်။ ပြေလည်သွားမှ နောက်လေယာဉ်နဲ့ လိုက်ပြီး လန်ဒန် လာခဲ့ရပါတယ်။

အဲဒီခေတ်ဘီဘီစီမှာ အမှုထမ်းသူမြန်မာတွေက အမျိုးသားတွေချည်းဖြစ်လို့ သတိလစ်ပြီး မဆင်မခြင် ပြောဆိုတာနဲ့ ကြုံရင် ကဲ ကဲ အစ်ကိုကြီးတို့ရေ ၊ ဒီအခန်းထဲမှာ ကျွန်မဆိုတဲ့ အမျိုးသမီးလေး တယောက် ရှိနေသေးတယ်ဆိုတာ သတိ ထားကြပါအုံးရှင် ဆိုပြီး ဒေါ်ခင်မြဆွေက သတိပေးရတယ်လို့လည်း ဆိုပါတယ်။ တဦးတည်းသောအမျိုးသမီးဖြစ်တဲ့အတွက် အဲဒီခေတ်က ဘီဘီစီရဲ့ အသံလွှင့်ပြဇာတ်တွေမှာ ဒေါ်ခင်မြဆွေ ပင်တိုင်မင်းသမီးဖြစ်ခဲ့ပါတယ်။ ပြဇာတ်တခုမှာ အင်္ဂလိပ်စာရေးဆရာကြီး သောမတ်ဟာဒီရဲ့ ဝတ္ထုကို မြန်မာလိုတင်ဆက်တာဖြစ်လို့ အင်္ဂလိပ်ခေတ်ဟောင်းပုံစံအတိုင်း ဝတ်ဆင်ပြီး ဒေါ်ခင်မြဆွေနဲ့ ဦးနေဝင်းတို့ ရစ်ချမွန်ပန်းခြံထဲမှာ ဓာတ်ပုံရိုက်ကာ ဘီဘီစီပို့စကတ်ထုတ်ခဲ့ပါတယ်။

၁၉၈၁ မှာ ဘီဘီစီရန်ပုံငွေ ဖြတ်တောက်မှုတွေကြောင့် မြန်မာဌာနကို ပိတ်သိမ်းဖို့ စဉ်းစားချိန်မှာ ဒေါ်ခင်မြဆွေရဲ့ ပရိသတ် ငွေဗျိုင်းဖြူကလေးတယောက်က သူတို့မုန့်မစားဘဲ တလ ငွေတဆယ် မုန့်ဖိုးစုကာ ဘီဘီစီအတွက် ပို့ပေးပါ့မယ်။ မြန်မာပိုင်းအစီအစဉ်ကို ဆက်လွှင့်ဖို့ ဝန်ကြီးချုပ် မာဂရက်သက်ချာကို ပြောပြပေးပါ ဒေါ်လေးရေ ဆိုတဲ့ စာလေးက ဘီဘီစီလူကြီးပိုင်းရဲ့ စိတ်ကို ဆွဲဆောင်သွားစေတယ်လို့ ဆိုပါတယ်။

BBC
ဓာတ်ပုံ ပုံစာ, ဒိုင်နိုဆောပြပွဲရောက် ဘီဘီစီဝိုင်းတော်သားများ

အဲဒီခေတ် ဘီဘီစီက မြန်မာအမျိုးသမီးတွေဟာ အမျိုးသမီးနဲ့ ကလေးကဏ္ဍတွေသာမကဘဲ သိပ္ပံပညာ၊ စီးပွားရေးကဏ္ဍတွေကိုလည်း တာဝန်ယူ တင်ဆက်ခဲ့ကြပါတယ်။ ဒီအမျိုးသမီးတင်ဆက်သူတွေထဲက နှစ်ယောက်ဟာလည်း နောက်ပိုင်းမှာ ဘီဘီစီမြန်မာပိုင်းရဲ့ ဌာနမှူးတာဝန်တွေယူခဲ့ကြပါတယ်။

