ကုန်စျေးနှုန်းနဲ့ အလုပ်သမား - အိမ်ရှိလူကုန် အလုပ်လုပ်ပေမဲ့ ကုန်စျေးနှုန်းကို လိုက်မမီ

လှိုင်သာယာ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ကြွေးရှင်တွေ တစ်ယောက်ပြီးတစ်ယောက် အိမ်ကို ကြွေးလာတောင်းတဲ့ အခါ မပေးနိုင်လို့ အဖေနဲ့ အမေ စကားများကြတဲ့ အချိန်ဟာ မနှင်းလဲ့ဝေ အတွက် စိတ်အဆင်းရဲရဆုံး အချိန်ဖြစ်ပါတယ်။

လှိုင်သာယာစက်မှုဇုန် အထည်ချုပ်စက်ရုံ တစ်ရုံမှာ အလုပ်လုပ်နေတဲ့ မနှင်းလဲ့ဝေတို့ အိမ်မှာ မိသားစု ၆ ယောက် ရှိပါတယ်။ လှိုင်သာယာမှာ အိမ်ခန်းလေး ငှားပြီး နေကြပါတယ်။

သူတို့ အိမ်ရှိလူကုန် ၆ ယောက်စလုံး ရရာ အလုပ်ကို တက်ညီလက်ညီ အလုပ် လုပ်နေကြပေမဲ့ အာဏာသိမ်းပြီးနောက် တက်ပြီးရင်း တက်လာနေတဲ့ ကုန်စျေးနှုန်းဒဏ်ကို ကာနိုင် ခံနိုင်လောက်တဲ့ အထိ ဝင်ငွေ မလုံလောက်ပါဘူး။

အာဏာသိမ်းပြီးနောက်ပိုင်း ကုန်စျေးနှုန်းတွေတက်လို့ စားဝတ်နေရေး ပိုကျပ်တည်းလာကြတဲ့ဒဏ်ကို တခြားအခြေခံ လူတန်းစားတွေလိုပဲ သူတို့ မိသားစု ခံနေရပါတယ်။

မြန်မာနိုင်ငံသား ထက်ဝက်လောက်ဖြစ်တဲ့ လူဦးရေ ၂၅ သန်းလောက်ဟာ ကိုဗစ်ကပ်ရောဂါကြောင့်ရော စစ်တပ်အာဏာသိမ်းတာကြောင့်ပါ ဆင်းရဲဒုက္ခ ဆိုက်ရောက်နေတယ်လို့ ကုလသမဂ္ဂဖွံဖြိုးရေးအစီအစဉ် UNDP ကသတိပေးထားပါတယ်။

၂၀၂၂ နှစ်ဦးပိုင်းက စလို့ မြန်မာနိုင်ငံက လူဦးရေထက်ဝက်ခန့်ဟာ ဆင်းရဲမွဲတေမှု သတ်မှတ်ချက်အောက်ရောက်လာခဲ့တာဖြစ်ပါတယ်။ ဒါဟာ ၂၀၀၅ ခုနှစ်ကတည်းက မြန်မာနိုင်ငံမှာ မကြုံခဲ့ရတဲ့ ဆင်းရဲမွဲတေမှုမျိုးဖြစ်တယ်လို့ ကုလသမဂ္ဂဖွံဖြိုးရေးအစီအစဥ်က ထုတ်ပြန်ထားပါတယ်။

အလုပ်သွားမယ့် အထည်ချုပ်အလုပ်သမား မနှင်းလဲ့ဝေ

ဓာတ်ပုံ ရင်းမြစ်, Ma Hnin Lei Wai

ဓာတ်ပုံ ပုံစာ, အလုပ်သွားမယ့် အထည်ချုပ်အလုပ်သမား မနှင်းလဲ့ဝေ
အထည်ချုပ်အလုပ်သမား မနှင်းလဲ့ဝေ

