ထောင်တွင်းက ရဟန်းအကျင့်

၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးကနေ ၂၀၂၁ အာဏာသိမ်းပွဲကို ဆန့်ကျင်လှုပ်ရှားမှုတွေအထိ မြန်မာ့နိုင်ငံရေးမှာ သံဃာထုရဲ့ပါဝင်မှုအခန်းကဏ္ဍက မသေးပါဘူး။
အဲဒီကာလတွေမှာ စစ်အစိုးရနဲ့ စစ်တပ်ကို ဆန့်ကျင်လှုပ်ရှားမှုတွေကြောင့် သံဃာတွေလည်း ဖမ်းဆီးထောင်ချခံခဲ့ရပါတယ်။ ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်မှာဆိုရင် ဖမ်းဆီးခံရတဲ့ သံဃာ ၁၄၁ ပါးရှိပြီး ၁၁၇ ပါးကတော့ လက်ရှိအချိန်အထိ ထောင်ထဲမှာ ရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း - AAPP က ဘီဘီစီကို ပြောပါတယ်။
စပြီးဖမ်းဆီးခံရချိန်မှာ သာမက နိုင်ငံရေးအကျဉ်းသားတွေရဲ့ ငရဲခန်းလို့ တင်စားပြောဆိုကြတဲ့ စစ်ကြောရေးမှာလည်း ရိုက်နှက်ခံကြရတယ်လို့ လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း သံဃာတွေက ပြောပါတယ်။
လွတ်မြောက်လာတဲ့ သံဃာ ၂၄ ပါးဟာ အဖမ်းခံရချိန်မှာ ဆွဲချွတ်ခံခဲ့ရတဲ့ သင်္ကန်းတွေကို လွတ်မြောက်ချိန်ကျမှ ပြန်ဆင်မြန်းကြရပါတယ်။
အဖမ်းခံရပြီးနောက် သင်္ကန်းပါ ဆွဲချွတ်ခံရ

ဓာတ်ပုံ ရင်းမြစ်, CJ
သံဃာတော်တွေ လူဝတ်လဲတာကို "သိက္ခာချ"တယ်လို့ သုံးနှုန်းပါတယ်။
ပုံမှန်အခြေအနေမှာ ရဟန်းတစ်ပါးက သိက္ခာချ လူဝတ်လဲတော့မယ်ဆိုရင် လူဝတ်လဲချင်တဲ့ အကြောင်းပြောပြီး ရဟန်းတစ်ပါး ဒါမှမဟုတ် လူတစ်ယောက်ကို အသိသက်သေထားပြီး လူဝတ်လဲရတာပါ။
"သင်္ကန်းဆိုတာ သူတို့က အာဏာသုံးပြီး အတင်းအဓမ္မဆွဲချွတ်ပေမဲ့ ရဟန်းကိုယ်တိုင်က သင်္ကန်းချွတ်ချင်တဲ့စိတ်၊ လူဝတ်လဲချင်တဲ့စိတ် မရှိရင် သိက္ခာချတယ်လို့ မမည်ဘူး။ သင်္ကန်းမဝတ်ထားပေမဲ့ ရဟန်းပဲ"လို့ ပြီးခဲ့တဲ့လက အင်းစိန်ထောင်ကနေ လွတ်မြောက်လာတဲ့ ဆရာတော် ဦးပညာဇောတက ဘီဘီစီကို မိန့်ကြားပါတယ်။
မွေးရပ်မြေ မကွေးတိုင်းနတ်မောက်မြို့နဲ့ ဘွဲ့နာမည်ထဲက ဇော ကို ထုတ်နုတ်၊ ပေါင်းစပ်ပြီး ဦးပညာဇောတကို "နတ်ဇော" လို့ လည်း နိုင်ငံရေး အကျဉ်းသားဟောင်းတွေရဲ့ အသိုင်းအဝန်းမှာ လူသိများကြပါတယ်။
ဆရာတော်ဟာ ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေး ဦးဆောင်သူတွေထဲမှာ ပါဝင်ခဲ့တာကြောင့် စစ်တပ်ရဲ့ ဖမ်းဆီးမှုတွေကို တိမ်းရှောင်ဖို့အတွက် ပြည်ပကို ရောက်ခဲ့ပြီး အမေရိကန် နိုင်ငံသားအဖြစ် ခံယူထားသူ ဖြစ်ပါတယ်။
