မေ ၄ ရက် ထိပ်တန်းသတင်းများ-အဒါနီအုပ်စုရဲ့ မြန်မာက ဆိပ်ကမ်းလုပ်ငန်းတွေ စျေးအများကြီး လျှော့ချရောင်းချမှု ပြီးစီးပြီလို့ ကြေညာ

ဆိပ်ကမ်း

ဓာတ်ပုံ ရင်းမြစ်, Getty Images

အိန္ဒိယနိုင်ငံက အဒါနီ ဆိပ်ကမ်းနဲ့ အထူးစီးပွားရေးဇုန် လုပ်ငန်းက မြန်မာနိုင်ငံမှာ လုပ်ကိုင်နေတဲ့ သူတို့ရဲ့ ဆိပ်ကမ်းလုပ်ငန်းကို အမေရိကန်ဒေါ်လာ သန်း ၃၀ နဲ့ ရောင်းချခဲ့တယ်လို့ ကြာသပတေးနေ့မှာ ပြောပါတယ်။

ဒီပမဏာဟာ ဒီစီမံကိန်းမှာ သူတို့ ရင်းနှီးမြှုပ်နှံထားတာထက် သိသိသာသာ ပိုနည်းတဲ့ ပမာဏပါ။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီး နိုင်ငံတကာက စီးပွားရေးပိတ်ဆို့မှုတွေပြုလုပ်ပြီးနောက် ၂၀၂၂ မေလ မှာ အဒါနီ အုပ်စုက ဒီလို ရောင်းချမယ့်အကြောင်းကို ကြေညာထားခဲ့ပါတယ်။

ဒါပေမဲ့ စီမံကိန်း ပြီးစီးမှု စတဲ့ ရောင်းချရာမှ လိုအပ်တဲ့ အချက်အလက်တွေ ပြည့်မီဖို့ ဆောင်ရွက်နေရတာကြောင့် ရောင်းချမှုက နှောင့်နှေးခဲ့ပါတယ်။

ဆိုလာစွမ်းအင် ဆိုတဲ့ ကုမ္ပဏီက အဒါနီ အုပ်စုဆီက ဝယ်ယူသွားခဲ့တာဖြစ်ပြီး ဝယ်ယူသူက ဘယ်နိုင်ငံမှာ အခြေစိုက်တယ်ဆိုတာ လတ်တလော ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

မေလ ၂၀၂၁ အချက်အလက်တွေအရ အဲဒီစီမံကိန်းမှာ အဒါနီ အုပ်စုက မြေအသုံးပြုခ တစ်လုံးတစ်ခဲတည်း ပေးချေငွေ ဒေါ်လာ သန်း ၉၀ အပါအဝင် ဒေါ်လာ ၁၂၇ သန်း မြှုပ်နှံထားတယ်လို့ သိရပါတယ်။

ဒါပေမဲ့ အဒါနီအုပ်စုက လုပ်ငန်းမစရသေးတဲ့ စီမံကိန်းတစ်ခုမှာ ဒေါ်လာ ၁၉၅ သန်းအထိ မြှုပ်နှံထားတယ်ဆိုပြီး စီမံကိန်းအကြောင်း သိရှိသူ တစ်ဦးက ပြောဆိုပါတယ်။

ဒီသတင်းနဲ့ ပတ်သက်ပြီး အဒါနီ ဆိပ်ကမ်းအုပ်စုဘက်က မှတ်ချက် တစ်စုံတစ်ရာ မပေးသေးပါဘူး။

အခုလို ဆိပ်ကမ်းရောင်းချတဲ့ သတင်းထွက်ပေါ်လာပြီးနောက်မှာ ကုမ္ပဏီရဲ့ ရှယ်ယာတန်ဖိုး ၁.၂ ရာခိုင်နှုန်း မြင့်တက်သွားပါတယ်။

ကိုဗစ်ပိုးတွေ့သူ တစ်ရာအထက်မှာဆက်ရှိနေ

ထပ်ဆောင်းကာကွယ်ဆေးထိုးနှံကြဖို့ ကျန်းမာရေးဝန်ကြီးဌာနက တိုက်တွန်းနေပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP

ကိုဗစ်ရောဂါပိုးတွေ့ရှိသူ ၁၅၅ ဦးကြောင်း ကျန်းမာရေးဝန်ကြီးဌာနက မေလ ၃ ရက် ညပိုင်းက ထုတ်ပြန်လိုက်ပြီး ၃ ရက်ဆက်တိုက် ပိုးတွေ့သူ တစ်ရာအထက်မှာ ရှိနေတာဖြစ်ပါတယ်။

ရန်ကုန်မှာ ၉၈ ဦး အထိ ပိုးတွေ့ခဲ့ပြီး မြောက်ဥက္ကလာနဲ့ မင်္ဂလာဒုံ မြို့နယ်တွေမှာ အများဆုံးတွေ့တာဖြစ်ပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနရဲ့ အသေးစိတ်အချက်အလက်တွေအရ မြို့နယ် ၄၅ ခုရှိတဲ့ ရန်ကုန်မှာ ၃၁ မြို့နယ်အထိ ပိုးတွေ့ထားတာဖြစ်ပါတယ်။

သင်္ကြန်အပြီးမှာ ကိုဗစ်ပိုးတွေ့ရှိမှု ပြန်လည်မြင့်တက်လာပြီး မေလမှာ သုံးရက်ဆက်တိုက် ပိုးတွေ့သူ တစ်ရာအထက်မှာ ရှိနေတာပါ။

နောက်ဆုံးပေါ် အိုမီခရွန် ကိုဗစ်မျိုးကွဲသစ် X BB 1.16 (Arcturus) အာ့ခ်တူးရပ်စ် ကို မြန်မာနိုင်ငံမှာ ၈ ဦး တွေ့ရှိထားပြီး အဲဒီထဲက ၇ ဦးဟာ ပြည်တွင်းကူးစက်သူတွေ လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ဘုတ်ပြင်းက စရဖ ရုံးကို PDF တွေ ဝင်ပစ်

ပြည်သူ့စစ်အိမ်က ယူနီဖောင်းနဲ့ လက်နက်တချို့ သိမ်းဆည်းရမိ။

ဓာတ်ပုံ ရင်းမြစ်, Flying star force

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

တနင်္သာရီတိုင်းထဲက ဘုတ်ပြင်းမြို့နယ်၊ပြည်ကြီးမဏ္ဍိုင်မြို့ရှိ စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့ရုံးကို PDF ပူးပေါင်းတပ်ဖွဲ့တွေ ဝင်‌ရောက်ပစ်ခတ်မှု မေလ ၂ ရက် ညနေပိုင်းက ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ သတင်းပေးတစ်ဦးသေဆုံးခဲ့တယ်လို့ PDF တွေဘက်က ထုတ်ပြန်ပါတယ်။

Flying star force ဘုတ်ပြင်း(ပကဖ) နဲ့ ကော့သောင်းခရိုင်အမှတ်(၁)တပ်ရင်းတို့ပူးပေါင်း တိုက်ခိုက်ခဲ့တာဖြစ်ပြီး ရုံးထဲရှိနေတဲ့ ပြည်သူ့စစ်တွေနဲ့ နှင့်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြတယ်လို့ ဘုတ်ပြင်း(ပကဖ)က ဒီကနေ့မှာထုတ်ပြန်ပါတယ်။

ဒီပစ်ခတ်မှုအတွင်း စစ်ကောင်စီသတင်းပေး ဦးကြွယ်သန်း ဆိုသူ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

အပြန်အလှန်ပစ်ခတ်မှုအတွင်းမှာ စစ်ကောင်စီဘက်က ပြည်ကြီးမဏ္ဍိုင်မြို့ထဲကို လက်နက်ကြီးနဲ့ပစ်ခဲ့တယ်လို့လည်း ဘုတ်ပြင်း(ပကဖ)က ထုတ်ပြန်ပါတယ်။

