Twitter က ငှက်ပြာလေးတံဆိပ်နေရာကို X နဲ့ အစားထိုး

Twitter နဲ့ အီလွန်မာ့စ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ငှက်ပြာလေးအမှတ်တံဆိပ်ကို စွန့်လိုက်တဲ့ အီလွန်မာ့စ်

တွစ်တာက သူ့ရဲ့ အမှတ်တံဆိပ်ကို အများ ရင်းနှီးပြီးသား မျက်စိယဥ်ပါးနေပြီးသား ငှက်ပြာလေးကနေ X ဆိုတဲ့ စာလုံးကို ပြောင်းလိုက်ပါတယ်။

အနက်ရောင် နောက်ခံမှာ အဖြူရောင် X စာလုံးနဲ့ လိုဂိုက တွစ်တာရဲ့ desktop version တွေမှာ စ ပြောင်းနေပြီဖြစ်ပါတယ်။ မိုဘိုင်း version တွေမှာလည်း မကြာခင်လိုက်ပြောင်းလာပါလိမ့်မယ်။

တွစ်တာပိုင်ရှင် အီလွန်မာ့စ်က လူတွေရေးတင်ကြတဲ့ tweet ပို့စ်တွေကိုလည်း ပြောင်းပြီး x’s တွေလို့ ခေါ်ဝေါ်သုံးစွဲမယ်လို့ ဆိုပါတယ်။

မာ့စ်က သူ့ရဲ့တွစ်တာအကောင့် ပရိုဖိုင်းမှာ X လိုဂိုကို စသုံးလိုက်ပြီး သူ့ကုမ္ပဏီအကြောင်း စာသားမှာလည်း X.com ဆိုတာကို ထည့်ထားပါတယ်။

အီလွန်မာ့စ်က ဘက်စုံသုံးလို့ရမယ့် X လို့ခေါ်တဲ့ စူပါအက်ပ် တစ်ခုထုတ်ပြီး ဆိုရှယ်မီဒီယာ ပလက်ဖောင်းအသစ်တစ်ခု ဖွင့်မယ်လို့ ပြောနေခဲ့တာ လ တော်တော်ကြာပါပြီ။

တနင်္ဂနွေနေ့မှာတော့ သူက တွစ်တာကနေ လိုဂိုအမှတ်တံဆိပ်ပြောင်းတော့မယ့်အကြောင်း ပို့စ် ရေးတင်ရင်း မကြာခင်မှာ လက်ရှိ တွစ်တာလိုဂိုကိုရော သူ့ပလက်ဖောင်းပေါ်က “ငှက်တွေ အားလုံးကိုပါ” နှုတ်ဆက်တော့မယ်လို့ အသိပေးခဲ့ပါတယ်။

ပြီးတော့ ဆန်ဖရန်စစ္စကိုမှာရှိတဲ့ တွစ်တာရုံးချုပ်နံရံပေါ်မှာ X အမှတ်တံဆိပ်ကို မီးအလင်းတန်းနဲ့ ထိုးထားတဲ့ ပုံကိုလည်း တင်ခဲ့ပါတယ်။

Skip X post
X ၏အကြောင်းအရာများကို ပြခွင့်ပြုမှာလား။

ယခုဆောင်းပါးတွင် X မှ အကြာင်းအရာများပါဝင်ပါသည်။ ယင်းဆိုက်မှ ကွတ်ကီးနှင့်အခြားနည်းပညာများသုံးနိုင်သဖြင့် စာမျက်နှာကို မဖွင့်ခင် သင့်ခွင့်ပြုချက်ကိုတောင်းခံပါသည်။ သင်မဆုံးဖြတ်ခင် X ကွတ်ကီးမူဝါဒ နှင့် ကိုယ်ရေးအချက်အလက်လုံခြုံမှု မူဝါဒ တို့ကို ဖတ်ရှုနိုင်ပါသည်။ သဘောတူလျင် 'လက်ခံပြီးဆက်သွားပါမည်' ဆိုသည်ကို ရွေးချယ်ပေးပါ။

