COP27 - အီဂျစ် ရာသီဥတု ညီလာခံရဲ့ အရေးပါမှု

Sharm El Sheikh

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ကမ္ဘာ့အစိုးရတွေ ရာသီဥတုအရေးအတွက် ဆွေးနွေးဖို့ ရှမ်အဲလ်ရှိတ်ခ်ကို နိုဝင်ဘာလအတွင်း လာရောက်ကြမယ်

ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့ အတွက် အီဂျစ်မှာ ကုလသမဂ္ဂက ကျင်းပမယ့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ထိပ်သီးညီလာခံကို ကမ္ဘာ့ခေါင်းဆောင်တွေ တက်ရောက်လာကြမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ တနှစ်တာအတွင်း ရာသီဥတုကြောင့် သဘာဝဘေးတွေနဲ့ စံချိန်တင် အပူချိန်မြင့်တက်မှုတွေ ကြုံခဲ့ရပါတယ်။

အခု ကျင်းပမယ့် ညီလာခံကို အစက မတက်ရောက်ဘူးလို့ ပြောနေခဲ့တဲ့ ယူကေဝန်ကြီးချုပ်ကလည်း တက်ရောက်မယ်လို့ အတည်ပြုပြောကြားလိုက်ပြီ ဖြစ်ပါတယ်။

ကုလသမဂ္ဂရဲ့ ရာသီဥတု ဆိုင်ရာ ထိပ်သီးညီလာခံပွဲ

ကုလသမဂ္ဂရဲ့ ရာသီဥတု ဆိုင်ရာ ထိပ်သီးညီလာခံပွဲတွေကို နှစ်စဉ်ကျင်းပလေ့ ရှိပါတယ်။ ကမ္ဘာ့အပူချိန် မြင့်တက်လာနေမှုကို ကိုင်တွယ်ဖြေရှင်းဖို့ အတွက် ကမ္ဘာ့အစိုးရတွေအကြား သဘောတူညီမှုတွေ ရရှိဖို့ ကျင်းပတာ ဖြစ်ပါတယ်။

ဒီညီလာခံတွေကို "Conference of the Parties" ပါဝင်တက်ရောက်တဲ့ အဖွဲ့များရဲ့ ညီလာခံ၊ အတိုကောက်အားဖြင့် COP လို့ ခေါ်ကြပါတယ်။ ဒီညီလာခံကို တက်ရောက်ကြတဲ့ အဖွဲ့တွေကလည်း ကုလသမဂ္ဂရဲ့ ၁၉၉၂ ရာသီဥတုဆိုင်ရာ သဘောတူညီချက် မူရင်းမှာ လက်မှတ်ရေးထိုးထားကြတဲ့ နိုင်ငံတွေက ဖြစ်ကြပါတယ်။

COP27 လို့ အမည်ပေးထားတာက ဒီညီလာခံကို နှစ်စဉ်ကျင်းပလာကြတာ ၂၇ ကြိမ် ရှိပြီ ဖြစ်တာကြောင့်ပါ။ ဒီတကြိမ် ညီလာခံကိုတော့ နိုဝင်ဘာလ ၆ ရက်ကနေ ၁၈ ရက်နေ့အထိ အီဂျစ်နိုင်ငံက ရှမ်အဲလ်ရှိတ်ခ် မှာ ကျင်းပမှာ ဖြစ်ပါတယ်။

COP ညီလာခံတွေ ကျင်းပဖို့ လိုအပ်သလား

ကမ္ဘာကြီး ပိုမို ပူနွေးလာနေရတာဟာ လူသားတွေ သုံးစွဲနေတဲ့ ရေနံ၊ သဘာဝဓာတ်ငွေ့နဲ့ ကျောက်မီးသွေးတွေလို အရာတွေက ထွက်လာတဲ့ ဓာတ်ငွေ့တွေကြောင့် ဖြစ်ပါတယ်။

ကမ္ဘာ့အပူချိန်ဟာ ၁.၁ ဒီဂရီ ဆဲလ်စီးယက်စ် တက်လာခဲ့ပြီး ၁.၅ ဒီဂရီ ဆဲလ်စီးယက်စ် အထိ တက်လာနိုင်တယ်လို့ ကုလသမဂ္ဂရဲ့ ရာသီဥတုဆိုင်ရာ သိပ္ပံပညာရှင်တွေနဲ့ နိုင်ငံတကာ အစိုးရတွေနဲ့ ဖွဲ့စည်းထားတဲ့ ရာသီဥတု ပြောင်းလဲမှု ဆိုင်ရာ အဖွဲ့ (IPCC) တို့က ပြောပါတယ်။