ဒီပူးပေါင်းအဖွဲ့ဟာ ပြည်ကြီးမဏ္ဍိုင်မြို့ထဲက ပြည်သူ့စစ်ခေါင်းဆောင်ရဲ့ နေအိမ်အတွင်းဝင်ရောက်ရှာဖွေပြီး လက်နက်ခဲယမ်းတချို့ကို သိမ်းဆည်းခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒီဖြစ်စဥ်ဟာ သူတို့ ပူးပေါင်းအဖွဲ့တို့နဲ့သာ သက်ဆိုင်ပြီး ဒေသခံပြည်သူလူထုတွေနဲ့ လုံးဝမသက်ဆိုင်ဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီသတင်းနဲ့ ပတ်သက်လို့ စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ကို ဘီဘီစီက ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုခြင်းမရှိသေးပါဘူး။

အသက်မပြည့်သူတွေပါတဲ့ ချောင်းဦးသတ်ဖြတ်ခံရမှု NUG အရေးယူမယ်လို့ဆို

အသတ်ခံခဲ့ရသူ ၇ ဦးကို တွေ့ရစဉ်။

ဓာတ်ပုံ ရင်းမြစ်, မြေလတ်အသံ

စစ်ကိုင်းတိုင်း၊ချောင်းဦးမြို့နယ်ထဲက အသက်မပြည့်သူ ၅ ဦးအပါအဝင် လူ ၇ ဦးကို ကျေးရွာပြည်သူ့ကာကွယ်ရေးအဖွဲ့က သတ်ဖြတ်လိုက်တဲ့ ဖြစ်စဥ်အပေါ် အရေးယူဆောင်ရွက်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရက ဒီကနေ့မှာထုတ်ပြန်ပါတယ်။

မနှစ်က သြဂုတ် ၃၀ မှာ ဖြစ်ပွားခဲ့တဲ့ ကျေးရွာပြည်သူ့ကာကွယ်ရေး အဖွဲ့ဝင်အချို့ရဲ့ ဥပဒေမဲ့လုပ်ရပ်ကို အရေးယူဆောင်ရွက်ထားတဲ့အကြောင်း NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်ရေးရာဝန်ကြီးဌာန နဲ့ တရားရေးဝန်ကြီးဌာန တို့ ပူးတွဲထုတ်ပြန်လာတာပါ။

ချောင်းဦးမှာ စစ်ကောင်စီသတင်းပေးလို့သတင်းရရှိသူ ၇ ဦးကို မနှစ်က သြဂုတ် ၈ ရက် မှာ ဖမ်းဆီးခဲ့ပြီး သြဂုတ် ၃၀ ရက်နေ့မှာ သတ်ဖြတ်ခဲ့တဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့ပြီး အသတ်ခံရတဲ့အထဲ အမျိုးသမီး ၄ ဦး ပါဝင်နေတာပါ။

ကျူးလွန်ခဲ့တဲ့ ကျေးရွာပြည်သူ့ကာကွယ်ရေး အဖွဲ့ဝင် ၄ ဦးကို အဲဒီနေ့မှာပဲ မြို့နယ်ပြည်သူ့ကာကွယ်ရေး အဖွဲ့က ဖမ်းဆီးပြီး နောက်တစ်နေ့မှာ အလောင်းတွေဖော် စစ်ဆေးခဲ့တယ်လို့ NUG က ထုတ်ပြန်ပါတယ်။

စက်တင်ဘာ ၂၂ ရက်မှာမှ ဒီ ၄ ဦးကို ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေး အဖွဲ့က ချောင်းဦးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကို လွှဲအပ်ခဲ့ပြီး သီးခြားနေရာမှာထိန်းသိမ်းခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်ရေးရာဝန်ကြီးဌာနကိုတော့ ဒီဖြစ်စဉ်နဲ့ပတ်သက်တဲ့ တိုင်စာဟာ ဒီနှစ် ဇန်နဝါရီ ၂၆ ရက်မှာမှ ရောက်လာပြီး တစ်ပတ်အတွင်းအရေးယူခဲ့တယ်လို့ NUG ရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။