ဓာတ်ပုံ ရင်းမြစ်, Ma Hnin Lei Wai

ဓာတ်ပုံ ပုံစာ, အထည်ချုပ်အလုပ်သမား မနှင်းလဲ့ဝေ

မိသားစု အလုပ်နဲ့ ဝင်ငွေ

အထည်ချုပ်စက်ရုံ လုပ်ငန်းခွင်
ဓာတ်ပုံ ပုံစာ, အထည်ချုပ်စက်ရုံ လုပ်ငန်းခွင်

သူတို့အိမ်မှာ အသက် ၂၅ နှစ်အရွယ် အထည်ချုပ် စက်ရုံ အလုပ်သမား မနှင်းလဲ့ဝေက လစဉ် ပုံမှန် ဝင်ငွေ အကောင်းဆုံးသူ ဖြစ်ပါတယ်။ အချိန်ပို မဆင်းရဘူးဆိုရင်တောင် လစဉ် ကျပ်ငွေ နှစ်သိန်းကျော် ဝင်ငွေ ရှိပါတယ်။ ဆိုင်ကယ် ကယ်ရီဆွဲတဲ့ သူ့ယောက်ျားက ဝင်ငွေ ပုံသေ မရှိပါဘူး။

 အဖေဖြစ်သူက အရပ်ထဲမှာ အလုပ်ခေါ်ခိုင်းသူရှိရင် သွားလုပ်ပါတယ်။ တစ်နေ့ ကျပ်ငါးထောင်လောက် ရတဲ့နေ့ ရှိသလို အလုပ်ခိုင်းမယ့်သူ မရှိလို့ အလုပ်မလုပ်ရတဲ့နေ့တွေလည်း အများအပြား ရှိတတ်လို့ ပုံမှန် ဝင်ငွေ မရှိသူဖြစ်ပါတယ်။

 မနှင်းလဲ့ဝေရဲ့ အစ်ကိုက ကျပန်း အလုပ်လုပ်ပါတယ်။

"အဖေက အသက်ကြီးပိုင်းဆိုတော့ သူတတ်နိုင်သလောက် ရတာလေး ရှာဖွေပေးတယ်။ မလောက်ဘူး၊ အစ်ကိုကလည်း သူ ကြုံသလို လုပ်လို့ရတဲ့ အလုပ်က သူသုံးတာနဲ့ ကုန်တဲ့ သဘောရှိတယ်"လို့ မနှင်းလဲ့ဝေက ပြောပါတယ်။

အာဏာမသိမ်းခင်က ဆယ်တန်းအောင်ထားတဲ့ ၁၈ နှစ် အရွယ် ညီမလေးကတော့ တက္ကသိုလ်တက်မယ်၊ ကျောင်းဆရာမလေး ဖြစ်ချင်တယ်ဆိုတဲ့ ရည်ရွယ်ချက်ရှိခဲ့ပေမဲ့ အာဏာသိမ်းမှုကြောင့် မတက်ဖြစ်တော့ဘဲ ပြီးခဲ့တဲ့လက စပြီး အထည်ချုပ် စက်ရုံမှာပဲ အလုပ်ဝင်လိုက်ပါတယ်။ အခုဆို သူရဲ့ ဝင်ငွေက တစ်လစာပဲ ရပါသေးတယ်။

အမေဖြစ်သူကတော့ မုန့်ဟင်းခါး ရောင်းပါတယ်။

မနက်တိုင်း ဆိုင်ခင်းပြီး မုန့်ဟင်းခါးရောင်း

ဓာတ်ပုံ ရင်းမြစ်, Ma Hnin Lei Wai

ဓာတ်ပုံ ပုံစာ, မနက်တိုင်း ဆိုင်ခင်းပြီး မုန့်ဟင်းခါးရောင်း

မိသားစုဝင် အသီးသီးက သူတို့ အလုပ်လုပ်လို့ ရလာတဲ့ဝင်ငွေကို အိမ်စရိတ်အတွက် ထည့်ဝင်ကြပါတယ်။ ညီမလေးက လခ အားလုံးအပ်သလို မနှင်းလဲ့ဝေက လစဉ် ၁ သိန်းခွဲ သူ့အမေကို အပ်ပြီး ကျန်ငွေကို သူစုဆောင်းဖို့ ချန်ထားပါတယ်။

သူတို့ အဖေနဲ့ အမေ စကားများကြရတဲ့ အကြောင်းက မုန့်ဟင်းခါး ရောင်းမကောင်းတာနဲ့ ပတ်သက်နေပါတယ်။

