အယ်နီညိုနဲ့ လာနီညာတို့က ကမ္ဘာ့ရာသီဥတုကို ဘယ်လိုပြောင်းလဲနိုင်သလဲ

weather

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, လာနီညာကြောင့် ၂၀၂၂ အောက်တိုဘာလမှာ သြစတြေးလျနိုင်ငံအတွင်း စံချိန်တင် မိုးရွာသွန်းမှုတွေ ဖြစ်ပေါ်ခဲ့ပြီး ရေကြီး ရေလျှံမှုတွေ ဖြစ်ခဲ့

မှတ်တမ်းတင်ခဲ့သမျှထဲမှာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်ဟာ ဥရောပအတွက် ပဉ္စမမြောက် အပူဆုံးနွေရာသီဖြစ်တယ်လို့ ဆိုကြပါတယ်။

ဒါပေမယ့် ၂၀၂၃ ခုနှစ်ဟာ ဒီထက် ပူဦးမယ်လို့ သိပ္ပံပညာရှင်တွေက သတိပေးနေကြပြီး အကြောင်းရင်းကတော့ လာနီညာလို့ခေါ်တဲ့ ကမ္ဘာ့အပူချိန်ကို မတက်အောင် ထိန်းထားပေးနေတဲ့ ဖြစ်စဉ်က ရပ်ဆိုင်းသွားတော့မှာကြောင့် ဖြစ်ပါတယ်။

လာနီညာနဲ့ အယ်နီညိုဆိုတာ ဘာလဲ

လာနီညာ ဆိုတာဟာ အယ်နီညို တောင်ပိုင်း ထိန်းညှိရေးစနစ် El Niño Southern Oscillation (ENSO) system ရဲ့ အစိတ်အပိုင်းတခု ဖြစ်ပါတယ်။

အဲဒီ စနစ်အတွင်းမှာ အယ်နီညိုနဲ့ လာနီညာဆိုတဲ့ ဆန့်ကျင်ဘက် ဖြစ်နေတဲ့ အခြေအနေနှစ်ခုရှိပြီး ဒီနှစ်ခုက ကမ္ဘာတဝန်းက မိုးလေဝသ ဖြစ်စဉ်တွေကို သိသိသာသာ ပြောင်းလဲ စေပါတယ်။

ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာတော့ တကမ္ဘာလုံးမှာ လာနီညာ ဖြစ်စဉ်က တောက်လျှောက် နှစ်စဉ် ဆက်တိုက် ဖြစ်နေတာကို တွေ့ခဲ့ရပါတယ်။

အခုလို ဖြစ်စဉ်ကြောင့် ကနေဒါနဲ့ သြစတြေးလျတို့မှာ အပူချိန်ကျပြီး မိုးကြီးလေကြီးတွေ ကျခဲ့တာလည်း တွေ့ခဲ့ရပြီး ဖြစ်ပါတယ်။

လာနီညာဖြစ်စဉ်အရ ပစိဖိတ် သမုဒ္ဒရာအတွင်းမှာ ပူနွေးတဲ့ ပင်လယ်ရေက အနောက်ဘက်ကို ပိုသွားတာကို တွေ့ရပြီး ရေနွေးက အပေါ်ပိုင်းမှာ ရှိကာ ပင်လယ်ရေအေးကတော့ အောက်ပိုင်းမှာ ရှိနေတာကို တွေ့ရပါတယ်။

အခုလို အနောက်ဘက် ပိုသွားတဲ့ ဖြစ်စဉ်အရ ပူနွေးတဲ့ ပင်လယ်ရေက တောင်မြောက် အမေရိကတိုက်ဘက်ကနေ အာရှ ၊သြစတြေးလျဘက် သွားတာကိုလည်း တွေ့ရပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ဒီလို အနေအထားမှာ ပစိတ်ဖိတ် သမုဒ္ဒရာပေါ်က အီကွေတာ မျဉ်းကနေ တိုက်တဲ့လေဟာ တောင်အမေရိကကနေ အာရှဘက်ကို တိုက်ရာမှာ ပုံမှန်ထက် ပိုပြင်းတာကိုလည်း တွေ့ရမှာ ဖြစ်ပါတယ်။