၂၀၂၄ ခုနှစ် နိုဝင်ဘာမှာ ပြည်တွင်းပြန်လာပြီး ဘုန်းကြီးကျောင်းဆောက်ဖို့ စီစဥ်လုပ်ကိုင်နေချိန်မှာ စစ်တပ်က ဖမ်းဆီးလိုက်တာပါ။
အမေရိကန်နိုင်ငံသား ဖြစ်သလို၊ ရဟန်းတစ်ပါးဖြစ်တဲ့ ဆရာတော် ဦးပညာဇောတဟာ ရန်ကုန်မြို့ မြောက်ဥက္ကလာပအဝိုင်းကြီးနားမှာ သူစီးလာတဲ့ကားကို စစ်တပ်ကားက နောက်ကနေ တိုက်ပြီး ရိုက်နှက်ဖမ်းဆီးခံခဲ့ရတာပါ။
"ကားနဲ့တိုက်ပြီးတာနဲ့ လက်ထိပ်ခတ်၊ မျက်နှာကို အဝတ်နက်နဲ့စည်း၊ လက်သီးနဲ့ နားရင်းတွေ၊ နောက်ကျောတွေ ရင်ဘတ်တွေကို ထိုးတာ" လို့ ဆရာတော်က မိန့်ပါတယ်။
စစ်ကြောရေးမှာလည်း ဆက်ပြီးထိုးနှက်၊ ကန်ကြောက်ခံရပြီး ဓမ္မာရုံမှာ လူဝတ်လဲဖို့ သင်္ကန်းဆွဲချွတ်ခံခဲ့ရတယ်လို့ ဆရာတော်က ပြန်ပြောပြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, သံဃသမဂ္ဂ (မန္တလေး)
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
အဲဒီနောက် စစ်တပ်က ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅-က၊ လဝကအက်ဥပဒေတို့နဲ့ ဦးပညာဇောတကို ကနဦး တရားစွဲဆိုခဲ့ပြီး အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(ည)၊ ၅၂(က)တွေနဲ့ပါ ထပ်တရားစွဲပြီး ထောင်ဒဏ် ၁၅ နှစ်ချခဲ့တာပါ။
စစ်တပ်ဟာ ဘာသာရေးကို ဘယ်လိုတန်ဖိုးထားတဲ့အကြောင်း ဆက်တိုက်ပြောနေပေမဲ့ စစ်အာဏာသိမ်းတာကို ဆန့်ကျင်လာတဲ့ ဘယ်သံဃာ၊ သီလရှင်ကိုမဆို ရိုက်နှက်၊ ဆဲဆိုဖို့ ဝန်မလေးဘူးလို့လည်း နိုင်ငံရေးအကျဉ်းသားဟောင်း ရဟန်းတွေက မိန့်ကြားပါတယ်။
စစ်တပ်အာဏာသိမ်းတာကို ဆန့်ကျင်ဆန္ဒပြခဲ့လို့ ၂၀၂၁ ခုနှစ် မေလမှာ အဖမ်းခံရတဲ့ မန္တလေးမြို့က သံဃသမဂ္ဂ(မန္တလေး) က ဦးဓမ္မမေတ္တာကတော့ ဖမ်းဆီးခံရချိန်မှာ ရိုက်နှက်ခံရပြီး လူဝတ်လဲခံရတာပါ။
"ကျောင်းသားတစ်ယောက်နဲ့ ဘုန်းဘုန်းစီးလာတဲ့ ဆိုင်ကယ်ကို နောက်ကနေ စစ်တပ်က ကားနဲ့ဝင်တိုက်တာ။ လူတခြား ဆိုင်ကယ်တခြားပဲ။ ပြီးတာနဲ့ ကားပေါ်ဆွဲတင်၊ တရစပ်ရိုက်၊ နားနဲ့ပြန်ကြားဖို့တောင်မသင့်တဲ့ စကားတွေနဲ့ဆဲတယ်။ ပြီးတော့ စွပ်ကျယ်နဲ့ပုဆိုးပေးပြီး ချက်ချင်းလူဝတ်လဲခိုင်းတာ"လို့ ဦးဓမ္မမေတ္တာက မိန့်ပါတယ်။