တစ်ခါတလေ မုန့်ဟင်းခါး ရောင်းမကောင်းရင် အရင်း မလည်ဘူးလို့ မနှင်းလဲ့ဝေက ပြောပါတယ်။ ဒီတော့ နောက်တစ်နေ့ ရောင်းဖို့ ချက်ရမယ့် မုန့်ဟင်းရည်အတွက် ဟင်းခတ်ဖို့ ငါးဖိုး ကို သူများဆီက ချေးရပါတယ်။

ဒီကနေ့ယူ နောက်နေ့ သူတို့ ပြန်ဆပ်ရမယ့် အကြွေးတွေများတော့ ကြွေးရှင်တွေက ခဏခဏ အကြွေးလာတောင်းကြတဲ့အခါ မိသားစု စကားများကြရတာ ဖြစ်ပါတယ်။

စားစရိတ်၊ နေစရိတ်၊ ကုန်ကျစရိတ်

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

မနှင်းလဲ့ဝေတို့ မိသားစုက လှိုင်သာယာမှာ အိမ်ငှားနေကြပါတယ်။ အိမ်ငှားခ တစ်လ ကိုးသောင်း၊ ရေဖိုး မီးဖိုးနဲ့ပေါင်းရင် ကိုးသောင်းကျော် တစ်သိန်းနီးပါး ကုန်သွားပါပြီ။

ဒီတော့ မနှင်းလဲ့ဝေ ထည့်ဝင်တဲ့ အိမ်စရိတ် တစ်သိန်းခွဲက အိမ်လခ နုတ်လိုက်ရင် တစ်လစာ ဆန်ဖိုးအတွက် လိုငွေပြနေ ပါတော့တယ်။

ဆန်စျေးက ဆန်ကြမ်းတောင် တစ်အိတ်ကို ငါးသောင်းကျော် ခြောက်သောင်း ပေးရတယ်လို့ မနှင်းလဲ့ဝေက ပြောပါတယ်။ သူတို့ မိသားစုက တစ်လက ဆန် တစ်အိတ်နဲ့ တခွဲ ကုန်တယ်လို့ ဆိုပါတယ်။

အမေက မုန့်ဟင်းခါးရောင်းလို့ ရတဲ့ငွေကို ဟင်းစားဖိုး သုံးကြပါတယ်။ တစ်နေ့ကို နှစ်ထောင်ကျော် သုံးထောင်လောက် ရတဲ့ အမြတ်က ဟင်းစား ဝယ်ကြရပါတယ်။

ဟင်းချက်စရာစျေးနှုန်းတွေ ကလည်း အာဏာမသိမ်းခင် အချိန်ကထက် တက်လာတော့ မိသားစု နေ့စဉ် စျေးဖိုးက အခက်အခဲ ရှိလာကြပါတယ်။

တစ်ရက်စာ ဟင်းစားဖိုးက ကျပ် ၇၀၀၀ လောက်ကုန်တော့ သူ့ အမေ မုန့်ဟင်းခါး ရောင်းလို့ရတဲ့ အမြတ်နဲ့ မလောက်ပါဘူး။ ဒီတော့ အတိုးနဲ့ ငွေဆွဲရပြန်ပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း စားကုန်စျေးတွေတက်လာလို့ ငွေပိုကုန်ပါတယ်။ ချဉ်ပေါင်ရွက် တစည်း ကို အရင်က ၅၀ ကျပ်သာပေးရပေမဲ့ အခု ၁၅၀ ကျပ် ပေးဝယ်ရတယ်။ ကြက်သွန် တပိဿာက ပြီးခဲ့တဲ့လက ကျပ် ၃၀၀၀ နဲ့ ရပေမဲ့ အခု ကျပ် ၅၀၀၀ ကျော်ပေးမှ ရပါတော့တယ်။

ကြက်သွန်လို အခြေခံစားကုန်တွေ အဆမတန် စျေးတက်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ကြက်သွန်လို အခြေခံစားကုန်တွေ အဆမတန် စျေးတက်

အာဏာမသိမ်းခင်က ဟင်းချက်ဖို့ စားအုန်းဆီ ဝယ်ရင် ၅၀ သား တစ်ဘူးကို ၉၀၀ ကျပ် နဲ့ ရပေမဲ့ အာဏာသိမ်းပြီး တစ်လကျော်မှာ တစ်ဆယ်သားကို တစ်ထောင်အထိ ပေးပြီး ဝယ်စားခဲ့ရတယ်လို့ မနှင်းလဲ့ဝေက ပြောပါတယ်။ နောက်ပိုင်း တဖြည်းဖြည်း စျေးပြန်ကျလာလို့ အခု တစ်ဆယ်သားကို ၆၀၀ ကျပ် ၇၀၀ ကျပ်လောက်ပေးရတယ်။ ပိဿာလိုက် မဝယ်နိုင်လို့ ဒီလောက်ပေးရတာလို့ ဆိုပါတယ်။