(IPCC) က ကမ္ဘာ့အပူချိန်ဟာ ၁၈၅၀ ပြည့်နှစ်တွေကရှိခဲ့တဲ့ အပူချိန်ထက် ၁.၇ ကနေ ၁.၈ ဒီဂရီ ဆဲလ်စီးယက်စ်အထိ တက်လာမယ်ဆိုရင် ကမ္ဘာ့လူဦးရေရဲ့ ထက်ဝက်လောက်ဟာ အသက်အန္တရာယ် ပေးနိုင်တဲ့ အပူနဲ့ စိုထိုင်းမှုတွေကို ရင်ဆိုင်ရနိုင်တယ်လို့ ပြောထားပါတယ်။

ဒီလို ဖြစ်မလာစေဖို့အတွက် ကမ္ဘာ့အပူချိန်ကို ၁.၅ ဒီဂရီ ဆဲလ်စီးယက်စ်မှာပဲ ထိန်းထားနိုင်အောင် ကြိုးစားကြဖို့ ပြီးခဲ့တဲ့ ၂၀၁၅ မှာ ကမ္ဘာ့နိုင်ငံပေါင်း ၁၉၄ နိင်ငံ က ပဲရစ်သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

The Pakistani floods

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ဒီနှစ်ထဲမှာ ကြုံခဲ့ရတဲ့ ပါကစ္စတန် ရေကြီးမှုက ရာသီဥတု ပြောင်းလဲမှုရဲ့ အန္တရာယ်နဲ့ ပတ်သက်လို့ ကမ္ဘာကြီးကို လှုပ်နှိုးနိုင်ခဲ့

COP27 ညီလာခံကို ဘယ်သူတွေ တက်မလဲ

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ဒီညီလာခံကို တက်ဖို့ အစိုးရပေါင်း ၂၀၀ ကျော်ကို ဖိတ်ကြားထားပါတယ်။

ယူကေ ဝန်ကြီးချုပ် ရီရှီဆူးနတ်ခ်ကလည်း အစက တက်ရောက်မှာ မဟုတ်ကြောင်း ပြောခဲ့ပေမယ့် အရင် ကျင်းပခဲ့တဲ့ COP26 ညီလာခံရဲ့ သမိုင်းမွေဖြစ်တဲ့ လုံခြုံစိတ်ချမှု ရှိတဲ့ အနာဂတ် ဖော်ဆောင်ရေးအတွက် ဒီညီလာခံကို သူတက်မယ်လို့ တွစ်တာပေါ်မှာ ရေးခဲ့ပါတယ်။

အရင် ယူကေဝန်ကြီးချုပ် ဘောရစ္စ ဂျွန်ဆင်လည်း တက်ရောက်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် အစိုးရရဲ့ အကြံပေးမှုကြောင့် ချားလ်စ် ဘုရင်ကတော့ တက်ရောက်မှာ မဟုတ်ပါဘူး။

ဒါပေမယ့် ဘာကင်ဟမ် နန်းတော်မှာ ညီလာခံအကြို ဧည်ခံပွဲတခု ကျင်းပဖို့ စီစဉ်ထားပါတယ်။

ရုရှား သမ္မတ ဗလာဒီမီယာ ပူတင်ကတော့ ဒီညီလာခံကို တက်ရောက်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် ရုရှားအနေနဲ့တော့ ကိုယ်စားလှယ်အဖွဲ့ စေလွှတ်လိမ့်မယ် မျှော်လင့်ရပါတယ်။

တရုတ် အပါအဝင် တခြား နိုင်ငံတွေကတော့ သူတို့ ခေါင်းဆောင်တွေ တက်ရောက်မလား ဆိုတာကို အတည်ပြုပြောကြားခြင်း မရှိသေးပါဘူး။

အိမ်ရှင် အဖြစ်လက်ခံကျင်းပတဲ့ အီဂျစ်ကတော့ ကမ္ဘာ့နိုင်ငံတွေကို သူတို့ အကြားက မကျေလည်မှုတွေကို ဘေးချိတ်ပြီး ရာသီဥတုပြောင်းလဲမှု အရေးကို ကိုင်တွယ်ရေးမှာ ဦးဆောင်မှုကို ပြကြပါလို့ တိုက်တွန်းထားပါတယ်။