ဒီလို လေတိုက်လမ်းကြောင်းကို ကုန်သွယ်ရေး လေတိုက်လမ်းကြောင်းလို့လည်း ခေါပြီး ဒီ လာနီညာ လေတွေကြောင့် အာရှဘက်မှာ ပူနွေးတဲ့ ရေတွေ စုသွားပြီး ဒီဒေသက ပင်လယ်မျက်နှာပြင်ကိုပါ မြင့်တက်စေခဲ့ပါတယ်။

ဒီလို အနေအထားမှာ အရှေ့ဘက်က တောင်မြောက် အမေရိကတိုက်တွေဘက်မှာ ရေအေးတွေကို စုသွားစေပါတယ်။

အယ်နီညို အခြေအနေမှာတော့ လာနီညာနဲ့ ပြောင်းပြန်ဖြစ်တဲ့အတွက် ကုန်သွယ်ရေးလေတွေက အားနည်းသွားပြီး ရေနွေးတွေက တောင်မြောက် အမေရိကတိုက်ဘက်ကို ရောက်သွားမှာဖြစ်ကာ အဲဒီဘက်မှာ ရေအေးက ပင်လယ်မျက်နှာပြင်ပေါ် တက်လာနိုင်ခြေ နည်းသွားပြန်ပါတယ်။

အခုလို ပြောင်းလဲမှု ဖြစ်စဉ်ကို ပီရူးဒေသက ငါးဖမ်းသမားတွေက ၁၆၀ဝ ပြည့်လွန် နှစ်တွေကတည်းက တွေ့ရှိခဲ့တာလည်း ဖြစ်ပါတယ်။

သူတို့ဟာ ဒီဇင်ဘာလောက်မှာ အမေရိကတိုက်ဘက်တွေအတွင်း ရေနွေးတွေ တက်လာတာကို သတိပြုခဲ့ကြတာဖြစ်တဲ့အတွက် ဒီဖြစ်စဉ်ကို El Niño de Navidad လို့ နာမည်ပြောင် ပေးခဲ့ကြတာ ဖြစ်ပြီး ခရစ်တော် ကလေးငယ်လို့ စပိန်ဘာသာစကားနဲ့ အဓိပ္ပာယ်ရပါတယ်။

weather
ဓာတ်ပုံ ပုံစာ, သုံးနှစ် ဆက်တိုက် လာနီညာ ဖြစ်ခဲ့တဲ့ကြားက ၂၀၂၂ ခုနှစ်ဟာ မှတ်တမ်းတင်ခဲ့တဲ့တလျှောက် ပဉ္စမအပူဆုံးနှစ်ဖြစ်

အယ်နီညိုနဲ့ လာနီညာက ရာသီဥတုကို ဘယ်လို ပြောင်းလဲစေတာလဲ

အယ်နီညိုနဲ့ လာနီညာ ဖြစ်စဉ်တွေဟာ နှစ်စဉ် မတူညီမှုတွေလည်း ရှိတတ်ပေမယ့် ဖြစ်လေ့ဖြစ်ထ ရှိပုံတွေကို သိပ္ပံပညာရှင်တွေက အောက်ပါအတိုင်း မှတ်တမ်းတင်ထားခဲ့ပါတယ်။

အပူချိန်အပေါ် သက်ရောက်မှု

အယ်နီညို ဖြစ်စဉ်မှာ ကမ္ဘာ့အပူချိန်က ဝ.၂ ဒီဂရီ စင်တီဂရိတ်လောက် တက်လေ့ရှိပြီး လာနီညာ ဖြစ်စဉ်မှာတော့ ဝ.၂ ဒီဂရီ စင်တီဂရိတ်လောက် ကျသွားလေ့ရှိပါတယ်။

