သတင်း မကြည့်ချင်သူတွေ ပိုများလာနေ

သတင်းတွေ ဖတ်ရတာ စိတ်ဓာတ်ကျစရာ၊ ငြီးငွေ့စရာ ကောင်းလှတာကြောင့် သတင်းမကြည့်တဲ့သူတွေ ပိုပိုများလာနေ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, သတင်းတွေ ဖတ်ရတာ စိတ်ဓာတ်ကျစရာ၊ ငြီးငွေ့စရာ ကောင်းလှတာကြောင့် သတင်းမကြည့်တဲ့သူတွေ ပိုပိုများလာနေ
    • ရေးသားသူ, နူရ် နန်ဂျီ
    • ရာထူးတာဝန်, ယဉ်ကျေးမှုဓလေ့ဆိုင်ရာ ဘီဘီစီ သတင်းထောက်

သတင်းတွေ ကြည့်ရတာ၊ ဖတ်ရတာ စိတ်ဓာတ်ကျစရာ၊ ငြီးငွေ့စရာ ကောင်းလှတာကြောင့် သတင်းမကြည့်တဲ့သူတွေ ပိုပိုများလာနေတယ်လို့ ကမ္ဘာတစ်ဝန်း လေ့လာချက်တစ်ခုက ဆိုပါတယ်။

ကမ္ဘာပေါ်မှာ သတင်းမကြည့်တဲ့သူက ၂၀၁၇ ခုနှစ်မှာ လူ ( ၂၉ ရာခိုင်နှုန်း) ရှိခဲ့ရာကနေ အခုအခါ လူ ၁၀ ယောက်မှာ ၄ ယောက်နီးပါးလောက် (၃၉ ရာခိုင်နှုန်း)က သတင်းမကြည့်ဖြစ်အောင် ရှောင်ကြတယ်လို့ အောက်စဖို့ဒ်တက္ကသိုလ်ရဲ့ ရိုက်တာစ် အင်စတီကျုက လုပ်ခဲ့တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ယူကရိန်းနဲ့ အရှေ့အလယ်ပိုင်းဒေသက စစ်ပွဲတွေကြောင့် လူတွေ သတင်းကြည့်ချင်စိတ် ကုန်သွားတာ ဖြစ်နိုင်တယ်လို့ အစီရင်ခံစာ ရေးသားသူတွေက ဆိုပါတယ်။

သတင်းမကြည့်ကြတဲ့ လူအရေအတွက်ဟာ အခုဆိုရင် စံချိန်တင်ရလောက်အောင် မြင့်မားနေပြီလို့ အစီရင်ခံစာက ဆိုပါတယ်။

အခုနှစ် Digital News Report အတွက် ဇန်နဝါရီလနဲ့ ဖေဖော်ဝါရီမှာ နိုင်ငံပေါင်း ၄၇ နိုင်ငံမှာ အရွယ်ရောက်သူ စုစုပေါင်း ၉၄၉၄၃ ယောက်ကို YouGov က စစ်တမ်းကောက်ယူခဲ့တာ ဖြစ်ပါတယ်။

ကမ္ဘာတစ်ဝန်း နိုင်ငံအလိုက်နဲ့ ဒေသန္တရ ရွေးကောက်ပွဲတွေအတွက် လူ ဘီလျံပေါင်းများစွာ မဲပေးဖို့ လုပ်နေကြချိန်မှာပဲ ဒီအစီရင်ခံစာ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲတွေကြောင့် အမေရိကန် အပါအဝင် နိုင်ငံအနည်းငယ်မှာတော့ သတင်းအကြောင်း စိတ်ဝင်စားမှုတွေ တိုးလာခဲ့တာကို တွေ့ရတယ်လို့ အစီရင်ခံစာက ဆိုပါတယ်။

ဒါပေမဲ့လည်း အားလုံးကို ခြုံကြည့်လိုက်ရင် သတင်းမကြည့်တဲ့သူ အရေအတွက် အခိုင်အမာ များနေဆဲပဲလို့ အစီရင်ခံစာအရ သိရပါတယ်။