 မိသားစု အားလုံး တန်းတူ ညီမျှ တစ်အိုးတည်းစားကြပြီး တစ်ပတ်ကို နှစ်ရက် အသားဟင်း ချက်စားကြပါတယ်။ အသားချည်းပဲ ချက်မစားနိုင်တော့ ဝက်သားနဲ့ အာလူးရောချက်၊ မျှစ်ချဉ်နဲ့ ရောချက်တာမျိုးလုပ်ရပါတယ်။ ကျန်တဲ့ရက်က အသီးအရွက်နဲ့ အကြော်အလှော်လေး ငါးပိရည် တို့စရာနဲ့ စားကြပါတယ်။

မနက်အစောစာ အဖြစ် အမေရောင်းတဲ့ မုန့်ဟင်းရည်နဲ့ ထမင်းကြမ်း၊ တစ်ခါတလေ မုန့်ဟင်းခါး စားကြပါတယ်။ နေ့တိုင်း ယူစားရင် အရင်းပြုတ်မှာ စိုးရိမ်လို့ နေ့တိုင်းတော့ မစားနိုင်ကြပါဘူး။ တချို့ရက်တွေ ထမင်းကြမ်းနဲ့ မနက်အစောစာ ကိုဖြေရှင်းကြပါတယ်။

လခ ထုတ်ပြီးနောက်တစ်နေ့ ဆိုရင်တော့ တစ်လ တစ်ရက် ဆိုသလို အပြင်စာ ဝယ်စားဖြစ်ကြတယ်လို့ မနှင်းလဲ့ဝေက ပြောပါတယ်။

ဆန်ကြမ်းစျေးတောင် ခေါင်ခိုက်အောင်တက်နေလို့ ခက်ခဲနေကြ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဆန်ကြမ်းစျေးတောင် ခေါင်ခိုက်အောင်တက်နေလို့ ခက်ခဲနေကြ

ဘဝမှာ အကျပ်တည်းဆုံးအချိန်

မနှင်းလဲ့ဝေတို့မိသားစု ဧရာဝတီတိုင်းကနေ ရန်ကုန်ကို ပြောင်းရွှေ့နေထိုင်လာတဲ့ ဘဝ တလျှောက်မှာ အခု လက်ရှိ အခြေအနေက စားဝတ်နေရေး အကျပ်တည်းဆုံးပဲလို့ ပြောပါတယ်။

ဒါတင်မက စိတ်ရော၊ လူရော ပင်ပန်းဆင်းရဲကြရတဲ့ အချိန်ကာလလို့ ဆိုပါတယ်။

အရင်တုန်းက မိသားစု ရွှေတိဂုံဘုရားသွားဖူးတာလိုမျိုး အပြင်ထွက်နိုင်ကြပေမဲ့ အခု ဘုရားတောင် မသွားနိုင်တော့ဘူးလို့ မနှင်းလဲ့ဝေက ပြောပါတယ်။

အိမ်လခတွေက တဖြည်းဖြည်းနဲ့ စျေးတက်လာတာ၊ အထွေထွေ စားကုန်စျေးနှုန်းတွေ တရိပ်ရိပ် မြင့်တက်လာတာတွေကြောင့် ဖြစ်ပေါ်လာတဲ့ စားဝတ်နေရေး ခက်ခဲ ကျပ်တည်းမှုကို ကာမိအောင် ဝင်ငွေပိုရအောင် ရှာမယ် ဆိုပြန်တော့ အလုပ်အကိုင်တွေက ရှားပါးပြီး ရှာလို့မရကြပါဘူး။