ဦးဓမ္မမေတ္တာကလည်း ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅-က နဲ့ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) နဲ့တရားစွဲ ထောင်ချခံခဲ့ရပါတယ်။
အတင်းအဓမ္မ လူဝတ်လဲခံရပေမဲ့ ရဟန်းတစ်ပါးရဲ့ အကျင့်သီလကို ကိုယ်တိုင်စောင့်ထိန်းသရွေ့ တခြားလူက ဖျက်ဆီးလို့မရဘူးလို့လည်း ဦးဓမ္မမေတ္တာက ဆက်မိန့်ပါတယ်။
ရဟန်းတွေကို အရေးယူမယ်ဆိုရင်

ဓာတ်ပုံ ရင်းမြစ်, သံဃသမဂ္ဂ (မန္တလေး)
ရဟန်းတစ်ပါးပါးဟာ သီချင်းဆို၊ ပွဲကြည့် အပါအဝင် အာပတ်သင့် (အပြစ်သင့်)တာမျိုးမဆိုထားနဲ့ ရဟန်းအဖြစ် ရှိမနေသင့်တော့တဲ့ ပါရာဇိက အပြစ်ထိုက်တဲ့ ရဟန်းတွေကိုတောင် အတင်းအဓမ္မ သင်္ကန်းချွတ်ခွင့်မရှိဘူးလို့ နိုင်ငံရေးအကျဉ်းသားဟောင်း သံဃာတော်တွေက မိန့်ပါတယ်။
ပါရာဇိကမှာ မေထုန်မှီဝဲတာ၊ ခိုးမှုကျူးလွန်တာ၊ လူ့အသက်သေစေတာ၊ ဈာန်မဂ်ဖိုလ်မရဘဲ ရပြီဆိုပြီး ကြွားဝါတာ စတဲ့ အပြစ်မျိုးပါ။
ပါရာဇိကကျတဲ့ ရဟန်းတစ်ပါးကို အရေးယူတော့မယ်ဆိုရင် မြို့နယ်၊ တိုင်း၊ ဗဟို သံဃမဟာနာယက အဆင့်ဆင့်ကနေ စစ်ဆေးဆုံးဖြတ်ပြီးမှ သင်္ကန်းချွတ်ရတာလို့ ဆရာတော် ဦးပညာဇောတက မိန့်ပါတယ်။
ရဟန်းအဖြစ်ကနေ သင်္ကန်းချွတ်ပြီးကာမှ အရပ်ဘက်တရားရုံးတွေကနေ အရေးယူတာတွေ ဆက်လုပ်ရတာပါ။
"ပါရာဇိက အပြစ်ထိုက်နေတဲ့ ရဟန်းတစ်ပါးကိုတောင် သင်္ကန်းဆွဲချွတ်တာမျိုး မလုပ်ရဘူး။ ဘယ်အစိုးရမှ ဆွဲချွတ်ခွင့်မရှိဘူး။ ဘုန်းဘုန်းတို့က ပါရာဇိက သင့်နေတာလည်းမဟုတ်ဘူး။ အဲဒါကို သင်္ကန်းဆွဲချွတ်တာက ဘာသာရေးအခွင့်အရေး ချိုးဖောက်တာပဲ"လို့ ဆရာတော် ဦးပညာဇောတက မိန့်ပါတယ်။
ဒီအချက်ကို အကျဉ်းဦးစီးဌာနက အငြိမ်းစားအရာရှိတစ်ဦးကလည်း ထောက်ခံထားပါတယ်။
အကြောင်းကတော့ "ထုံးစံအရက ဘူးတံခါးလို့ ခေါ်တဲ့ထောင်တံခါးဝရောက်မှ တိုင်းမှူးရှေ့မှာ သာသနာရေး ဦးစီးဌာနကနေ သင်္ကန်းချွတ်ပြီး ထောင်အဝတ်အစားလဲပေးရတာ"လို့ အရာရှိဟောင်းက ပြောပါတယ်။
အာဏာသိမ်း စစ်တပ်က တော်လှန်ရေးမှာ ပါဝင်လို့ ဖမ်းဆီးထားတဲ့ ရဟန်းတွေနဲ့ ပတ်သက်ပြီး အထူးတလည် ထုတ်ပြန်တာ မရှိပေမဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကြောင့် ပျံလွန်တော်မူရတဲ့ ရဟန်းအရေအတွက်ကိုတော့ မကြာခဏ ထည့်သွင်းပြောတာ တွေ့ရပါတယ်။