ဒီဖြစ်စဉ်ဟာ စစ်သည်တော်ကျင့်ဝတ်နဲ့ မညီညွတ်တဲ့အပြင် ကလေးသူငယ်နဲ့ အမျိုးသမီးအခွင့်အရေးကို ချိုးဖောက်ရာကျလို့ စစ်ဘက်အရပ်ဘက် တရားစီရင်ရေးလမ်းကြောင်းတွေကနေ အမှုမှန်ပေါ်ပေါက်ရေး နဲ့ဥပဒေနဲ့အညီအမြန်ဆုံးအရေးယူနိုင်ရေး ဆောင်ရွက်နေပြီး ဆက်လက်အသိပေးထုတ်ပြန်မယ်လို့ NUG က ဆိုပါတယ်။

နေပြည်တော်မှာ မီးပွိုင့်ကလုံခြုံရေးတွေ ပစ်ခတ်တိုက်ခိုက်ခံရ

နေပြည်တော်က လုံခြုံရေးတချို့ (ပုံဟောင်း)

နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်ထဲက ဘူတာမီးပွိုင့်မှာ လုံခြုံရေးယူထားတဲ့ ရဲတွေ ဗုံးနဲ့ရော သေနတ်နဲ့ပါ တိုက်ခိုက်ခံခဲ့ရလို့ ရဲတစ်ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

မေလ ၃ ရက် ညပိုင်းက ဖြစ်ခဲ့တဲ့ ဖြစ်စဉ်မှာ ဆိုင်ကယ်နဲ့လာသူ နှစ်ဦးက ပစ်ခတ်ခဲ့တာဖြစ်ပြီး အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။

ဒီတိုက်ခိုက်မှုဟာ သူတို့လက်ချက်ဖြစ်တယ်လို့ စစ်တောင်းမြို့ပြပြောက်ကျားအဖွဲ့(နေပြည်တော်) က ထုတ်ပြန်ထားပြီး ဒက္ခိဏသီရိမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ နဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုမှာ မြို့ပြပြောက်ကျားအဖွဲ့ဝင်တစ်ဦးလည်း ခြေထောက် ဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

လွတ်မြောက်သွားသူနှစ်ဦးကို အပူတပြင်းလိုက်ရှာနေပြီး လမ်းဆုံတွေမှာတပ်ထားတဲ့ လုံခြုံရေးကင်မရာတွေကိုပါသုံးပြီး လိုက်ရှာနေတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက သတင်းအရင်းအမြစ်တစ်ဦးက ပြောပါတယ်။

နေပြည်တော်မှာ ပြီးခဲ့တဲ့ မတ်လကလည်း တစ်ရက်တည်း ပေါက်ကွဲမှု ၂ ကြိမ်ဖြစ်ခဲ့ပြီး နေပြည်တော်က လူစည်ကားတဲ့ ဧရာဝတီလမ်းက စားသောက်ဆိုင်တစ်ခုနဲ့ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌဟောင်း ဦးမြညိမ်းရဲ့ နေအိမ်အနီးမှာ ပေါက်ကွဲခဲ့တာဖြစ်ပါတယ်။

လားရှိုးမှာရာဇဝတ်မှုကျူးလွန်သူ ၄ ဦးကို ကိုးကန့်တပ်ဖွဲ့ သေဒဏ်စီရင်

ပြစ်မှု ၂၅ မှုကို ကျူးလွန်လို့ဆိုပြီး အမျိုးသားလေးဦး သေဒဏ်စီရင်ခံရ

ဓာတ်ပုံ ရင်းမြစ်, The Kokang

ရှမ်းပြည်နယ်(မြောက်ပိုင်း)လားရှိုးမြို့မှာ လူသတ်၊ပြန်ပေးဆွဲ၊ဓားပြမှုအပါအဝင် ပြစ်မှု ၂၅ မှုကို ကျူးလွန်လို့ဆိုပြီး အမျိုးသားလေးဦးကို ကိုးကန့်တပ်ဖွဲ့ ရဲ့ အထူးဒေသ(၁) အုပ်ချုပ်ရေးအဖွဲ့ ယာယီ တရားရုံးက သေဒဏ်စီရင်ခဲ့ပါတယ်။