ကမ္ဘာတစ်ဝန်း လူဦးရေ ၄၆ ရာခိုင်နှုန်း ကတော့ သတင်းကို သူတို့ အလွန်အမင်း စိတ်ဝင်စားတယ်လို့ ဆိုပါတယ်။ ၂၀၁၇ ခုနှစ်တုန်းကတော့ သတင်းစိတ်ဝင်စားသူ ၆၃ ရာခိုင်နှုန်း ရှိပါတယ်။

ယူကေနိုင်ငံမှာ သတင်းစိတ်ဝင်စားသူအရေအတွက်က ၂၀၁၅ ခုနှစ်ကတည်းကစလို့ တစ်ဝက်နီးပါး လျော့ကျသွားခဲ့ပါတယ်။

"အထူးသဖြင့် လတ်တလောနှစ်ပိုင်းတွေအတွင်း သတင်းအကြောင်းအရာတွေက သိသိသာသာ ဆိုးဝါးလာနေတယ်" လို့ အစီရင်ခံစာ ရေးသားသူ နစ် နယူးမန်းက ဘီဘီစီ သတင်းဌာနကို ပြောပြပါတယ်။

"ကိုဗစ်ကပ်ဘေးနဲ့ စစ်ပွဲတွေကြောင့် လူတွေ သတင်းမကြည့်တော့တာက အတော်လေး သဘာဝကျတဲ့ တုံ့ပြန်မှုလို့ ဆိုနိုင်ပါတယ်၊ သူတို့ရဲ့ စိတ်ကျန်းမာရေးကို ကာကွယ်ဖို့ ဒါမှမဟုတ် သူတို့ ဘဝကို နေသာသလို နေသွားကြဖို့ အဲဒီလို မကြည့်ကြတော့တာပါ" နစ် နယူးမန်းက ပြောပါတယ်။

 သတင်း၊ စစ်ပွဲ အနိဋ္ဌာရုံ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အမေရိကန် ရွေးကောက်ပွဲ မဲဆွယ်မှုတွေကြောင့် သတင်းစိတ်ဝင်စားတဲ့သူတွေ ပိုများလာစေပါတယ်။
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

သတင်းမကြည့်ဘဲ တမင်ရှောင်သူတွေဟာ သူတို့စိတ်ထဲမှာ လုပ်ပိုင်ခွင့် သြဇာမရှိသလို ခံစားမိတဲ့အတွက်ကြောင့်လည်း ဖြစ်တယ်လို့ မစ္စတာ နယူးမန်းက ပြောပါတယ်။

"ဒီလူတွေဟာ ကမ္ဘာတစ်ဝန်း ဖြစ်ပျက်နေတဲ့ ကိစ္စရပ်ကြီးတွေအပေါ် သူတို့ ဝင်ရောက်စွက်ဖက်နိုင်ခွင့် မရှိဘူးလို့ ခံစားမိကြပါတယ်" လို့ သူက ပြောပါတယ်။

တချို့သူတွေက ဖြစ်ပျက်နေတဲ့ သတင်း အတိုင်းအတာကြောင့် စိတ်ဖိစီးမှု၊ စိတ်ရှုပ်ထွေးမှုတွေ တစ်နေ့တခြား ပိုများလာကြသလို တချို့ကျတော့လည်း နိုင်ငံရေးကြောင့် ပင်ပန်းနွမ်းလျ ဖြစ်လာနေကြတယ်လို့ သူက ပြောပါတယ်။

အမျိုးသမီးတွေနဲ့ လူငယ်တွေကတော့ သူတို့ပတ်ဝန်းကျင်က သတင်းပမာဏကြောင့် ပိုဖိစီးမှု ဖြစ်ကြရပုံ ပေါ်တယ်လို့ အစီရင်ခံစာက ဆိုပါတယ်။

ဒီအတောအတွင်းမှာပဲ သတင်းတွေအပေါ် ယုံကြည်စိတ်ချသူ အရေအတွက်က ၄၀ ရာခိုင်နှုန်း မှာ ဆက်ရှိနေပါတယ်။ ဒါပေမဲ့ ကိုဗစ်ကပ်ဘေး အမြင့်ဆုံးကာလကထက်စာရင် ၄ ရာခိုင်နှုန်း လျော့ကျနေဆဲ လို့ ဆိုပါတယ်။