သဘာဝပတ်ဝန်းကျင် ဆိုင်ရာ ပရဟိတ အဖွဲ့တွေ၊ လူမှုရေး အဖွဲ့တွေ၊ အကြံပေး အဖွဲ့တွေ၊ စီးပွားရေး လုပ်ငန်းတွေနဲ့ ဘာသာရေး ဆိုင်ရာ အဖွဲ့အစည်းတွေလည်း တက်ရောက်ကြဖို့ ရှိပါတယ်။

COP27 ကို အီဂျစ်မှာ ဘာကြောင့်ကျင်းပ

အခုတကြိမ်နဲ့ပါဆိုရင် COP ညီလာခံတွေကို အာဖရိကတိုက်မှာ ကျင်းပတာ ၅ ကြိမ် ရှိပြီ ဖြစ်ပါတယ်။

ဒေသတွင်း အစိုးရတွေကတော့ ဒီညီလာခံကနေ သူတို့ အာဖရိကတိုက်မှာ ကြုံတွေ့နေရတဲ့ ရာသီဥတု ပြောင်းလဲမှုရဲ့ ပြင်းထန်တဲ့ ဆိုးကျိုးတွေကို သတိပြုမိလာကြစေမယ်လို့ မျှော်လင့်နေကြပါတယ်။ IPCC ကလည်း အာဖရိကတိုက်ဟာ ဒီဒဏ်ကို အဆိုးဆုံး ရင်ဆိုင်ရတဲ့ ဒေသတွေထဲက တခုဖြစ်တယ်လို့ ပြောထားပါတယ်။

လတ်တလောမှာ အရှေ့အာဖရိကတိုက်မှာ မိုးခေါင်ရေရှားမှုတွေ ကြုံနေရတာကြောင့် လူပေါင်း ၁၇ သန်းလောက်မှာ စားနိပ်ရိက္ခာ မလုံလောက်မှုတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။

တဖက်မှာ ဒီညီလာခံကို အီဂျစ်မှာ ကျင်းပဖို့ ရွေးချယ်တာကိုပဲ ပြစ်တင်ဝေဖန်မှုတွေ ရှိနေပြန်ပါတယ်။

လူ့အခွင့်အရေးအဖွဲ့တွေနဲ့ ရာသီဥတုအရေး တက်ကြွလှုပ်ရှားသူတွေက အီဂျစ်အစိုးရက သူတို့ရဲ့ လူ့အခွင့်အရေး မှတ်တမ်းတွေကို ဝေဖန်ထားတဲ့ သူတို့အဖွဲ့တွေကို တက်ရောက်ခွင့်မပေးဘူးလို့ ပြောကြပါတယ်။

COP27မှာ ဘာတွေ ဆွေးနွေးကြမလဲ

 ဒီညီလာခံ မတိုင်မီမှာ နိုင်ငံတွေကို သူတို့ နိုင်ငံအလိုက် ရာသီဥတု ဆိုင်ရာ အစီအမံတွေကို တင်သွင်းကြဖို့ ပြောခဲ့ပါတယ်။ လက်ရှိအချိန်အထိတော့ တင်သွင်းလာတာ ၂၅ နိုင်ငံပဲ ရှိပါသေးတယ်။

 COP27 မှာ အဓိက အကြောင်းအရာကြီး ၃ ခုကို ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

  • ဓာတ်ငွေ့ထုတ်လွှတ်မှု လျှော့ချရေး
  • ကမ္ဘာ့နိုင်ငံတွေ ရာသီဥတု ပြောင်းလဲမှုကို ရင်ဆိုင်နိုင်ရေးအတွက် ပြင်ဆင်ရာမှာ အကူအညီပေးရေး
  • ဒီလို လုပ်နိုင်ရေးအတွက် ဖွံ့ဖြိုးပြီး နိုင်ငံတွေက နည်းပညာနဲ့ ဘဏ္ဍာရေး အထောက်အပံ့ ရရေး

နောက်ပြီး အရင် ညီလာခံမှာ မလုပ်နိုင်ခဲ့တဲ့ ကိစ္စတွေအတွက်လည်း ဆက်လက်ဆွေးနွေး ကြဖို့ ရှိပါတယ်။