သိန်းနီမြို့နယ်ထဲမှာရှိတဲ့ မူပန်းခရိုင်တစ်နေရာမှာ မေလ ၁ ရက်က ပြုလုပ်တဲ့ ဒီစီရင်မှုကို ဒေသခံအရပ်သားတွေအပါအဝင် လူနှစ်ရာကျော် ရှေ့မှာ ကြားနာခဲ့ပြီး အမိန့်ချတဲ့နေ့မှာပဲ သေဒဏ်စီရင်ခဲ့တယ်လို့ ဘီဘီစီက စုံစမ်းသိရှိရပါတယ်။

‘’ကျွန်တော် စစ်မှူထမ်းတဲ့ ဆယ်နှစ်ကျော်အတွင်း ဒီလိုသေဒဏ်စီရင်တာကို ပထမဆုံးမြင်ဖူးတာပဲ’’ လို့ ကိုးကန့်တပ်ဖွဲ့ MNDAA တပ်သားတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

စီရင်ခံရသူတွေဟာ လားရှိုးမြို့မှာနေထိုင်တဲ့ မြန်မာပြည်ဖွား တရုတ်လူမျိုးတွေဖြစ်တဲ့ ရှိဝေ့ယုံ ၊ ကော်‌ရှောက်ဝေ ၊ ရှိဝေ့ချန်နဲ့ ကော်ရှောက်ခွမ်တို့ဖြစ်ပြီး သူတို့ထဲက နှစ်ဦးဟာ စစ်တပ်ကဖွဲ့ထားတဲ့ မန်ပန်ပြည်သူ့စစ်အဖွဲ့ဝင်တွေဖြစ်တယ်လို့ MNDAA က သတင်းထုတ်ပြန်ပါတယ်။

သူတို့ဟာ အမျိုးသား ၇ ဦး နဲ့ အမျိုးသမီး ၂ ဦးကို သတ်ခဲ့ပြီး အဲဒီထဲမှာ တရုတ်နိုင်ငံသား တစ်ဦး အပါအဝင်ဖြစ်တယ်လို့ တရားစီရင်မှု မှတ်တမ်းမှာဖော်ပြထားပါတယ်။

သူတို့ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေမှာ တရုတ်ငွေ ယွမ် ၄ သန်းကျော် နဲ့ ကျပ်ငွေ သန်း ခုနစ်ထောင်ကျော်ဖိုးရှိပြီး ဇိမ်ခံကား ၉ စီးကိုပါ လုယက်ခဲ့တယ်လို့ ဖော်ပြပါတယ်။

၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်မှာ ရှမ်းပြည်မြောက်ပိုင်း လားရှိုးနဲ့ မူဆယ်စတဲ့ဒေသတွေမှာ အုပ်စုဖွဲ့ ရာဇဝတ်မှုတွေ စနစ်တကျကျူးလွန်လာကြပြီး ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်လုံခြုံမှုကို ဆိုးရွားစွာ ခြိမ်းခြောက် ခံနေရလို့ ရာဇဝတ်မှုကျူးလွန်သူတွေနှိမ်နင်းတိုက်ဖျက်ဖို့ ကိုးကန့်တပ်(MNDAA) က အမိန့်ပေးထားတယ်လို့ သိရပါတယ်။

‘’သူတို့ ၄ ယောက်တည်းမကဘူး။ နောက်ထပ် တရားခံပြေးတွေကျန်သေးတယ်။ ကျွန်တော်တို့လိုက်ဖမ်းနေတယ်’’ လို့ MNDAA တပ်သားတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

လားရှိုးမြို့ခံတစ်ဦးကတော့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တည်ရှိတဲ့ လားရှိုးမှာဖြစ်ခဲ့တဲ့ ရာဇဝတ်မှုတွေကို ကိုးကန့်တပ်က အခုလို စီရင်သွားတာက အံ့သြစရာပဲ လို့ ဘီဘီစီကိုပြောပါတယ်။