ယူကေနိုင်ငံမှာ သတင်းတွေအပေါ် ယုံကြည်စိတ်ချသူ အခုနှစ်မှာ ၃၆ ရာခိုင်နှုန်း ရှိပြီး အနည်းအပါး မြင့်တက်လာခဲ့ပါတယ်။ ဒါပေမဲ့ အီးယူကနေ ဗြိတိန် ခွဲထွက်သင့်မသင့် စစ်တမ်းကောက်ယူတဲ့ ၂၀၁၆ ခုနှစ်မတိုင်ခင်ကထက် ၁၅ ရာခိုင်နှုန်း လောက် နိမ့်ကျနေဆဲ ဖြစ်ပါတယ်။

ယူကေမှာ ဘီဘီစီက လူတွေ ယုံကြည် စိတ်အချရဆုံး သတင်းဌာန ဖြစ်ပြီး Channel 4 နဲ့ ITV သတင်းဌာနတွေက ဒုတိယနဲ့ တတိယ လိုက်ပါတယ်။

တစ်တော့က တွစ်တာကို ကျော်တက်သွား

သတင်း၊ စစ်ပွဲ၊ အနိဋ္ဌာရုံ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, တစ်တော့ ကို အထူးသဖြင့် လူငယ်တွေအကြား အသုံးပြုမှု ပိုများလာ

ရုပ်မြင်သံကြားနဲ့ ပုံနှိပ်သတင်းစာလို ရှေးရိုးအစဉ်အလာ သတင်းရင်းမြစ် လိုက်စားသူ ပရိသတ်က ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း အကြီးအကျယ် ထိုးကျသွားခဲ့ပြီး လူငယ်တွေက အွန်လိုင်း ဒါမှမဟုတ် ဆိုရှယ်မီဒီယာကနေတစ်ဆင့်ပဲ သူတို့လိုချင်တဲ့ သတင်းတွေ ကြည့်ဖို့ ပိုဆန္ဒရှိကြတယ်လို့ ဒီအစီရင်ခံစာက ဆိုပါတယ်။

ယူကေမှာ လူဦးရေရဲ့ လေးပုံ သုံးပုံ နီးပါးဖြစ်တဲ့ (၇၃ ရာခိုင်နှုန်း ) က သတင်းတွေကို အွန်လိုင်းကနေ ကြည့်တယ်လို့ ပြောပါတယ်။ ရုပ်မြင်သံကြားကနေ ကြည့်သူက ( ၅၀ ရာခိုင်နှုန်း ) ရှိပြီး သတင်းစာ ဖတ်သူက (၁၄ ရာခိုင်နှုန်း ) သာ ရှိပါတယ်။

သတင်းအတွက် အရေးပါဆုံး လူမှုကွန်ရက် ပလက်ဖောင်းက Facebook ဖြစ်နေဆဲပါ။ ဒါပေမဲ့လည်း Facebook ပေါ်ကနေ သတင်းဖတ်ရှုသူအရေအတွက် ကျဆင်းလာနေတာကတော့ အတော်ကြာနေပြီဖြစ်ပါတယ်။

YouTube နဲ့ WhatsApp တွေကလည်း လူအတော်များများအတွက် အရေးပါတဲ့ သတင်းရင်းမြစ်အဖြစ် ရှိနေဆဲ။ တစ်တော့ သုံးသူတွေလည်း တိုးလာနေပြီး အရင်က တွစ်တာလို့ ခေါ်တဲ့ အိတ်စ် (X) ကို အခုအခါ ပထမဆုံးအကြိမ် ကျော်တက်သွားပြီ ဖြစ်ပါတယ်။

လူဦးရေ ၁၃ ရာခိုင်နှုန်း က သတင်းကြည့်ဖို့အတွက် ဗီဒီယိုဝေမျှတဲ့ TikTok အက်ပ်ကို အသုံးပြုပြီး ၁၀ ရာခိုင်နှုန်း က X ကိုသုံးပါတယ်။