BBC
ဓာတ်ပုံ ပုံစာ, ဘီဘီစီဦးဖေသန်းနဲ့ ဦးနေဝင်း

မေးပါများ စကားရနဲ့ ဗဟုသုတဟင်းလေးအိုး

၁၉၆ဝ ၊ ၁၉၇ဝ နဲ့ ၁၉၈ဝ ပြည့်လွန်နှစ်တွေမှာ ဘီဘီစီမြန်မာပိုင်းရဲ့ အာရှရေးရာ ရှုဒေါင့်ပဒေသာ၊ ရှာဖွေလေ တွေ့ရှိလေ၊ ကျွန်းသာယာမှ တေးကဗျာ၊ သာယာမြူးကြွ ချိုတေးကဏ္ဍ၊ သိပ္ပံမဂ္ဂဇင်း၊ အားကစားကဏ္ဍ၊ ကျေးတမာနှင့်ပေဖူးလွှာ၊ ပိုင်းခြားစိတ်ဖြာသုံးသပ်ရာ ၊ ဥစ္စာဓနရှာဖွေကြ၊ မိနစ်တိုင်းဝယ် စကားဖလှယ်၊ ကမ္ဘာ့တခွင်နှင့် မြန်မာ့အမြင် စတဲ့ ကဏ္ဍတွေ ထင်ရှား လူကြိုက်များခဲ့ပါတယ်။ သတင်းနဲ့ သတင်းဆောင်းပါးတွေသာမက သောတရှင်တွေနဲ့ ရင်းနှီးကျွမ်းဝင်စေဖို့၊ သောတရှင်တွေကို ဖျော်ဖြေဖို့ ကဏ္ဍတွေ တိုးချဲ့ ထုတ်လွှင့်ခဲ့တာ ဖြစ်ပါတယ်။ မြန်မာ့အသံ၊ ဗီအိုအေနဲ့ ပီကင်း၊ မော်စကို၊ အေအိုင်အာ စတဲ့ ကမ္ဘာ့နေရာစုံက မြန်မာပိုင်း အစီအစဉ်တွေနဲ့အပြိုင် ဘီဘီစီက မြန်မာပိုင်းအစီအစဉ်ကဏ္ဍတွေကို ပရိသတ်အကြိုက်တွေ့ခဲ့ပါတယ်။

ဘီဘီစီရဲ့ အမျိုးသားတင်ဆက်သူတွေထဲမှာ ဦးနေဝင်း၊ ဦးဖေသန်း၊ ဦးအောင်မြင့်ထွန်း၊ ဦးအောင်ခင်၊ ဦးမောင်မောင်ဟိန် စတဲ့သူတွေ ထင်ရှားပါတယ်။ ဦးလေးကြီး ဦးဖေသန်းလို့ လူသိများတဲ့ ဦးဖေသန်းကို မေးပါများ စကားရ ကဏ္ဍနဲ့ တွဲပြီး လူသိများပါတယ်။ သောတရှင်များနဲ့ တူ တူမလေးတို့ ရေလိုအေးပြီး ပန်းလိုလန်းကြပါစေလို့ နှုတ်ခွန်းဆက်ရင်း ဒီတပတ် မေးပါများ စကားရ စကားဝိုင်းကို စလိုက်ကြစို့ရဲ့ အစချီပြီး နောက်တပတ် ဒီနေ့ ဒီအချိန်မှာ ပြန်လည် ဆုံတွေ့ကြမယ်လေ၊ ပျော်ပျော်ပါးပါးပေါ့ ဆိုတဲ့ သူ့ရဲ့ အဆုံးသတ် စကားထိ လူတိုင်းပါးစပ်ဖျားမှာ ပြောစမှတ်တွင်ကျန်ခဲ့ပါတယ်။ အင်တာနက် မပေါ်ခင်က မြန်မာပရိသတ်တွေအတွက် ဦးဖေသန်းရဲ့ ဗဟုသုတ စုဆောင်းဖလှယ်ခဲ့တဲ့ စေတနာနဲ့ ဇွဲကလည်း သူမရှိတဲ့နောက် ကနေ့ထက်တိုင် သူ့ကဏ္ဍကို တဖွဖွမေးကြတဲ့ထိ ထင်ဟပ်နေဆဲ ဖြစ်ပါတယ်။