မြန်မာမှာ နှစ် ၃၀ ကျော်အတွင်း သေဒဏ်စီရင်မှုပြန်လည် ပြုလုပ်ခဲ့တဲ့အပေါ် ကုလသမဂ္ဂနဲ့နိုင်ငံတကာအပါအဝင် လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတွေက အကြီးအကျယ်ပြစ်တင်ရှုံ့ချဝေဖန်တာတွေရှိခဲ့ပြီး သေဒဏ်စီရင်မှုဆက်မလုပ်ဖို့ စစ်ကောင်စီကို တိုက်တွန်းတာတွေရှိထားချိန်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တစ်ဖွဲ့ဖြစ်တဲ့ ကိုးကန့်တပ်က ဒေသတွင်း ပြစ်မှုကျူးလွန်သူတွေဆိုပြီး သေဒဏ်စီရင်လာတာ ဖြစ်ပါတယ်။

နှစ်နှစ်ပြည့် NUG ရဲ့ စစ်ရေးအခြေအနေဘယ်လိုရှိလဲ

စစ်ရေးလေ့ကျင့်နေတဲ့ PDF ရဲဘော်တချို့

ဓာတ်ပုံ ရင်းမြစ်, PDF

အမျိုးသားညီညွတ်ရေးအစိုးရဖွဲ့စည်းခြင်း (၂) နှစ်ပြည့် ပြည်သူသို့ အစီရင်ခံစာကို မနေ့က ထုတ်ပြန်ရာမှာ တခြား ကဏ္ဍတွေနဲ့အတူ စစ်ရေးအခြေအနေကိုလည်း ဖော်ပြသွားပါတယ်။

တစ်နိုင်ငံလုံးမှာ PDF တပ်ရင်းနဲ့ စစ်ကြောင်း စုစုပေါင်း (၃၀၀) ကျော် ရှိနေပြီး မြို့နယ်ပေါင်း(၂၅၀)ကျော်မှာ ရပ်ရွာအခြေပြု ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) တွေကို စနစ်တကျဖွဲ့စည်းတည်ထောင်ထား ပြီး ပြီလို့ ထုတ်ပြန်ပါတယ်။

လူအင်အား (Man Power) အရ တိုက်ခိုက်ရေးအင်အားကို စစ်ကောင်စီတပ်တွေထက် “သာလွန် အင်အား” ဖြစ်အောင် (၂) နှစ်အတွင်း စုဖွဲ့တည်ဆောက်နိုင်ခဲ့တယ် လို့ NUG ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

PDF တပ်မတော်အတွက် လက်နက်တပ်ဆင်မှုကို အတိုင်းအတာတစ်ခုအထိ တပ်ဆင်နိုင်ခဲ့ပြီး ဒါဟာ ပြည်သူလူထုရဲ့ လှူဒါန်းကူညီမှု၊ မဟာမိတ်တိုင်းရင်းသား တော်လှန်ရေးအဖွဲ့တွေရဲ့ လက်တွဲဆောင်ရွက်မှုတို့ကြောင့်ဖြစ်တယ်လို့ NUG က ဆိုပါတယ်။

ပွဲသိမ်းအဆင့် တိုက်ခိုက်နိုင်တဲ့ လက်နက်အင်အား အခြေအနေရောက်ဖို့နဲ့ လေကြောင်းရန်ကို တန်ပြန် တိုက်ခိုက်ခုခံနိုင်ဖို့ ဗျူဟာမြောက် လက်နက်ပစ္စည်းတွေ အလုံအလောက် ရရှိနိုင်ဖို့လည်း ဆက်လက်ကြိုးပမ်းသွားမယ် လို့ NUG က ထုတ်ပြန်ပါတယ်။