သတိပေးချက်- ပြင်ပဝက်ဆိုက်များတွင်ပါဝင်သောအကြောင်းအရာများအတွက် ဘီဘီစီကတာဝန်မယူပါ။

End of X post

တွစ်တာကုမ္ပဏီရဲ့ လုပ်ငန်းအမည်ကို X Corp လို့ပြောင်းခဲတဲ့ မစ္စတာမာ့စ်က လိုဂိုအမှတ်တံဆိပ်ကိုလည်း "ပြောင်းဖို့သင့်တာ လနဲ့ချီနေပါပြီ" လို့ ဆိုခဲ့ပါသေးတယ်။

တွစ်တာရဲ့ အမှတ်တံဆိပ်ဟောင်း ငှက်ပြာလေးကို လယ်ရီလို့ခေါ်ကြတဲ့အကြောင်း တွစ်တာကို ပူးတွဲတည်ထောင်ခဲ့သူတစ်ယောက်ဖြစ်တဲ့ ဘစ်ဇ်စတုန်းက ၂၀၁၁ တုန်းကပြောခဲ့ပါတယ်။ အဲဒါက ဘော်စတွန်ဆဲလ်တစ် အသင်းက နာမည်ကျော် ဘတ်စကက်ဘောကစားသမား လယ်ရီဘာ့ဒ်ကို ဂုဏ်ပြုပြီး ပေးထားခဲ့တာလို့ ဆိုပါတယ်။

အခုလို ရင်းနှီးနေပြီးသား ငှက်ပြာလေးပျောက်သွားရတာကို တွစ်တာသုံးစွဲသူတွေအကြားမှာလည်း ဝမ်းနည်းစကား ပြောနေကြပါတယ်။ ဒီ ငှက်ပြာလေး ဒီဇိုင်းကို ၂၀၁၂ မှာ ရေးဆွဲပေးခဲ့သူ မာတင်ဂရပ်ဆာက "ဒီကနေ့ ကျွန်တော်တို့ ကြီးမြတ်တဲ့ ငှက်ပြာလေးကို နှုတ်ဆက်ကြရပြီ" လို့ ရေးတင်ခဲ့ပြီး အဲဒီ ပို့စ်ကို တွစ်တာရဲ့ နောက်ပူးတွဲတည်ထောင်သူ ဂျက်ဒေါ်ဆီကလည်း ဆက်မျှဝေခဲ့ပါတယ်။

မာ့စ်ရဲ့ ရည်မှန်းချက်

တွစ်တာရဲ့ အမှတ်တံဆိပ်ကို ပြောင်းလိုက်တာရယ်၊ အမျိုးစုံလုပ်နိုင်မယ့် စူပါအက်ပ်တစ်ခု ထုတ်မယ်ဆိုတာတွေဟာ အီလွန်မာ့စ်အနေနဲ့ အာရှမှာ အောင်မြင်နေတဲ့ အိန္ဒိယရဲ့ PayTM နဲ့ အင်ဒိုနီးရှားရဲ့ GoJek တွေကို ကြည့်ပြီး စိတ်ကူးတာလည်းဖြစ်နိုင်တယ်လို့ တချို့ကဆိုပါတယ်။ အဲဒီအက်ပ်တွေဟာ သုံးစွဲသူတွေက လိုချင်တဲ့ ဝန်ဆောင်မှုကို အဲဒီကနေ ငွေပေးချေပြီး ရယူသုံးစွဲနိုင်ကြပါတယ်။

တရုတ်က WeChat ဆိုလည်း ဆိုရှယ်မီဒီယာမှာ မက်ဆေ့ချ်ပို့တဲ့အက်ပ်အဖြစ်စခဲ့ရာကနေ ဝန်ဆောင်မှုမျိုးစုံပေးနေတဲ့ ဒေသတွင်းမှာ သုံးစွဲသူ သန်းတစ်ထောင့်သုံးရာနီးပါးရှိတဲ့ အကြီးဆုံး အက်ပ်တစ်ခု ဖြစ်လာပါတယ်။