  • ရာသီဥတုပြောင်းလဲမှုရဲ့ ဒဏ်ကို ခံစားကြရတဲ့ နိုင်ငံတွေအတွက် ကြိုတင်ပြင်ဆင်ဖို့ အတွက်သာမက ကြုံခဲ့ရပြီး ဖြစ်တဲ့ ပျက်စီးဆုံးရှုံးမှုတွေကနေ ပြန်လည် နာလန်ထရေးအတွက် ဘဏ္ဍာရေးအကူအညီပေးဖို့
  • ကမ္ဘာတဝန်းမှာ သုံးစွဲနေတဲ့ ပစ္စည်းတွေ ဝန်ဆောင်မှုတွေဆီက ကာဘွန် ထုတ်လွှတ်မှုတွေကြောင့် ထိခိုက်မှုတွေကို ချေနိုင်ဖို့ ကမ္ဘာ့ကာဘွန်ဈေးကွက် ဖော်ဆောင်နိုင်ရေး
  • ကျောက်မီးသွေး လောင်စာသုံးစွဲမှု ပိုမို လျှော့ချနိုင်ရေး

အခုကျင်းပမယ့် ညီလာခံအတွင်း လိင်ကွဲပြားမှု၊ စိုက်ပျိုးရေးနဲ့ ဇီဝမျိုးကွဲများ စသည်ဖြင့် နေ့အလိုက် အကြောင်းအရာ သတ်မှတ်ပြီး ဆွေးနွေးကြဖို့လည်း စီစဉ်ထားပါတယ်။

ဘယ်အရေးကြီး အချက်တွေကို ကြားကြရမလဲ

  • ပဲရစ်သဘောတူညီချက် - ၂၀၁၅ ပဲရစ်သဘောတူညီချက်ကြောင့် ကမ္ဘာ့နိုင်ငံတွေကို ပထမဆုံးအကြိမ် ပေါင်းစည်းပေးနိုင်ခဲ့ပါတယ်။ ဒါဟာ ကမ္ဘာကြီး ပိုမိုပူနွေးလာနေမှုနဲ့ ဖန်လုံအိမ် အာနိသင် ဓာတ်ငွေ့တွေ ထုတ်လွှတ်မှု လျှော့ချရေးအတွက် သဘောတူညီတချက် တခုတည်းနဲ့ ပေါင်းစည်းပေးနိုင်ခဲ့ခြင်း ဖြစ်ပါတယ်။
  • IPCC- ရာသီဥတုပြောင်းလဲမှု ဆိုင်ရာ သုတေသန လုပ်သွားဖို့ အပြည်ပြည်ဆိုင်ရာ အစိုးရတွေရဲ့ ရာသီဥတု ပြောင်းလဲမှု ဆိုင်ရာ လုပ်ငန်းအဖွဲ့
  • ၁.၅ ဒီဂရီ ဆဲလ်စီးယက်စ် - ကမ္ဘာ့အပူချိန်ကို စက်မှုမထွန်းကားမီ အချိန်ကထက် ၁.၅ ဒီဂရီ ဆဲလ်စီးယက်စ်ထက် ပိုမတက်လာအောင် ထိန်းထားရေး၊ ရာသီဥတုပြောင်းလဲမှုရဲ့ ဒဏ်တွေ အဆိုးဆုံး မခံစားရဖို့ ကာကွယ်နိုင်မယ်လို့ သိပ္ပံပညာရှင်တွေက ယူဆထားကြပါတယ်။

ဘယ်လို ထူးခြားချက်တွေ မျှော်လင့်နိုင်မလဲ

ရာသီဥတုအရေး ဆွေးနွေးပွဲတွေတိုင်းမှာ အဓိက ဆွေးနွေးစရာက ဘဏ္ဍာရေးပိုင်းပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၀၉ ခုနှစ်က ဖွံ့ဖြိုးပြီး နိုင်ငံတွေက ဖွံ့ဖြိုးဆဲ နိုင်ငံရေးတွေမှာ ကာဗွန်ထုတ်လွှတ်မှု လျှော့ချရေးနဲ့ ရာသီဥတုပြောင်းလဲမှုအတွက် ပြင်ဆင်ရေးတွေမှာ သုံးစွဲဖို့ ၂၀၂၀ ကစပြီး တနှစ်ကို ဒေါ်လာ ဘီလျံ ၁၀၀ ပေးဖို့ ကတိပြုခဲ့ကြပေမယ့် အကောင်အထည် မဖော်နိုင်ခဲ့ဘဲ ၂၀၂၃ အထိ နောက်ဆုတ်ခဲ့ရပါတယ်။