အယ်နီညိုဖြစ်စဉ်မှာ ပူနွေးတဲ့ ရေတွေက ပိုမို ပျံ့နှံ့ ရောက်ရှိသွားတာ ဖြစ်တဲ့အတွက် ပိုမိုပျံ့လွယ်ကာ၊ ရေမျက်နှာပြင်ပေါ်မှာလည်း ပိုရှိကြတဲ့အတွက် လေထုထဲကို အပူချိန် ပိုရောက်ပြီး ပိုမို စိုစွတ် နွေးထွေးတဲ့ လေကိုလည်း ဖြစ်စေပါတယ်။

လက်ရှိ တိုင်းတာထားသမျှထဲမှာ အပူဆုံးနှစ်လို့ သတ်မှတ်ထားတဲ့ ၂၀၁၆ ဆိုရင် အယ်နီညို နှစ်လည်း ဖြစ်ပါတယ်။

၂၀၂၀ နဲ့ ၂၀၂၂ ခုနှစ် အကြား ကာလမှာတော့ ကမ္ဘာ့မြောက်ခြမ်းမှာ သုံးနှစ်ဆက်ဆိုက် လာနီညာ ဖြစ်စဉ် ဖြစ်ခဲ့တာကို တွေ့ခဲ့ရပါတယ်။

အခုလို သုံးနှစ် ဆက်တိုက် လာနီညာ ဖြစ်ခဲ့တဲ့ကြားက ၂၀၂၂ ခုနှစ်ဟာ မှတ်တမ်းတင်ခဲ့တဲ့တလျှောက် ပဉ္စမအပူဆုံးနှစ်ဖြစ်တယ်လို့ ဥရောပသမဂ္ဂရဲ့ ရာသီဥတု စောင့်ကြည့်ရေးအဖွဲ့က သတ်မှတ်ခဲ့ပါတယ်။

The Met Office က ပါမောက္ခ အဒမ် စကိတ်ဖ် ကတော့ ဒီလို လာနီညာတွေ ဖြစ်ခဲ့တဲ့ကြားက အပူဆုံးဖြစ်ခဲ့တာဟာ အဲဒီ သုံးနှစ်လုံး ကမ္ဘာ့အပူချိန်က စံချိန်တွေ ကျိုးလုနီးပါး ဖြစ်ခဲ့လို့ ဖြစ်တယ်လို့ ဆိုပါတယ်။

သူ့ရဲ့ အဆိုအရ လာနီညာသာ သုံးကြိမ် ဖြစ်မထားခဲ့ရင် ကမ္ဘာ့အပူချိန်က ဒီထက် ပိုများနိုင်တယ်လို့လည်း ဆိုပါတယ်။

အခုလို ပိုများနိုင်တယ်ဆိုတဲ့ ဝ.၂ ဒီဂရီ စင်တီဂရိတ် ဆိုတဲ့ ပမာဏဟာ ကမ္ဘာ့ရာသီဥတု ပြောင်းလဲ ဖောက်ပြန်မှုကြောင့် နှစ်စဉ် တက်နေတဲ့အပူချိန်ရဲ့ ၂၀ ရာခိုင်နှုန်းလည်း ဖြစ်ပါတယ်။

The Met Office ကလည်း လာနီညာနှစ်ဟာ ၂၀၂၃ နှောင်းပိုင်းမှာ အဆုံးသတ်သွားမယ်လို့ ခန့်မှန်းထားပြီး ကမ္ဘာ့အပူချိန်လည်း မြင့်လာမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

မိုးရွာသွန်းမှုနဲ့ မုန်တိုင်းအပေါ် သက်ရောက်မှု

အယ်နီညို ဖြစ်စဉ်မှာတော့ ပူနွေးတဲ့ ရေတွေက ပစိဖိတ် သမုဒ္ဒရာဖြတ် ဂျက်လေကြောင်းတွေကို အားကောင်းအောင် တွန်းပို့ပေးပြီး တောင်ဘက်နဲ့ အရှေ့ဘက်တွေကို ပိုရောက်စေတယ်လို့ ဆိုပါတယ်။