NUG အနေနဲ့ စစ်မဟာဗျူဟာအရ ခံစစ် နဲ့စတင်ခဲ့ပြီး လက်ရှိမှာ တန်ပြန်ထိုးစစ်အကြိုကာလ ကို ရောက်ရှိနေပြီး နောက်ဆုံးအဆင့်ဖြစ်တဲ့ တန်ပြန်ထိုးစစ်ကာလ ကို ဆက်လက်တက်လှမ်းနိုင်ဖို့ စစ်လက်နက်ပစ္စည်းတွေ ရှာဖွေတပ်ဆင်ဖို့ အားစိုက်နေတယ်လို့ ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ၂ နှစ်အတွင်းကတိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်သား ၃ သောင်း ခန့် သေဆုံးနိုင်ပြီး တစ်သောင်းကျော် ထိခိုက်ဒဏ်ရာရနိုင်တယ်လို့ NUG က ထုတ်ပြန်ပါတယ်။

ဒါ့အပြင် အာဏာသိမ်းမှုကို လက်မခံတဲ့ တပ်မတော်သားနဲ့ရဲ တစ်သောင်းသုံးထောင်ကျော် ပြည်သူ့ရင်ခွင်ခိုလှုံ လာတယ်လို့ ထုတ်ပြန်ထားပါတယ်။

မဟာမိတ် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေနဲ့ အတူပူးပေါင်းပြီး ဗဟိုကွပ်ကဲရေးနဲ့ ပေါင်းစပ် ညှိနှိုင်းရေးကော်မတီ နဲ့ ပူးပေါင်းညှိနှိုင်းရေးကော်မတီ တို့ကို စုဖွဲ့လုပ်ဆောင်နေတယ်လို့ NUG က ထုတ်ပြန်ထားပါတယ်။

မြန်မာမှာ နိုင်ငံရေးအကျဥ်းသားတွေ လွှတ်ပေးမှု အားတက်မိကြောင်း ကုလအတွင်းရေးမှူးချုပ် ပြော

Aung San Suu Kyi and President Win Myint

ဓာတ်ပုံ ရင်းမြစ်, မောင်သိန်း(ဒဿနိက)

သမ္မတ ဦးဝင်းမြင့်နဲ့ အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်အပါအဝင် မတရားဖမ်းဆီးခံရသူတွေအားလုံးကိုချက်ချင်းလွှတ်ပေးဖို့လည်း တောင်းဆို

မြန်မာမှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ အကျဥ်းသားတွေကို လွတ်ငြိမ်ချမ်းသာခွင့်ပေးတဲ့ ကြေညာချက်နဲ့ပတ်သက်လို့ အားတက်မိကြောင်းနဲ့ သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်အပါအဝင် မတရားဖမ်းဆီးထိန်းသိမ်းခံထားရသူအားလုံးကိုလည်း ချက်ချင်းပြန်လွှတ်ပေးဖို့ ထပ်မံတောင်းဆိုလိုက်ပါတယ်။

ဗုဒ္ဓဟူးနေ့က ပြုလုပ်တဲ့ ကုလသမဂ္ဂရဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ ဒုတိယပြောခွင့်ရပုဂ္ဂိုလ်က မြန်မာမှာနိုင်ငံရေးအကျဥ်းသား နှစ်ထောင်ကျော်လွှတ်ပေးမှုနဲ့ပတ်သက်လို့ မေးမြန်းချက်ကို ပြန်လည်ဖြေကြားသွားတာဖြစ်ပါတယ်။

ဒါ့အပြင် မြန်မာမှာ အရပ်သားတွေအပေါ် ခွဲခြားဖိနှိပ်ဆက်ဆံမှုတွေ၊ စစ်တပ်ရဲ့မတရားဖမ်းဆီးထိန်း သိမ်းမှုတွေအပါအဝင် ဆက်လက်ဖြစ်ပွားနေတဲ့အကြမ်းဖက်မှုတွေအပေါ် အလေးအနက် စိုးရိမ်နေဆဲဖြစ်တယ်လို့လည်းဆိုပါတယ်။