OECD

တဖက်မှာလည်း ဖွံ့ဖြိုးဆဲ နိုင်ငံတွေက ရာသီဥတုပြောင်းလဲမှုကြောင့် သူတို့ရင်ဆိုင်နေရတဲ့ နစ်နာ ဆုံးရှုံးမှုတွေအတွက် နစ်နာကြေးတွေ ရဖို့ တောင်းဆိုနေကြပါတယ်။ 

ဒါပေမယ့် ချမ်းသာကြွယ်ဝတဲ့ နိုင်ငံတွေက ဒီလို နစ်နာကြေးတွေကို ဆယ်စုနှစ် များစွာ ပေးလာရမှာကို စိုးရိမ်ကြတဲ့ အတွက် ဘွန်းမှာ ကျင်းပခဲ့ကြတဲ့ ရာသီဥတု ဆွေးနွေးပွဲမှာ ဒီနစ်နာကြေး ကိစ္စကို ထည့်သွင်း မဆွေးနွေးခဲ့ကြပါဘူး။ ဒါပေမယ့် အခု COP27 မှာတော့ ဆွေးနွေးသင့်တယ်ဆိုပြီး ဥရောပ သမဂ္ဂဘက်က သဘောတူထားပါတယ်။

အောင်မြင်မှု ရ မရဆိုတာ ဘယ်လို သိနိုင်မလဲ

ဒါက ဘာတွေကို အဓိက တောင်းဆိုကြသလဲ ဆိုတာအပေါ် မူတည်ပါတယ်။ 

ဖွံ့ဖြိုးဆဲ နိုင်ငံတွေက အနည်းဆုံးအားဖြင့် ဆုံးရှုံးမှုတွေနဲ့ နစ်နာကြေး ကိစ္စကို အကြောင်းအရာ တရပ်အဖြစ် ဆွေးနွေးချင်ကြပါတယ်။ နောက်ပြီး အဲဒီ နစ်နာကြေးတွေ ဘယ်တော့စရမလဲ ဆိုပြီး နေ့စွဲ သတ်မှတ်ဖို့လည်း ကြိုးစားကြမှာ ဖြစ်ပါတယ်။

ဖွံ့ဖြိုးပြီး နိုင်ငံတွေကလည်း အင်အားကောင်းတဲ့ တရုတ်၊ အိန္ဒိယ၊ ဘရာဇီး၊ အင်ဒိုနီးရှားနဲ့ တောင်အာဖရိကတို့လို နိုင်ငံတွေက ရုပ်ကြွင်းလောင်စာတွေထဲမှာ ညစ်ညမ်းမှု အများဆုံး ဖြစ်စေတဲ့ ကျောက်မီးသွေး သုံးစွဲမှုတွေကို ရပ်တန့်ဖို့ အတွက် ပိုမို အားထုတ်မယ့် ကတိကဝတ်တွေကို မျှော်လင့်ထားကြပါတယ်။ နောက်ပြီး အရင် ညီလာခံတွေမှာ ပြောခဲ့ကြတဲ့ သစ်တောထိန်းသိမ်းရေး၊ ကျောက်မီးသွေးသုံးစွဲမှုနဲ့ မီသိန်းဓာတ်ငွေ့ ထုတ်လွှတ်မှု လျှော့ချရေးတွေနဲ့ ပတ်သက်လို့လည်း ထောက်ခံတဲ့ နိုင်ငံတွေပိုများလာနိုင်ပါတယ်။

ဒါပေမယ့် သိပ္ပံပညာရှင် တချို့ကတော့ ကမ္ဘာ့ခေါင်းဆောင်တွေရဲ့ တုံ့ပြန်မှုက တော်တော်ကို နောက်ကျနေပြီ၊ အခု COP27 မှာ ဘာသဘောတူညီမှုပဲ ရပါစေ ၁.၅ ဒီဂရီ ဆဲလ်စီးယက်စ်မှာ ထိန်းထားနိုင်ဖို့ ကတော့ မဖြစ်နိုင်တော့ဘူးလို့ ယူဆကြပါတယ်။