စစ်ကော်မရှင် ပြန်ကြားရေးခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက အမျိုးသားညီညွတ်ရေးအစိုးရ- NUG ၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ - CRPH ၊ ပြည်သူ့ကာကွယ်ရေးတပ် - PDF၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း- EAO တွေကြောင့် သေဆုံးသူတွေထဲမှာ ရဟန်းသံဃာတွေ အပါအဝင် ၈၁၀၀ ကျော် ရှိတယ်လို့ နိုင်ငံပိုင် ရုပ်သံကနေ ကြေညာထားပါတယ်။
၂၀၂၄ ခုနှစ်၊ ဇွန် ၁၉ ရက်တုန်းက ပစ်ခတ်မှုတစ်ခုအတွင်း ပဲခူးမြို့ ဝင်းနိမ္မိတာရုံဆရာတော်ပျံလွန်တော်မူခဲ့ပါတယ်။
PDF တွေ ပစ်ခတ်လို့ ပျံလွန်တော်မူတာပါလို့ နိုင်ငံပိုင်ရုပ်သံမီဒီယာတွေမှာ ကနဦးလွှင့်ခဲ့ပေမဲ့ ဇွန် ၂၁ ရက်မှာတော့ စစ်တပ်က ပစ်ခတ်လို့ ပျံလွန်တော်မူရတာလို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြန်လည်ဝန်ခံခဲ့ပါတယ်။
ဝင်းနိမ္မိတာရုံဆရာတော်ဟာ နိုင်ငံတော် သံဃမဟာနာယက ဆရာတော်အဖြစ် တာဝန်ယူခဲ့တဲ့ ထင်ရှားတဲ့ ဆရာတော် ဖြစ်ပါတယ်။
အကျဉ်းခန်းထဲမှာပဲ ရဟန်းအလုပ် လုပ်ခဲ့တယ်

ဓာတ်ပုံ ရင်းမြစ်, Getty Images
ကိုယ့်စိတ်ဆန္ဒမပါဘဲ လူဝတ်လဲထားရပေမဲ့ ရဟန်းတစ်ပါး အဖြစ် ခံယူထားကြတာမို့ ရဟန်းတွေရဲ့ ဝိနည်း၊ သိက္ခာ၊ အလုပ်တွေကို ထောင်ထဲမှာပဲ ဆက်လုပ်ဖြစ်ကြတယ်လို့ နိုင်ငံရေး အကျဉ်းသားဟောင်း သံဃာတွေက မိန့်ကြားပါတယ်။
နေ့စဉ်လုပ်နေကျအတိုင်း ဘုရားရှိခိုး၊ မေတ္တာပို့၊ တရားထိုင် စတာတွေကို အပြာရောင် အကျဉ်းသားအဝတ်နဲ့ပဲ အဆက်မပြတ် လုပ်ဆောင်ခဲ့ကြပါတယ်။
အကျဉ်းထောင်မှာလည်း နိုင်ငံရေးအကျဉ်းသားတွေအချင်းချင်းက ရဟန်းမှန်း သိတာကြောင့် ရိုရိုသေသေ ဆက်ဆံကြသလို ရဟန်းတပါးလိုမျိုး ကြည်ညို တန်ဖိုးထားကြတယ်လို့လည်း မိန့်ကြပါတယ်။
"စာချဘုန်းကြီးဆိုတော့ စာချတဲ့အချိန်ဆို တရားထိုင်တယ်။ သံဃသမဂ္ဂတွေ ဆန္ဒပြမယ့်အချိန် ရောက်ရင် ဆန္ဒပြမယ့် နေရာကို မှန်းဆပြီး ဘေးကင်းစေဖို့ မေတ္တာပို့တယ်" လို့ သံဃသမဂ္ဂ(မန္တလေး) က ဦးဓမ္မမေတ္တာက မိန့်ပါတယ်။
သက်တော် ၃၀ ဝါတော် ၁၂ ဝါရှိတဲ့ ဦးဓမ္မမေတ္တာက ထောင်ကျနေတဲ့ တစ်လျှောက်လုံး ရဟန်းတွေရဲ့ သီလအတိုင်း နေ့လွဲညစာ မှီဝဲတာကို ရှောင်ခဲ့ပါတယ်။