BBC
ဓာတ်ပုံ ပုံစာ, ဘီဘီစီဦးနေဝင်းနဲ့ ဒေါ်တင်တင်စန်းတို့ရဲ့ တမာရွှေကျေး

ဘီဘီစီဦးနေဝင်းကတော့ ဘီဘီစီမှာ နှစ်ကြိမ်လာရောက်အမှုထမ်းပြီး ဒီအတောအတွင်း ဇာတိမြင်းခြံမြို့မှာ ရှေ့နေပြန်လိုက်နေခဲ့ပါတယ်။ ကိုယ်တိုင် သီချင်းရေးစပ်နိုင်ပြီး ဆိုင်းနဲ့ ဇာတ်သဘင်၊ ဆေးမြီးတို၊ သာသနာရေး စတဲ့ဘက်တွေမှာ ဝါသနာထုံတဲ့ ဦးနေဝင်းအတွက် ဘီဘီစီက သော်ကနဲ့ ပေါ်စ လက်ဖက်ရည်ကြမ်းဝိုင်း၊ ဆရာတော်ဘုရားကြီးများနှင့် တွေ့ဆုံမေးမြန်းလျှောက်ထားခြင်း၊ ဗဟုသုတဟင်းလေးအိုး၊ သမားတော်ဇီဝက၊ ဆေးမြီးတိုကဏ္ဍတွေဟာ သူ့ရဲ့ လက်စွမ်းပြကွက်တွေ ဖြစ်ခဲ့ပါတယ်။ ဒီထဲက ဆရာတော်များနဲ့ တွေ့ဆုံခန်းနဲ့ မြန်မာ့ဆေးမြီးတိုများအကြောင်းကဏ္ဍတွေကို စာအုပ်အဖြစ် ပြည်တွင်းမှာ ရိုက်နှိပ်ပြီး အောင်မြင်မှု ရခဲ့ပါတယ်။ ဦးနေဝင်းဟာ ၁၉၈၁ က ဘီဘီစီမြန်မာပိုင်းကို ပိတ်သိမ်းဖို့ အထက်က စဉ်းစားချိန်က အင်္ဂလိပ်လူမျိုး ဌာနမှူးနဲ့အတူ ဗြိတိသျှပါလီမန်အမတ်တွေနဲ့တွေ့ပြီး မဖျက်ဖို့ ရှင်းပြခဲ့ရသူလည်း ဖြစ်ပါတယ်။ အဲဒီခေတ်က မြန်မာပြည်မှာ ဘီဘီစီကို လူကြိုက်များလို့ လမ်းသွားရင်း ရေဒီယို ကိုင်စရာမလိုဘဲ ဘီဘီစီကို အိမ်တိုင်းက ဖွင့်တာကို နားဆင်နိုင်တယ်လို့ ဦးနေဝင်းက အမှတ်တရ ရေးသားခဲ့ပါတယ်။

BBC
ဓာတ်ပုံ ပုံစာ, ၁၉၇၁ က ဘီဘီစီစတူဒီယိုမှာ မြန်မာဆိုင်းဝိုင်းကြီးကို မှတ်တမ်းတင်ရိုက်ကူး

တောရောမြို့ပါ ကြိုက်တဲ့ မြန်မာဆန်သူ

၁၉၇ဝ ကျော်က ဘီဘီစီမြန်မာပိုင်းရဲ့ အဖွင့်သီချင်းဟာ အဆိုတော်ကြီး ဒေါ်မေစီရဲ့ ရွှေကြာပန်း သီချင်းဖြစ်ပြီး ရွှေကြာပန်းလို လန်း လန်းပါစေ၊ သောတရှင် မိတ်ပေါင်းသဟာဆွေ မြို့မိမြို့ဖတွေ လို့ အစချီပါတယ်။ ဘီဘီစီပို့တဲ့မေတ္တာကို သောတရှင်တွေကလည်း အားပေးတုံ့ပြန်ကြတဲ့အတွက် ကျေးလက်က လယ်သမားကြီးတွေ ရန်ကုန်လာလို့ ဓာတ်ခဲနဲ့ဖွင့်တဲ့ ထရန်စစ္စတာ ရေဒီယိုဝယ်ချိန်မှာ ဘီဘီစီဖွင့်လို့ရလားလို့ အမြဲမေးလေ့ရှိပြီး သေချာမှ ဝယ်တတ်ကြတယ်လို့ ဆိုစမှတ် ရှိခဲ့ပါတယ်။