 ပြင်ထွက်ပြီး သွားလာလုပ်ကိုင်တဲ့နေရာမှာလည်း အာဏာသိမ်းပြီးနောက်မှာ ရိုက်နှက် လုယက်တာတွေ၊ အသက်အန္တရာယ်အထိ ရန်ပြုပြီးလုယက်တာတွေ ရှိနေတာတွေ ကြားနေရလို့ ခင်ပွန်းဖြစ်သူ လုပ်နေကျ ဆိုင်ကယ် ကယ်ရီဆွဲတဲ့ အလုပ်ကိုတောင် အခြေအနေကြည့်ပြီး လုပ်နေရတယ်၊ အလုပ်သွားလုပ်သူ အိမ်ပြန်ရောက်လာမှ မနှင်းလဲ့ဝေ သက်ပြင်း ချနိုင်ပါတယ်။

မျှော်မှန်း အိပ်မက်

၁၃ ပေ x ၁၆ ပေ အိမ်ခန်းလေးကို တစ်လ ကျပ် ၉ သောင်းနဲ့ ငှားနေကြ

ဓာတ်ပုံ ရင်းမြစ်, Ma Hnin Lei Wai

ဓာတ်ပုံ ပုံစာ, ၁၃ ပေ x ၁၆ ပေ အိမ်ခန်းလေးကို တစ်လ ကျပ် ၉ သောင်းနဲ့ ငှားနေကြ

အခု လက်ရှိ နေထိုင်နေတဲ့ နေရာမှာ တစ်သက်လုံး နေထိုင်ဖို့ အထည်ချုပ် အလုပ်သမလေး မနှင်းလဲ့ဝေမှာ စိတ်ကူးမရှိပါဘူး။

သူ့မှာ အဓိက ရည်မှန်းချက် နှစ်ခု ရှိပါတယ်။

တစ်ခုက နယ်မှာနေတုန်းက ငွေ ၁၃ သိန်းနဲ့ ပေါင်ခဲ့ရတဲ့ သူ့အဖေရဲ့ လယ်မြေ တစ်ဧက လောက်ကို ပြန်ရွေးပေးချင်တာပါ။ ရန်ကုန်ကို ပြောင်းမလာကြခင် နယ်မှာ သူ့မိဘတွေက လယ်လုပ်ကြပါတယ်။

၂၀၀၈ ခုနှစ်က နာဂစ် မုန်တိုင်းကြောင့် ဧရာဝတီတိုင်း ဘိုကလေးမြို့နယ် မြင်းကကုန်းရွာကနေ ရန်ကုန်ကို မိသားစုလိုက် ပြောင်းရွှေ့လာပြီး အလုပ်လုပ်ကြတာဖြစ်ပါတယ်။

အရင်က လယ်မြေတွေ အများကြီးရှိခဲ့ပေမဲ့ နာဂစ် ဒဏ်ခံရပြီးနောက် တဖြည်းဖြည်းနဲ့ အကြွေးတွေ ပိလာပြီး ၁ ဧက ကျော်ပဲ ရှိတော့တဲ့ လယ်လေးကို ပေါင်ခဲ့ရတာပါ။ ဒီတော့ ရွာပြန်ပြီး လုပ်ကိုင်စားသောက်ဖို့ ဘာမှ မရှိကြတော့ပါဘူး။

ဒီလယ်ကို ပြန်ရွေးပေးနိုင်ရင် အခု အသက်ကြီးလာပြီဖြစ်တဲ့ မိဘတွေက ကိုယ်တိုင်လယ်ယာ မလုပ်နိုင်တော့ရင်တောင် သီးစားလေး ချထားပြီး လုပ်ကိုင်စေချင်တဲ့ ဆန္ဒ ရှိပါတယ်။

နောက်တခုကတော့ အခုလို စက်ရုံမှာ အလုပ်သမားအဖြစ်မဟုတ်ဘဲ ကိုယ်ပိုင် အလုပ်ကလေး တခုခု လုပ်ချင်တဲ့ ဆန္ဒ ရှိတယ်လို့ မနှင်းလဲ့ဝေက ပြောပါတယ်။

သူသိသလောက် အရစ်ကျ ငွေချေပြီး မြေနေရာ ဝယ်လို့ ရတာ ရှိတယ်။ အဲဒီလို ဝယ်နိုင်ရင် စျေးရောင်းတာမျိုးလို ကိုယ်ပိုင် အလုပ်ကလေး လုပ်ချင်တယ်၊ လခစားအလုပ်သမားအနေနဲ့ ဆိုရင်တော့ တိုးတက်မှာ မဟုတ်ဘူးလို့ သူက တွက်ပါတယ်။