ဒါပေမဲ့ သက်တော် ၆၅ နှစ်၊ ဝါတော် ၄၅ ဝါရှိတဲ့ ဆရာတော် ဦးပညာဇောတကတော့ ကျန်းမာရေးကြောင့် တစ်ခါတလေ နေ့လွဲညစာကို သုံးဆောင်ရတာတွေလည်း ရှိခဲ့ပါတယ်။
"ဒါပေမဲ့ ပုံမှန်တရားထိုင်နေကျအတိုင်း တစ်ရက်ကို တရားထိုင်ချိန်ပေါင်း ၇ နာရီ ပြည့်အောင်ထိုင်တယ်။ လမ်းလျှောက်တရားမှတ်တယ်။ ရဟန်းဝိနည်း မပျက်အောင်နေတယ်" လို့ အင်းစိန်ထောင်က လွတ်မြောက်လာတဲ့ ဆရာတော် ဦးပညာဇောတက မိန့်ပါတယ်။
အင်းစိန်ထောင်မှာ ရှိခဲ့တဲ့ ကာလတစ်လျှောက်လုံး ဆံပင်ညှပ်ခံရတိုင်း ခေါင်းရိတ်ပေးဖို့ ဆံညှပ်ဆရာကို တောင်းဆိုခဲ့ပေမဲ့ မရခဲ့ပါဘူး။
ထောင်အကျဉ်းသားအဖြစ်ကနေ လွတ်မြောက်ပြီး လူဝင်မှု ကြီးကြပ်ရေးက အမေရိကန်နိုင်ငံကို ပြန်ပို့ဖို့ စောင့်ဆိုင်းနေချိန်မှာတော့ ခေါင်းချက်ချင်းရိတ်ခဲ့တာပါ။
အမေရိကန်ကို ပြန်ဖို့ လေဆိပ်ရောက်တဲ့အချိန်ကျမှ ပြုံးပြုံးရွှင်ရွှင်နဲ့ သင်္ကန်းရုံနေတာကိုလည်း လူမှုကွန်ရက် ရုပ်သံတွေမှာ တွေ့ရပါတယ်။
အင်းစိန်မှာ ခေါင်းရိတ်ပေးဖို့ အခက်အခဲရှိပေမဲ့ မန္တလေးမြို့၊ အိုးဘိုထောင်မှာတော့ ဆရာတော်တချို့ရဲ့ မေတ္တာရပ်ခံချက်ကြောင့် ခေါင်းရိတ်ခွင့် ရပါတယ်။
"မြဝတီဆရာတော်ရဲ့ တောင်းဆိုချက်နဲ့ အဲဒီဆရာတော်တွေ ခေါင်းရိတ်ခွင့် ရခဲ့တယ်။ ညဘက်မှာ ရဟန်းတွေစုပြီး ဒေသနာကြားတာတွေ လုပ်ခဲ့ကြတယ်။ ဘုန်းဘုန်းတို့ကတော့ တောင်းဆိုပေမဲ့ ခေါင်းရိတ်ခွင့်တောင် မရခဲ့ဘူး"လို့ ဦးဓမ္မမေတ္တာက မိန့်ကြားပါတယ်။
မန္တလေးမြို့၊ အိုးဘိုထောင်မှာ တခြားနိုင်ငံရေးအကျဉ်းသား ဆရာတော်တွေဖြစ်တဲ့ မြဝတီဆရာတော် အရှင်အရိယာဝံသာ ဘိဝံသ၊ ရေပူဆရာတော် ဦးဣန္ဒက ၊ အလင်္ကာကြယ် ဦးသောဘိတ၊ မန်းတောင်ခြေ ဦးတေဇနိယ တို့က ၂၀၂၁ ခုနှစ်မှာ တစ်ဆောင်တည်း အတူရှိခဲ့တယ်လို့ သိရပါတယ်။
ဦးဓမ္မမေတ္တာကတော့ တခြားအဆောင်မှာ ဖြစ်ပါတယ်။
ဒါ့ကြောင့် ရှိနေတဲ့ အခြေအနေကို လက်ခံပြီး တရားသဘောနဲ့ သည်းခံကျင့်သုံးနေခဲ့သလို မေတ္တာပို့တာ ပိုလုပ်ဖြစ်တယ်လို့ နိုင်ငံရေး အကျဉ်းသားဟောင်း သံဃာတွေက မိန့်ပါတယ်။