နောက် အဲဒီခေတ်က ဘီဘီစီဟာ မြန်မာ ပြန်ကြားရေးဝန်ကြီးဌာနက ရွေးပေးတဲ့ ဝန်ထမ်းတွေကို အိန္ဒိယ၊ ဆိုဗီယက်၊ ဂျပန် စတဲ့ အဲဒီခေတ်က မြန်မာအစိုးရနဲ့ ဆက်ဆံရေးကောင်းတဲ့ နိုင်ငံတွေက သတင်းဌာနတွေလိုပဲ ခေါ်ယူရွေးချယ်ခဲ့ပါတယ်။ ၁၉၈၈ နောက်ပိုင်းမှာတော့ နဝတစစ်အစိုးရရဲ့ ပစ်မှတ်ထားခံရတဲ့ ဘီဘီစီဟာ လူထုကြားမှာ အရင်ကထက် ပိုသြဇာကြီးလာပြီး ဘီဘီစီဝန်ထမ်းတွေရဲ့ အမည်တွေကို အစိုးရသတင်းစာရှင်းလင်းပွဲတွေမှာ ထည့်သွင်းပြောဆိုတဲ့ထိ ဖြစ်ခဲ့ပါတယ်။ ဒီအရင် ၁၉၇ဝ ကတော့ ဘီဘီစီမှာ အမှုထမ်းနေတဲ့ ဦးထွေးမြင့် ထိုင်းနယ်စပ်ကို သွားပြီး ဦးနုရဲ့ ပြည်ချစ်လူငယ်တပ်ပေါင်းစုအသံလွှင့်ရုံမှာ လုပ်ခဲ့ဖူးပါတယ်။ အဲဒီကနေ ပြည်တွင်းပြန်အဝင်မှာ မိပြီး သေဒဏ်ကျခဲ့ကာ ၁၉၈ဝ မှ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်ခဲ့ပါတယ်။

BBC

ဓာတ်ပုံ ရင်းမြစ်, Carolynne Skinner

ဓာတ်ပုံ ပုံစာ, ၅ဝ က ဘီဘီစီတင်ဆက်သူများ

တခြားဘက်မှာတော့ တခြားပြည်ပအသံလွှင့်ရုံတချို့မှာလိုပဲ ဘီဘီစီမြန်မာပိုင်းရဲ့ ၁၉၅ဝ ကနေ ၁၉၈ဝ ပြည့်လွန်နှစ်တွေမှာ ခေါ်ယူခန့်ထားခဲ့တဲ့ ဝန်ထမ်းအများစုဟာ မြန်မာလူမျိုးတွေသာ ဖြစ်ကြပြီး ဗုဒ္ဓဘာသာဝင်တွေ အများစု ဖြစ်ပါတယ်။ ဒါကြောင့် ဘီဘီစီရဲ့ အဲဒီခေတ်က တင်ဆက်မှုတွေမှာ မြန်မာလူမျိုးတွေအကြိုက် မြန်မာယဉ်ကျေးမှုနဲ့ အနုပညာအကြောင်းတွေကို ဦးစားပေးတင်ပြတာကို တွေ့ရပါတယ်။ ဆရာတော်ကြီးများနဲ့ တွေ့ဆုံခန်းကို တင်ဆက်နိုင်ပေမဲ့ တခြားဘာသာရေးခေါင်းဆောင်တွေနဲ့ မေးမြန်းခန်းတွေကို တင်ဆက်တာက ထင်ထင်ရှားရှားမရှိခဲ့ပါဘူး။

နောက်ပြီး ဘီဘီစီက ဗြိတိသျှဘုရင်မအကြောင်း တင်ဆက်ရာမှာ စက်တော်ခေါ်သည်၊ ပွဲတော်တည်သည် ဆိုတဲ့ ရှေးမြန်မာနန်းသုံးဝေါဟာရတွေကို သုံးစွဲလို့ နားကလောမိတယ်လို့ ရွှေဥဒေါင်းရဲ့ တသက်တာမှတ်တမ်းနှင့် အတွေးအခေါ်များမှာ ပါရှိပါတယ်။ ဒါကြောင့် ဘီဘီစီဟာ မြန်မာပြည်အပြင်ဘက်မှာ ရောက်နေပေမယ့် မြန်မာရှေးရိုးစွဲယဉ်ကျေးမှုဘက် ယိမ်းတဲ့အသွင် ပေါက်ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ ဒီလို ဖြစ်တာကလည်း မြန်မာပြည်မှာ လွတ်လပ်စနိုင်ငံတွေရဲ့ ထုံးစံ ယဉ်ကျေးမှု ပြန်လည်ထိန်းသိမ်းရေးကို အားသန်ကြတဲ့အတွက် ဒီဂယက်က နိုင်ငံပြင်က မြန်မာဘာသာသုံး အသံလွှင့်ရုံတွေထိ ရောက်တာ ဖြစ်ပါတယ်။ နောက်ပြီး မြန်မာပြည်ကို ကျွန်ပြုခဲ့တဲ့ နိုင်ငံက အသံလွှင့်ရုံအနေနဲ့ အနောက်တိုင်းယဉ်ကျေးမှုဘက်ကို တိမ်းညွတ်တယ်လို့ စွပ်စွဲမခံရအောင် သတိကပ်တဲ့အနေလည်း ဖြစ်ပါတယ်။