ဒီလို ဖြစ်စေတဲ့အတွက် အမေရိကန်တောင်ပိုင်း ပြည်နယ်တွေနဲ့ မက္ကဆီကို ပင်လယ်ကွေ့ ဒေသတွေမှာ စိုစွတ်တဲ့ ရာသီဥတုဖြစ်စေပြီး အမေရိကန် မြောက်ပိုင်းနဲ့ ကနေဒါတို့မှာတော့ ခြောက်သွေ့တဲ့ ရာသီဥတုကို ဖြစ်စေပါတယ်။

အာရှ၊ သြစတြေးလျနဲ့ အလယ်နဲ့ တောင်ပိုင်း အာဖရိက ဒေသတွေမှာ ဆိုရင်တော့ မိုးခေါင်တဲ့အထိ ခြောက်သွေ့မှု ခံစားရတယ်လို့ ဆိုပါတယ်။

လာနီညာမှာ ဆိုရင်တော့ ပြောင်းပြန်ဖြစ်သွားပြီး အမေရိကန်တောင်ပိုင်းမှာ ခြောက်သွေ့မှု ခံစားရကာ ကနေဒါနဲ့ အာရှဘက်တွေမှာ မိုးကြီးစေပြန်ပါတယ်။

ဒါ့ကြောင့်လည်း ၂၀၂၂ အောက်တိုဘာလမှာ သြစတြေးလျနိုင်ငံအတွင်း စံချိန်တင် မိုးရွာသွန်းမှုတွေ ဖြစ်ပေါ်ခဲ့ပြီး ရေကြီး ရေလျှံမှုတွေ ဖြစ်ခဲ့တာ ဖြစ်ပါတယ်။

လာနီညာ ဖြစ်စဉ်မှာ အတ္တလန္တိတ် သမုဒ္ဒရာအတွင်း ဟာရီကိန်း မုန်တိုင်းတွေ ဖြစ်ပေါ်စေပြီး ဖလော်ရီဒါနဲ့တကွ တခြား တောင်ပိုင်း အမေရိကန် ပြည်နယ်တွေကို သက်ရောက်စေရာမှာ ပစိဖိတ်ဘက်မှာတော့ အပူပိုင်း မုန်တိုင်း ဖြစ်စေတာ လျော့သွားပြန်ပါတယ်။

အယ်နီညိုမှာတော့ ပြောင်းပြန် ဖြစ်သွားပြန်ပြီး အမေရိကန်တောင်ပိုင်းမှာ မုန်တိုင်းနည်းသွားကာ အာရှဘက်မှာ မုန်တိုင်းများစေပြန်ပါတယ်။

weather

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ၂၀၂၂ ဒီဇင်ဘာမှာ လာနီညာကြောင့် ရေခန်းခဲ့တဲ့ အာဂျင်တီးနားက နာဗရိုးရေကန်ကြီး

အယ်နီညိုနဲ့ လာနီညာတို့ ဘယ်လိုနှုန်းနဲ့ ဖြစ်တတ်ပြီး ဘယ်လောက် ထိခိုက်နိုင်သလဲ

အယ်နီညိုနဲ့ လာနီညာ ဖြစ်စဉ်တို့ဟာ ၂ နှစ်တခါ ဒါမှမဟုတ် ၇ နှစ်တခါ လောက် ဖြစ်နိုင်ပြီး တကြိမ်ဖြစ်ရင် ၉ လကနေ ၁၂ လအထိ ကြာတတ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဒီနှစ်မျိုးက တလှည့်စီ ဖြစ်တတ်တယ်လို့လည်း တသမတ်တည်း ပြောလို့မရဘဲ လာနီညာက အယ်နီညိုထက် အဖြစ်နည်းတယ်လို့လည်း ဆိုပါတယ်။

အခုလို အယ်နီညိုကော လာနီညာပါ ဖြစ်စဉ် နှစ်ခုလုံးကြောင့် ဖြစ်တဲ့ ရာသီဥတု ဆိုးရွားမှုတွေကြောင့် ကမ္ဘာတဝန်းက အခြေခံအဆောက်အဦတွေ၊ အစားအစာတွေနဲ့ စွမ်းအင်စနစ်တွေ ထိခိုက်တတ်ပါတယ်။