အင်းစိန်ထောင်ထဲမှာ ဆုံခဲ့တဲ့ ဆရာတော်တချို့က သိက္ခာမချဘဲ အတတ်နိုင်ဆုံး ဝိနည်းတော်နဲ့အညီ နေထိုင်ကျင့်ကြံကြတယ်လို့ ဧပြီမှာ ပြန်လွတ်လာတဲ့ အလွတ်တန်းသတင်းထောက်တစ်ယောက်ကပြောပါတယ်။
သူက ရန်ကုန်မြို့၊ အင်းစိန်အကျဉ်းထောင်မှာ ရွှေညဝါဆရာတော် အပါအဝင် နိုင်ငံရေးအကျဉ်းသား ရဟန်းလေးပါးနဲ့ ဆုံခဲ့သူပါ။
"ထောင်ထဲမှာ ဘာသာရေးက လုပ်ခွင့်ပေးထားတယ်။ ကြိုက်သလောက်လုပ်၊ နိုင်ငံရေးပဲ လုံးဝခွင့်မပြုတာ" လို့ သူက ပြောပါတယ်။
လုပ်သက် နှစ်သုံးဆယ်ကျော်ရှိတဲ့ အကျဉ်းဦးစီးအရာရှိဟောင်းတစ်ဦးရဲ့ ပြောပြချက်အရ ဗုဒ္ဓဘာသာ သာမက တခြားဘာသာတွေဖြစ်တဲ့ ခရစ်ယာန်၊ အစ္စလာမ်၊ ဟိန္ဒူ စတဲ့ ဘာသာတွေအတွက်ပါ ဓလေ့အစဉ်အလာတွေအတိုင်း လိုက်နာနိုင်အောင် ဥပဒေတွေမှာ ထည့်သွင်းထားတယ်လို့ သိရပါတယ်။
ဒါပေမဲ့ စစ်တပ်ရဲ့ အရာရှိတွေက ဌာနဆိုင်ရာ ထိပ်ပိုင်းရာထူးတွေမှာ ကူးပြောင်းတာဝန်ထမ်းဆောင်လာတဲ့ နောက်ပိုင်းမှာ အကျဉ်းထောင်နဲ့ ပတ်သက်တဲ့ ဥပဒေတွေအတိုင်း လုပ်ဆောင်တာတွေ လျှော့နည်းသွားတယ်လို့လည်း သူက ပြောပါတယ်။
"အကျဉ်းဦးစီးက ဆုံးဖြတ်ခွင့်ရှိတဲ့ အရာရှိနေရာတွေမှာ သန္ဓေဝန်ထမ်းတွေနည်းသွားပြီး စစ်တပ်က အစားထိုးဝင်လာတော့ အကျဉ်းထောင်ဥပဒေတွေလည်း ကျကျနန နားမလည်ဘူး။ လုပ်ကိုင်ရတဲ့ အစဉ်အလာလည်း သူတို့ နားမလည်ဘူး"လို့ အကျဉ်းဦးစီးဌာန အရာရှိဟောင်းက ပြောပါတယ်။
ဒါ့ကြောင့်လည်း အကျဉ်းထောင်တွေမှာ ဘာသာရေးအရ အခွင့်အရေးမရတာ၊ ဖိနှိပ်ခံရတဲ့ ဖြစ်စဥ်တချို့ ဖြစ်နေတာလို့လည်း မှတ်ချက်ပေးပါတယ်။
သံဃာတွေ ထောင်တွင်း ဖိနှိပ်ခံရမှု

ဓာတ်ပုံ ရင်းမြစ်, သံဃသမဂ္ဂ (မန္တလေး)
ဖမ်းဆီးခံထားရတဲ့ ရဟန်းတွေဟာ သံဃာ ဣန္ဒြေလည်း စောင့်ထိန်းလို့ မရခဲ့ပါဘူး။
"နန်းတွင်းစစ်ကြောရေးကနေ အချုပ်ကို သွားခိုင်းတာ။ တစ်လမ်းလုံး လမ်းမလျှောက်ရဘဲ ဖားခုန် ခုန်သွားရတာ"လို့ သံဃသမဂ္ဂ(မန္တလေး) က ဦးဓမ္မမေတ္တာက မိန့်ပါတယ်။
နိုင်ငံရေးအကျဉ်းသားတွေဟာ တစ်မှုအမိန့်ချခံရပြီးလို့ ထောင်ကျခံနေရချိန် နောက်တစ်မှုအတွက် စစ်ဆေးဖို့ ရုံးထုတ်တဲ့အခါ ခြေကျင်းအပြင် "ဒေါက်" ဆိုတဲ့ ခြေထောက်နှစ်ချောင်းကြား သံချောင်းခြားထားတာမျိုးကို တပ်ရတယ်လို့ နိုင်ငံရေးအကျဉ်းသားတွေက ပြောပါတယ်။