မြန်မာမှာ မနေ့ မေ ၃ ရက်က နိုင်ငံရေးအကျဥ်းသား ၂၁၅၃ ဦးကို စစ်ကောင်စီက လွတ်ငြိမ်းခွင့်ပေးခဲ့ပေမဲ့ နိုင်ငံရေး အကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ မေလ ၃ ရက်နေ့ ညနေ ငါးနာရီထိ ကိန်းဂဏန်းအရ (၁၂၇၇) ဦးကို အတည်ပြုနိုင်ခဲ့ပြီး (၉၆) ဦးကိုသာ အမည်နဲ့တကွ အတည်ပြုနိုင်ခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် မနေ့က ပြန်လွတ်လာသူတွေထဲ​စစ်အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့ တက်ကြွလှုပ်ရှားသူတွေ ၊ ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တွေ၊ သတင်းထောက်တွေနဲ့ နိုင်ငံရေးသမားတွေ ပါဝင်တယ်ဆိုပေမဲ့ အများစုဟာ လွတ်ရက်နီးနေသူတွေဖြစ်ပြီး ပုဒ်မ ၅၀၅-က တစ်မျိုးတည်းကို လွတ်ငြိမ်းခွင့်ပေးခဲ့တာကြောင့် ဒီပုဒ်မအပါအဝင် နောက်ထပ် နိုင်ငံရေးပုဒ်မတွေနဲ့ထောင်ဒဏ်ချမှတ်ခံထားရတဲ့ နိုင်ငံရေးအကျဥ်းသားတွေတော့မပါဝင်ဘူးလို့ တရားရေးနဲ့နိုင်ငံရေးအသိုင်းအဝိုင်းထံက သိရပါတယ်။

ကုလအထူးကိုယ်စားလှယ် နိုလင်းဟေဇာက တရုတ်နိုင်ငံဘီဂျင်းကို မေလ ၁ ရက်ကနေ ၂ ရက်နေ့အထိ သွားရောက်ခဲ့ပြီး အဲဒီခရီးစဥ်အတွင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးချင်းဂန်း၊ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အာဆီယံရေးရာ အထူးကိုယ်စားလှယ် တိန်ရှီကျင်းတို့နဲ့တွေ့ဆုံခဲ့တယ်လို့ ကုလသမဂ္ဂက ဗုဒ္ဓဟူးနေ့မှာပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ ထုတ်ပြန်ပြောဆိုပါတယ်။

မစ္စနိုလင်းဟေဇာက မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့အကျပ်အတည်းကို နိုင်ငံတကာက ခိုင်ခိုင်မာမာနဲ့တုံ့ပြန်ဖို့ရာမှာ အကြမ်းဖက်မှုတွေ ရပ်တန့်ရေး၊ အရပ်သားတွေကိုကာကွယ်ရေးနဲ့ တည်ငြိမ်ရေးတို့အတွက် သြဇာလွှမ်းမိုးနိုင်တဲ့ အိမ်နီးချင်းနိုင်ငံတွေ ပါဝင်တဲ့ စုစည်းညီညွတ်တဲ့ ဒေသတွင်း ကြိုးပမ်းမှု လိုအပ်ကြောင်း မစ္စ ဟိုင်ဇာက အလေးအနက် ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းက ကုလလုံခြုံရေးကောင်စီမှာ သဘောတူချမှတ်ခဲ့တဲ့ မြန်မာ့အရေး အဆိုမူကြမ်း အမှတ် ၂၆၆၉ နဲ့ ကိုက်ညီအောင် အထူးကိုယ်စားလှယ်က အာဆီယံနဲ့အတူ နီးကပ်စွာ ဆက်လက်ပူးပေါင်းဆောင်ရွက်နေကြောင်းနဲ့ အကြမ်းဖက်မှုတွေ အရှိန်လျော့သွားစေရေးနဲ့ မြန်မာပြည်သူတွေလိုလားချက်နဲ့ ဆန္ဒရှိမှုအရ ရေရှည်တည်တံ့တဲ့ နိုင်ငံရေး အဖြေတစ်ခု ရရှိရေး ငြိမ်းချမ်းပြီး အားလုံးပါဝင်နိုင်သည့် လုပ်ငန်းစဉ်ကိုလည်း အထူးသံက ရှာဖွေနေတယ်လို့ ဆိုပါတယ်။