ဒါပေမဲ့ လစဉ် ဝင်ငွေထဲက တစ်လ တစ်လ သူ ခြစ်ခြုတ် ကုတ်ကပ်ပြီး သိမ်းထားနိုင်တဲ့ ပမာဏက သောင်းဂဏန်းတောင် အနိုင်နိုင်ပါ။ ဆိုင်ကယ် ကယ်ရီဆွဲတဲ့ သူ့ယောကျာ်း ရှာလို့ ရတဲ့နေ့စဉ် ဝင်ငွေကို မသုံးဘဲ ကျစ်ကျစ်ပါအောင် စုထားမယ်လို့ သူတို့ တိုင်ပင်ကြပါတယ်။

မြေကွက်လေး ဝယ်ရင် ပေ ၂၀ x ပေ ၆၀ ကို ကျပ် ၄၅ သိန်း၊ သိန်း ၅၀ စသဖြင့် စျေးက အစားစား ရှိတယ်၊ အရစ်ကျ ဝယ်မယ် ဆိုရင် အနည်းဆုံး ငွေ ၁၅ သိန်းလောက်ကို အရင် ပေးရမယ်၊ လစဉ် ၁ သိန်းခွဲ ၂ သိန်းလောက်ကို သွင်းရမယ် ဆိုတော့ အဲဒီလို ပေးနိုင်ဖို့က လက်ရှိ အနေအထားမှာ မနှင်းလဲ့ဝေအတွက် မနီးစပ်သေးပါဘူး။

ဒီလို ပေးနိုင်တယ်ပဲထား၊ မရှိမဲ့ရှိမဲ့ ငွေလေးနဲ့ ဒီလို ဝယ်ဖို့ရာ အခုက မယုံကြည်ရပြန်ဘူး၊ မင်္ဂလာဒုံဘက်မှာဆို အိမ်ကြီးအိမ်ကောင်းတွေတောင် ဖျက်နေရတာ ဆိုတော့ စိတ်မချဘူး၊ ဝယ်ရမှာ စိုးရိမ်မိတယ်လို့ မနှင်းလဲ့ဝေက ပြောပါတယ်။

ဒီတော့ သူ့အဖို့ အိပ်မက်လိုပဲ မရေရာတဲ့ ရည်မှန်းချက် ဖြစ်နေပြန်ပါတယ်။

စက်ရုံပိတ်ရင် ဘယ်လိုလုပ်ကြမလဲ

အထည်ချုပ်စက်ရုံ လုပ်ငန်းခွင်
ဓာတ်ပုံ ပုံစာ, အထည်ချုပ်စက်ရုံ လုပ်ငန်းခွင်

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းခဲ့ပြီးနောက် ဖြစ်ပေါ်လာတဲ့ နိုင်ငံရေး အခြေအနေတွေကြောင့် ရင်းနှီးမြှုပ်နှံသူတွေ တစတစ ပြည်တွင်းကနေ ထွက်ခွာကြတာ၊ အထည်ချုပ် စက်ရုံတွေ အပါအဝင် စက်ရုံ အလုပ်ရုံတွေ ပိတ်သိမ်းသွားကြလို့ အလုပ်သမားတွေ အလုပ်လက်မဲ့ ဖြစ်ကြရတဲ အခြေအနေတွေ ရှိနေပါတယ်။

မနှင်းလဲ့ဝေ လုပ်တဲ့ အထည်ချုပ် စက်ရုံမှာလည်း အချိန်ပို မဆင်းရလို့ အချိန်ပို အိုဗာတိုင်ကြေး မရတဲ့ အတွက် သူ့ဝင်ငွေ လျော့နေတာ လ အတန်ကြာနေပါပြီ။ အချိန်ပိုဆင်းရတဲ့ လတွေက လစဉ် ဝင်ငွေ သုံးသိန်းနီးပါး ရခဲ့ပေမဲ့ အခုက ပုံမှန် နေ့စား လရှင်း လစာ နှစ်သိန်းကျော်ရုံပဲ ရပါတော့တယ်။ အော်ဒါတွေ အလာနည်းလို့ လို့ သိရကြောင်း မနှင်းလဲ့ဝေက ပြောပါတယ်။