"ဒေါက်"ထောက်ခံရတဲ့ လူငယ်တွေဟာ လမ်းကို ကောင်းကောင်း မလျှောက်နိုင်သလို လှေကားထစ်တွေတက်တဲ့အခါ၊ တံခါးအောက်ခံအဆင့်တွေ ကျော်တဲ့အခါ ခက်ခက်ခဲခဲ သွားကြရပါတယ်။
"ဒေါက်" မှာတောင် ၆ လက်မ အကျယ်နဲ့ တစ်ပေ အကျယ် ဆိုပြီး ၂ မျိုးရှိသလို ၆ လက်မအကျယ်ဒေါက် ဆိုရင် လမ်းလျှောက်ရတာ ပိုခက်ခဲတယ်လို့ နိုင်ငံရေးအကျဉ်းသား လူငယ်တစ်ယောက်က ရှင်းပြပါတယ်။
အင်းစိန်ထောင်မှာ ရှိခဲ့တဲ့ ဦးပညာဇောတကလည်း ရုံးထုတ်ချိန်တွေမှာ ခြေချင်းခတ်ခံရပါတယ်။
"ဘုန်းဘုန်းက ကျောင်းသားတွေကို ဒေါက် ခတ်တာမြင်တော့ ဘုန်းဘုန်းကို မခတ်ဖို့ ပြောရတယ်။ ခါးကလည်းနာ၊ လူငယ်တွေလိုလည်း မျက်လုံးက မကောင်းဘူးလေ။ လူငယ်တွေတောင် ဒေါက်နဲ့ မနည်းသွားကြရတာ"လို့ ဆရာတော် ဦးပညာဇောတက မိန့်ပါတယ်။
ရဟန်းတစ်ပါးအနေ အင်းစိန်ခရိုင်တရားရုံးလို လူမြင်ကွင်းနေရာမှာ သံကြိုးခတ်ပြီး သွားခဲ့ရတာပါ။ တခြား အပြစ်ကြီးရာဇဝတ်သားတွေလို ချုပ်နှောင်ခံထားရတာဖြစ်လို့ "ကိုယ်ကပဲ ရာဇဝတ်မှုကြီးတွေ ကျူးလွန်ထားသူလို အထင်ခံရတာပေါ့"လို့ မိန့်ပါတယ်။
ဆရာတော် ဦးပညာဇောတဟာ သံဃာထုက ပေါင်းသင်းဆက်ဆံမှု မပြုဘဲ သပိတ်မှောက်ခြင်း (ပတ္တနိက္ကုဇ္ဇနကံဆောင်ခြင်း)ကြောင့် ၁၉၉၀ မှာ တစ်ကြိမ်၊ ၁၉၉၈ မှာတစ်ကြိမ် ထောင်ကျခံခဲ့ဖူးပါတယ်။
အရင်က ထောင်ကျခဲ့ဖူးတဲ့ အတွေ့အကြုံအရ အခုလို ရုံးထုတ်တွေမှာ လက်ထိပ်ခတ်ခံခဲ့ရတာသာရှိခဲ့တာကြောင့် လက်ရှိစစ်တပ်ရဲ့ အကျဉ်းဦးစီး လုပ်ဆောင်ချက်တွေက ဖိနှိပ်မှု ပိုများတယ်လို့ နှိုင်းယှဉ်ပြီး မိန့်ပါတယ်။
စစ်အာဏာသိမ်းတာကို ဆန့်ကျင်တာကြောင့် ဖမ်းဆီးထိန်းသိမ်းထားတဲ့ ရဟန်းတွေကို ထောင်တွင်းထားရှိတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး နေပြည်တော် အကျဉ်းဦးစီးဌာနကို ဆက်သွယ်မေးမြန်းပေမဲ့ ဖြေဆိုဖို့ ငြင်းခဲ့ပါတယ်။
လွတ်ပြီးနောက် ပျံတော်မူတဲ့ သံဃာတွေ

ဓာတ်ပုံ ရင်းမြစ်, CJ
ဆန္ဒပြသူတွေကို မပစ်ခတ်ဖို့ မျက်ရည်ယိုဗုံးတွေအကြား စစ်တပ်ကို လက်မြောက်တားဆီးခဲ့တဲ့ မိုးကုတ်က ရေပူဆရာတော် ဦးဣန္ဒက ဟာ ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၃ မှာ ပျံလွန်တော် မူပါတယ်။
ရေပူဆရာတော်ဟာ အာဏာသိမ်းစစ်တပ်ကို မိုးကုတ်မြို့မှာ ဦးဆောင်ဆန္ဒပြသူတွေထဲ ပါဝင်ခဲ့ပြီး ၂၀၂၁ ခုနှစ် မတ် ၁၁ ရက်မှာ အဖမ်းခံခဲ့ရပါတယ်။