အွန်လိုင်းပေါ်က အန္တရာယ်

အမှတ်တံဆိပ်တစ်ခုကို အမြန်ကြီးပြောင်းလဲလိုက်တာက ဆိုင်ဘာလုံခြုံရေးအတွက်လည်း စိုးရိမ်မှုတွေရှိလာစေပါတယ်။

ဆိုင်ဘာလုံခြုံရေးအေဂျင်စီ ESET က အကြံပေး ဂျိတ်မိုးက အခုလို ကုမ္ပဏီတွေရဲ့ အမည်နဲ့ တံဆိပ်ပြောင်းချိန်ဟာ အွန်လိုင်းပေါ်က မသမာသူတွေက လိမ်လည်မှုတွေ လုပ်ဖို့ ချောင်းနေတဲ့ အခွင့်ကောင်းပဲလို့ သတိပေးပါတယ်။

သုံးစွဲသူတွေကို လင့်အတုတွေပို့ပေးပြီး အသစ်မှတ်ပုံတင်ဖို့ ကိုယ့်ရဲ့အချက်အလက်တွေ ဖြည့်ခိုင်းပြီး လိမ်လည်တာတွေ လုပ်လာနိုင်တယ်လို့ သူကဆိုပါတယ်။

X စာလုံးကို စွဲလမ်းသူ

Musk နဲ့ Grimes

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, မာ့စ်နဲ့ သူ့ရဲ့ဇနီးဟောင်း ကနေဒါအဆိုတော် ဂရိုင်မ်းစ်၊ သူတို့ရဲ့ ပထမဆုံးသားလေးကိုလည်း X ပါတဲ့ နာမည်ပေးခဲ့။

အီလွန်မာ့စ်ဟာ X ဆိုတဲ့ စာလုံးကို နှစ်ခြိုက်စွဲလမ်းသူလို့ ကာလတာရှည်ကတည်းက သိကြပါတယ်။ X ကို ဘာကြောင့်ကြိုက်သလဲဆိုတာကတော့ မသိရပါဘူး။

၁၉၉၉ မှာ သူ စထောင်ခဲ့တဲ့ ပထမဆုံးလုပ်ငန်းစုတစ်ခုကို X.com လို့ အမည်ပေးခဲ့ပါတယ်။ သူက အွန်လိုင်းကနေ ဘဏ်လုပ်ငန်းနဲ့ ငွေပေးချေနိုင်တဲ့ စနစ်ပါ။

သူ့ရဲ့ X.com ကို PayPal နဲ့ ပေါင်းလိုက်ပြီး နောက်သုံးနှစ်လောက်အကြာမှာပဲ အဲဒီကုမ္ပဏီကို eBay က ဝယ်လိုက်တဲ့အခါ မစ္စတာမာ့စ် ဒေါ်လာ ၁၆၅ သန်း ရခဲ့ပါတယ်။

သူ့ သားတစ်ယောက်ရဲ့ နာမည်ကလည်း X Æ A-12 Musk ပါ။

အီလွန်မာ့စ်က X.com ဆိုတဲ့ domain name ကိုပိုင်ထားပြီး အဲဒီကို ဝင်ရင် တွစ်တာဆီ ဆက်ပို့ပေးပါတယ်။

သူဟာ အာကာသထဲ ဂြိုဟ်တုတွေ လွှတ်တင်တဲ့ SpaceX ကုမ္ပဏီပိုင်ရှင် အမှုဆောင်အရာရှိချုပ်လည်း ဖြစ်ပါတယ်။

အီလွန်မာ့စ်ဟာ မကြာသေးခင်ကလေးကလည်း ဥာဏ်ရည်တုနည်းပညာသုံးပြီး လုပ်ငန်းတွေ လုပ်ပေးတဲ့ xAI ဆိုတဲ့ စာမျက်နှာ ဖွင့်ခဲ့ပါတယ်။ အေအိုင်သုံးပြီး လူတွေသိချင်တာကို ဖြေပေးနေတဲ့ ChatGPT အစား နောက်ထပ် သုံးစွဲစရာတစ်ခု ရအောင်လို့လို့ ဆိုပါတယ်။