၂၀၁၄ နဲ့ ၂၀၁၆ အကြား ဖြစ်ပေါ်ခဲ့တဲ့ အယ်နီညို ဖြစ်စဉ်ကြောင့် ကနေဒါနဲ့ အာရှဘက်မှာ မိုးခေါင်ရေရှားခဲ့ရာမှာ သီးနှံမအောင်မှုနဲ့ အစားအစာ လုံခြုံရေး ထိခိုက်ခဲ့ပြီး လူပေါင်း သန်း ၆၀ ကျော် ဒဏ်ခံခဲ့ရတယ်လို့ ကုလသမဂ္ဂရဲ့ အစားအစာနဲ့ စိုက်ပျိုးရေးဆိုင်ရာ အဖွဲ့က ဆိုပါတယ်။

အယ်နီညို ဖြစ်စဉ်အတွင်းမှာ တောင်မြောက် အမေရိကတိုက်တွေ တဝိုက်ကို ရေအေး တက်လာမှု နည်းတဲ့အတွက် ပင်လယ်ကြမ်းပြင်က အပင်တွေအတွက် အာဟာရဓါတ်တွေ တက်လာတာ နည်းသွားလို့ ကင်းမွန်နဲ့ ဆယ်လ်မွန်ငါးတို့လို သတ္တဝါတွေ နည်းသွားတဲ့အတွက် ငါးဖမ်းသမားတွေမှာ သွားပြီး ထိခိုက်တယ်လို့ ဆိုပါတယ်။

ကမ္ဘာ့ရာသီဥတု ဖောက်ပြန် ပြောင်းလဲမှုက အယ်နီညို လာနီညာ ဖြစ်စဉ်တွေကို ပိုဆိုးစေသလား

၂၀၂၁ ခုနှစ်မှာ ကုလသမဂ္ဂရဲ့ ရာသီဥတုဆိုင်ရာ သိပ္ပံပညာရှင်တွေ ပြောကြားချက်အရ အယ်နီညို၊ လာနီညာ ဖြစ်စဉ်တွေဟာ ၁၈၅၀ နဲ့ ၁၉၅၀ ကာလ တိုင်းတာမှုကို ၁၉၅၀ နောက်ပိုင်း တိုင်းတာမှုနဲ့ နှိုင်းယှဉ်ချက်အရ ပိုဆိုးလာတာ တွေ့ရတယ်လို့ ဆိုပါတယ်။

ဒါပေမယ့်လည်း သစ်ပင်ပင်စည် အကွင်းတွေ၊ သန္တာကျောက်တန်းတွေနဲ့ နုန်းမြေ အနည်ထိုင်မှုတွေလို သမိုင်းမှတ်တမ်းတွေကို လေ့လာချက်အရ ၁၄၀ဝ ပြည့်နှစ် နောက်ပိုင်းကတည်းက အခုလို အယ်နီညို၊ လာနီညာ ဖြစ်စဉ်တွေရဲ့ သက်ရောက်မှု အတက်အကျ ပြင်းထန်မှု ရှိတတ်တာကိုလည်း တွေ့ရပြန်ပါတယ်။

ဒီလို တွေ့ရတတ်တာကြောင့်လည်း ကုလရဲ့ ရာသီဥတုဆိုင်ရာ သိပ္ပံပညာရှင်တွေနဲ့ ဖွဲ့စည်းထားတဲ့ IPCC အဖွဲ့က ကမ္ဘာ့ရာသီဥတု ဖောက်ပြန်မှုဟာ အယ်နီညို လာနီညာ ဖြစ်စဉ်အပေါ် သက်ရောက်စေတဲ့ ရှင်းလင်းတဲ့ သက်သေအထောက်အထား မတွေ့ရဘူးလို့ ကောက်ချက်ချထားပါတယ်။