ပုဒ်မ ၅၀၅ (က) နဲ့ တရားစွဲထောင်ချခံရပြီး အောက်တိုဘာ ၁၈ ရက်မှာ ပြန်လွတ်မြောက်ခဲ့တာပါ။
စပြီးအဖမ်းခံရချိန်မှာ ကျန်းမာရေးကောင်းမွန်ခဲ့ပြီး ပြန်လွတ်လာပြီးနောက်မှာတော့ စိတ်မကောင်းစရာတွေ တွေ့ရရင် နှလုံးခုန်တွေ မြန်လာတဲ့အကြောင်း ဆရာတော်က မိန့်ဖူးတယ်လို့ ရေပူဆရာတော်ရဲ့ ညီတော်စပ်သူက ပြောပါတယ်။
"ပထမဆုံးက သွေးတိုးပြီး လေဖြန်းတယ်။ နောက်တော့ ဦးနှောက်မှာ အကြိတ်တွေ့ပြီး ကင်ဆာတဲ့၊ ခွဲစိတ်ဖို့လည်း မဖြစ်နိုင်တော့ ဆေးဝါးနဲ့ ထိန်းရမယ်ဆိုပြီး ဆရာဝန်က ပြောခဲ့တယ်။ အဲဒီလိုနဲ့ နှစ်လလောက်မှာ နောက်ဆုံးဖြစ်သွားတာပဲ"လို့ ညီတော်စပ်သူက ပြောပါတယ်။
ရေပူဆရာတော် ထောင်တွင်းကြုံခဲ့ရတဲ့ အတွေ့အကြုံတွေကိုတော့ သူသေချာမသိဘူးလို့ ပြောပါတယ်။
လက်ရှိ စစ်အာဏာရှင် လက်ထက်မှာ ရေပူဆရာတော် အပါအဝင် မြဝတီဆရာတော် အရှင်အရိယာဝံသာ ဘိဝံသ၊ ရွှေညဝါဆရာတော် အရှင်ပညာသီဟ တို့လည်း အကျဉ်းထောင်က လွတ်မြောက်ပြီးနောက်ပိုင်း ပျံလွန်တော်မူခဲ့တာပါ။
ဒါ့အပြင် ၂၀၂၂ ခုနှစ်က ဖမ်းဆီးခံရတဲ့ မန္တလေး ရတနာပုံပုဂံတိုက် ဆရာတော် ဦးပသံသိယကတော့ ၂၀၂၅ ခုနှစ် ဇူလိုင်မှာ စအိုကင်ဆာ ဝေဒနာနဲ့ အကျဉ်းထောင်တွင်း ပျံလွန်တော် မူခဲ့ပါတယ်။
တော်လှန်ရေးအတွက် ရှေ့တန်းက ပါဝင်ခဲ့ကြတဲ့ ဆရာတော်၊ သံဃာတော်တွေ အခုလိုမျိုး ပျံလွန်တော်မူတာဟာ တော်လှန်ရေးအတွက် နစ်နာမှုကြီးမားတယ်လို့လည်း လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း သံဃာတွေက မိန့်ကြပါတယ်။
အင်းစိန်အကျဉ်းထောင်မှာ တစ်နှစ်နီးပါး အကျဉ်းကျခံခဲ့ရတဲ့ အသက် ၆၅ နှစ်အရွယ် ဦးပညာဇောတကလည်း ဆီးချိုနဲ့ ဆီးကျိတ်ဝေဒနာ ခံစားနေရတာပါ။
အဖမ်းခံရချိန်မှာ ဆေးဝါးမပါသွားတာ၊ ထောင်တွင်း ဆေးဝါးထောက်ပံ့မပေးနိုင်တာကြောင့် ၃ လနီးပါး ဆေးပြတ်လပ်ခဲ့ရပါတယ်။
ဒါ့ကြောင့် ဆီးချိုအတက်၊ အကျ မပြင်းထန်အောင် အစားအသောက်ကို သတိထားစားခဲ့ရသလို လမ်းလျှောက်တာတွေကိုလည်း ဂရုစိုက်နေခဲ့ရတယ်လို့ မိန့်ပါတယ်။
အရင်တုန်းက စစ်အာဏာရှင် စနစ်တွေအတိုင်း ထောင်တွင်း ကျန်းမာရေး စောင့်ရှောက်မှုကတော့ လိုအပ်နေတုန်းပဲလို့ မိန့်ကြားပါတယ်။