ကမ္ဘာတဝန်းမှာ အသက် ၁၈ နှစ်ကနေ ၂၄ နှစ်အရွယ်အကြား TikTok သုံးသူအရေအတွက်က ၂၃ ရာခိုင်နှုန်း ရှိပါတယ်။

သတင်း၊ စစ်ပွဲ၊ အနိဋ္ဌာရုံ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, သတင်းတွေမှာ နိုင်ငံရေးသတင်းတွေ အရမ်းများနေတယ်လို့ လူတချို့က ယူဆနေကြကြောင်း အစီရင်ခံစာ ရေးသားသူတွေကပြော

ဒီအပြောင်းအလဲတွေနဲ့ ဆက်နွှယ်ပြီး အထူးသဖြင့် လူငယ်အုပ်စုတွေကြားမှာ ဗီဒီယိုတွေကလည်း အွန်လိုင်း သတင်းတွေရဖို့ ပိုအရေးပါတဲ့ ရင်းမြစ်တွေ ဖြစ်လာနေပါတယ်။

သတင်းတို ဗီဒီယိုတွေက လူကြိုက်အများဆုံး ဖြစ်တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

"သတင်းလိုက်စားသူတွေက ဗီဒီယိုကို ပိုလက်ခံလာကြပါတယ်။ ဘာ့ကြောင့်လဲ ဆိုတော့ သုံးရလွယ်ကူသလို ဆွဲဆောင်မှုရှိပြီး သင့်လျော်တဲ့ သတင်းတွေကို ကျယ်ကျယ်ပြန့်ပြန့် ပေးနိုင်တဲ့အတွက်ပါ" လို့ မစ္စတာ နယူးမန်းက ပြောပါတယ်။

"ဒါပေမဲ့ ရှေးရိုးအစဉ်အလာ သတင်းဌာနအတော်များများက ခုချိန်ထိ စာသားကိုပဲ အခြေခံတဲ့ ပုံစံတစ်ခုမှာပဲ အမြစ်တွယ်နေကြဆဲ ဖြစ်ပြီး သတင်းဖော်ပြမှုပိုင်း ပြောင်းလဲဖို့ မနည်းကြိုးစားနေကြရဆဲပါပဲ"

ထုတ်ဝေသူတွေအတွက်လည်း သတင်း ပေါ့ဒ်ကတ်စ် လွှင့်တာက အနာဂါတ်အတွက် နေရာကောင်းတစ်ခု ဖြစ်တယ်လို့ အစီရင်ခံစာက ဆိုပါတယ်။

ဒါပေမဲ့ "ခြုံကြည့်ရင် ဒါဟာ လူနည်းစု အတွက်သာ" ဖြစ်ပြီး ပညာတတ် ပရိသတ်ကိုသာ ဆွဲဆောင်စေနိုင်ပါတယ်။

ဒီအတောအတွင်းမှာပဲ သတင်းရေးသားတင်ဆက်မှု အထူးသဖြင့် နိုင်ငံရေး ဒါမှမဟုတ် စစ်ပွဲနဲ့ ပတ်သက်တဲ့ အရေးကြီးသတင်းမျိုးတွေမှာ AI ဉာဏ်ရည်တုနည်းပညာကို ဘယ်လို အသုံးပြုလာနိုင်သလဲ ဆိုတဲ့အပေါ် လူထုက ကျယ်ကျယ်ပြန့်ပြန့် သံသယ ဖြစ်နေကြတယ်ဆိုတာကို လေ့လာတွေ့ခဲ့ရတယ်လို့လည်း အစီရင်ခံစာက ဆိုပါတယ်။

"အသံကနေ စာသားအဖြစ် ပြန်ရေးချတာနဲ့ ဘာသာပြန်ဆိုတာတွေလို နောက်ကွယ် အလုပ်မျိုးတွေမှာ လူတွေကို ကူညီဖို့သာ AI နည်းပညာအသုံးပြုစေချင်ကြပြီး သတင်းထောက်တွေနေရာမှာ အစားထိုးတာမျိုးလောက်ထိတော့ မလုပ်စေချင်ကြဘူး"လို့ ဖော်ပြထားပါတယ်။