ဒီတော့ စက်ရုံတွေ ပိတ်ပြီး ပြန်သွားကြမှာ အလုပ်သမားအများက စိုးရိမ်ကြပါတယ်။ အဲဒီလို စိုးရိမ်တဲ့ အလုပ်သမားတွေထဲ မနှင်းလဲ့ဝေ လည်း ပါမှာပဲလို့ ယူဆရင်တော့ မှားပါလိမ့်မယ်။

မနှင်းလဲ့ဝေက ရှိသမျှ စက်ရုံတွေ၊ ရင်းနှီးမြှုပ်နှံမှုတွေ မြန်မာ နိုင်ငံကနေ အားလုံးထွက်၊ မြန်မြန်ထွက်ရင် အခုလက်ရှိ ဖြစ်နေတဲ့ နိုင်ငံရေး အကျပ်အတည်းတွေ မြန်မြန်ရှင်းသွားမယ်လို့ ယုံကြည်သူဖြစ်ပါတယ်။

စက်ရုံအလုပ်သမား အားလုံးရဲ့ အင်အားနဲ့ မြန်မာ့နိုင်ငံရေး အပြောင်းအလဲ ဖော်ဆောင်နိုင်လိမ့်မယ်လို့ သူက ယုံကြည်ပါတယ်။

စက်ရုံတွေ အားလုံး ပိတ်လိုက်ရင် ရှိသမျှ အလုပ်သမားတွေ အလုပ်လက်မဲ့ ဖြစ်ပြီးဒုက္ခရောက်ကြမယ်လို့ ပြောဆိုတာကိုလည်း မနှင်းလဲ့ဝေက လက်မခံပါဘူး။

စက်ရုံအလုပ်ကနေ ပုံမှန် လခ ရနေတာ ကောင်းတယ်၊ ဒါပေမဲ့ စက်ရုံတွေ မရှိတော့လို့ အလုပ်မရှိတော့ရင် အရင်တုန်းကလို စက်ရုံတွေ မရှိခင်တုန်းက လုပ်ခဲ့ကြတဲ့ အလုပ်မျိုးတွေ လုပ်ပြီး ပိုက်ဆံရှာနိုင်တယ်၊ ဒီစက်ရုံတွေ မရှိခင်၊ ဒီစက်ရုံတွေမှာ အလုပ် မလုပ်ကြခင် အချိန်က လူတွေ ဘယ်မှာ အလုပ်လုပ်ကြလဲလို့ မနှင်းလဲ့ဝေက မေးခွန်းထုတ်ပါတယ်။

စက်ရုံတွေပိတ်လို့ အလုပ်မရှိလည်း တခြားအလုပ် လုပ်စားမယ်လို့ သူဆိုလိုတာဖြစ်ပါတယ်။

ရန်ကုန်တိုင်းထဲမှာ အထည်ချုပ်စက်ရုံ ၃၀၀ ကျော်ရှိပြီး အထည်ချုပ်အလုပ်သမားပေါင်း နှစ်သိန်းကျော်ရှိတယ်လို့ မကြာသေးခင်နှစ်တွေအတွင်းက ထွက်ခဲ့တဲ့ တရားဝင်စာရင်းတွေအရ သိရပါတယ်။

မြန်မာနိုင်ငံတစ်ဝန်းက စက်ရုံ အလုပ်သမားတွေထဲမှာ မနှင်းလဲ့ဝေတို့ထက်ပိုပြီး ဆင်းရဲကျပ်တည်းသူတွေက အများအပြားရှိပါတယ်။

ကိုယ်နေထိုင်ကျင်လည်ရတဲ့ လူမှု အသိုင်းအဝိုင်း အတွင်းမှာ လူတိုင်းက ကိုယ့်အတိုင်းအတာနဲ့ကိုယ် မျှော်လင့်ချက် ရည်မှန်းချက် ကိုယ်စီနဲ့ ဘဝ ခရီးကို လျှောက်လှမ်း နေကြသူတွေဖြစ်ပါတယ်။

နိုင်ငံရေး၊ စီးပွားရေး အခြေအနေတွေနဲ့ အဆမတန် မြင့်တက်လာတဲ့ ကုန်စျေးနှုန်းရဲ့ ရိုက်ခတ်မှုဒဏ်ကို မနှင်းလဲ့ဝေတို့လို အခြေခံ အလုပ်သမား မိသားစုတွေက ပိုပြီး အလူးအလိမ့် ခံနေကြရ ပါတယ်။